ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး အတွက် မွန်ပြည်သစ် ပါတီနှင့် တနင်္သာရီတိုင်း အစိုးရတို့ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေး

ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး အတွက် မွန်ပြည်သစ် ပါတီနှင့် တနင်္သာရီတိုင်း အစိုးရတို့ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေး
by -
ရွှေဟင်္သာ

တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ မွန်ပြည်သစ် ထိန်းချုပ် နယ်မြေ ဒေသ များ၌ မွန်ပြည်သစ် ပါတီနှင့် တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ တို့အကြား ဖွ့ံဖြိုးရေးနှင့် လုံခြံုရေး ဆိုင်ရာ ကိစ္စရပ် များကို ပူးပေါင်း အကောင် အထည်ဖော် လုပ်ဆောင် သွားရန် ဆွေးနွေး ခဲ့ကြကြောင်း မွန်ပြည်သစ် ပါတီ ပြည်တွင်း ရေးရာ တာဝန်ခံ နိုင်ဝင်းလှက ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ပြောကြားသည်။

“ဒေသခံ ပြည်သူ လူထု တွေက တောင်းဆို ထားတာကြောင့် တနင်္သာရီတိုင်း ဒေသကြီး ထဲက ကျနော်တို့ ထိန်းချုပ် နယ်မြေ ထဲမှာ မွန်မူလတန်း ကျောင်းဆောင် ၃ ဆောင်၊ ကျန်းမာရေး အတွက် သူနာပြုနဲ့ ၀မ်းဆွဲ ဆရာမတွေ ချပေးဖို့ ကိစ္စ ၊ နောက်ပြီး အဲဒီမှာ လုပ်ရှား နေတဲ့ လက်နက်က်ိုင် အဖွဲ့ရဲ့ ပြန်ပေးဆွဲ ငွေတောင်း နေတဲ့ ကိစ္စ တွေပေါ့ ဒေသ လုံခြံု ရေးနဲ့ ပတ်သက်ပြီး ပူးပေါင််း လုပ်ဆောင်ဖို့ ဆွေးနွေး ခဲ့ကြတယ်” ဟု ပြည်တွင်း ရေးရာ တာဝန်ခံလည်း ဖြစ်သူ မွန်ပြည်သစ် ပါတီ ဗဟို အလုပ် အမှုဆောင်လည်း ဖြစ်သည့် နိုင်ဝင်းလှက ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြားသည်။

phophtaw1701

နို၀င်ဘာ (၆) ရက်နေ့တွင်  တနင်္သာရီ တိုင်းဒေသကြီး အစိုးရ ရုံးတွင် မွန်ပြည်သစ် ပါတီမှ ပြည်တွင်း ရေးရာ တာဝန်ခံ နိုင်ဝင်းလှ၊ ဖွံ့ဖြိုးရေးရုံး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး အမ်စိုက်ချမ်း၊ ထားဝယ်ခရိုင် ဥက္ကဌ နိုင်အောင်မငေး၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဉာဏ်ထွန်း တို့နှင့် တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို၊ နယ်လုံ ၀န်ကြီး၊ တိုင်းရဲမှူး၊ နတလ ဖွံ့ဖြိုးရေး အဖွဲ့နှင့် အစိုးရ ရုံးမှ တာဝန်ရှိ သူတို့ အကြား တွေ့ဆုံဆွေးနွေး ခဲ့ကြရာ၌ ယခုကဲ့သို့ သဘောတူ နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ဝင်းလှက ပြောသည်။

မွန်ပြည်သစ် ပါတီ ထိန်းချုပ် နယ်မြေ ဖြစ်သော ထားဝယ်ခရိုင် ဖွံဖြိုးရေး အတွက် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ တို့ကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရက ထောက်ပံ့ သွားမည် ဖြစ်ပြီး ဒေသ အတွင်း လုံခြံုရေး အတွက် ကိုမူ မွန်ပြည်သစ် ပါတီက တာဝန်ယူ လုပ်ဆောင် သွားမည်ဖြစ် ကြောင်း  တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူကလည်း ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

“ကျန်းမာရေးနဲ့ ပညာရေး ကတော့ ကျနော်တို့က လိုအပ်တာ လုပ်ပေး သွားမှာပါ။ ကျနော်တို့က ဖွံ့ဖြိုးရေး အပိုင်းနဲ့ ပတ်သက်ပြီး တာဝန်ယူ သွားမယ်” ဟု ၎င်းကပြောသည်။

ကျန်းမာရေး အပိုင်း အနေနှင့် တိုင်းဒေသကြီး အစိုးရမှ သူနာပြုနှင့် ၀မ်းဆွဲ ဆရာမ များကို ချပေး သွားမည့် ကိစ္စသည် ရေရှည်တွင် မွန်ပြည်သစ် ပါတီ၏ ကျန်းမာရေး ၀န်ထမ်း များနှင့် ပြဿနာများ ထိပ်တိုက် ဖြစ်ပွား နိုင်ဖွယ် ရှိနေသည် ဟုလည်း မွန်ပြည်သစ်ပါတီ ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူး တစ်ဦးက ပြောသည်။

အဆိုပါ တနင်္သာရီ တိုင်းဒေသကြီး ရေဖြူ မြို့နယ် ဘက်တွင် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ အပါအဝင် အခြား မွန်လက်နက်ကိုင် အဖွဲ့ (၂) ဖွဲ့ တို့လည်း အခြေပြု လှုပ်ရှား နေကြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်တွင် မွန်ပြည်နယ် ရေးမြို့နယ်၊ ခေါဇာ မြို့နယ်၌ အမည်မသိ မွန်လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့က အရပ်သား ၅ ဦး ကို ပြန်ပေးဆွဲ ငွေကျပ်သိန်း (၇၀၀) တောင်းခံ ခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျပ်သိန်း ၄၀၀ ပေး၍ ပြန်လွှတ် ပေးခဲ့သည်။

ထိုကိစ္စရပ် များနှင့် ပတ်သက် ၍လည်း အောက်တိုဘာ လကုန် ပိုင်း၌ ထားဝယ် ခရိုင် ခရိုင် ဥက္ကဋ္ဌနှင့် တပ်ရင်မှူး တို့အား မွန်ပြည်သစ် ပါတီ ဌာန ချုပ်မှ ဆင့်ခေါ် ခဲ့ပြီး သတိပေး ခဲ့ပြီး ဖြစ်ကြောင်း သိရှိ ရသည်။

အဆိုပါ ကိစ္စရပ်များ ထပ်မံ မဖြစ်ပေါ် စေရန် မွန်ပြည်သစ် ပါတီမှ လုံခြံုရေး အဖြစ် အကာအကွယ် ပေးသွားမည်ဟု မွန်ပြည်သစ် ပါတီ ပြည်တွင်း ဆက်ဆံရေး တာဝန်ခံ နိုင်ဝင်းလှက ဆက်ပြောသည်။

“အဲတုန်းက ပြည်သူ လူထု တွေက ဒုက္ခ ရောက်ခဲ့ ရတယ် မွန်ပြည်သစ် အနေ နဲ့လည်း အဲဒါကို ကာကွယ် သွားပေးဖို့ တာဝန် ရှိတယ် ပြည်သူ လုထု အေးအေး ဆေးဆေး နေနိုင် သွားဖို့ ကျနော်တို့ ကိုင်တွယ် ပေးသွားမယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီ တိုင်းဒေသကြီး ရေဖြူ မြို့နယ်နှင့် မွန်ပြည်နယ် ရေးမြို့ တောင်ပိုင်း ဒေသ များသည် ယခင်က မွန်ပြည်သစ် ပါတီ ထိန်းချုပ် နယ်မြေ ဖြစ်ခဲ့ သော်လည်း ၁၉၉၅ ခုနှစ် နိုင်ငံတော် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ပြီး နောက်ပိုင်း စစ်တပ်ဖြင့် သွားလာ လှုပ်ရှား ခြင်းကို အစိုးရမှ ကန့်သတ် ပိတ်ပင် ခဲ့သည်။

ထို့နောက်၌ နိုင်ဗင်နှင့် နိုင်ချမ်းဒိန်း တို့ ဦးဆောင်သော လက်နက်ကိုင် တပ်ဖွဲ့များ ပေါ်ပေါက် လာပြီး အဆိုပါ ဒေသ များတွင် လှုပ်ရှား နေခဲ့သည်။

ယခု ကဲ့သို့ မွန်ပြည်သစ် ပါတီနှင့် တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့၏ ဒေသ ဖွ့ံဖြိုးရေးနှင့် နယ်မြေ လုံခြံုရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မည့် အနေ အထား၏ အောင်မြင်မှု ရှိမရှိ ကိုမူ မှတ်ချက် မပြုလို သော်လည်း စောင့်ကြည့် သွားရမည် ဟု ရေဖြူ မြို့နယ် မွန်ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ (၃၀) ရက်နေ့ ၌လည်း မွန်ပြည်နယ် အတွင်းရှိ မွန်ပြည်သစ် ပါတီ ထိန်းချုပ် နယ်မြေများ အတွင်း၌ လျှပ်စစ်မီး၊ လမ်း၊ တံတား၊ စာသင်ကျောင်းဆောင် ၊ ရေကန်နှင့် သောက်သုံးရေ ပိုက်များ သွယ်တန်းခြင်း စသည့် အသေးစား ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်နိုင်ရန် အတွက် ဂျပန် အေဂျင်စီ JICA - Japan International Co-Operation Agency မှ ထောက်ပံ့မှု ပေးအပ်ရန် အတွက် မွန်ပြည်သစ် ပါတီနှင့် မွန်ပြည်နယ် အစိုးရ အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး မှုများ ပြုလုပ် ခဲ့သေးသည်။