မြန်မာ နိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟောင်း အစား ဖက်ဒရယ် စနစ်အား အာမခံသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် တစ်ရပ် ပြန်လည် ရေးဆွဲ နိုင်ရန် အမေရိကန် အစိုးရမှ မြန်မာ အစိုးရအား ဖိအားပေး တောင်းဆို နိုင်ရေး အတွက် နိုဝင်ဘာလ (၁၁) ရက်နေ့ ရက်စွဲဖြင့် ကချင် အဖွဲ့ အစည်းများမှ အမေရိကန် သမ္မတ အိုဘားမားအားထံ အိတ်ဖွင့် ပေးစာ ရေးသား ပေးပို့ ခဲ့သည်။
“အမေရိကန် သမ္မတ လာတဲ့ အချိန်မှာ မြန်မာနိုင်ငံ အနေနဲ့ လည်းပဲ နိုင်ငံရေး အပြောင်း အလဲနဲ့ မူဝါဒများ လုပ်ဆောင် နိုင်မယ်၊ ဒါမှမဟုတ် သူလာတဲ့ အချိန်မှာ ဆွေးနွေး ဆုံးဖြတ်ချက် များအရ အနာဂါတ်မှာ ကျွန်မတို့ နိုင်ငံရေး အပြောင်း အလဲ လည်းဘဲ ဖြစ်လာ နိုင်တဲ့ အတွက် သူသိသင့် သိထိုက်တဲ့ အချက် တွေကို ပြောပြပြီး ကျွှန်မ တို့က ဒီလို လိုချင် ပါတယ် ဆိုပြီး ပြောလိုက် ပါတယ်” ဟု အိတ်ဖွင့် ပေးစာနှင့် ပတ်သက်၍ ပြောရေး ဆိုခွင့် ရှိသူ ကချင် ငြိမ်းချမ်ရေး ကွန်ယက်မှ ဒေါ်ခွန်ဂျာက ရွှေဟင်္သာ သတင်းဌာသို့ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ပြောကြား ခဲ့သည်။
လက်ရှိ ဖြစ်ပွား နေသည့် နိုင်ငံရေး ပြသနာနှင့် တိုင်းရင်းသား ပြသနာ များ၏ အနှစ်ချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပေါ်တွင် အခြေခံ နေသောကြောင့် ၎င်းဖွဲ့စည်းပုံ အဟောင်း အစား ဖက်ဒရယ် စနစ်အား အာမခံသည့် ဖွဲ့စည်းပုံ အသစ် ပြန်လည် ရေးဆွဲ နိုင်ရေးအတွက် အမေရိကန် အစိုးရမှ မြန်မာ အစိုးရ အပေါ် ဖိအားပေး နိုင်ရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဒေါ်ခွန်ဂျာက ဆက်ပြောသည်။
ပြည်တွင်း ပြည်ပနှင့် နိုင်ငံတကာရောက် ကချင် အဖွဲ့အစည်း (၂၈) ဖွဲ့မှ စုစည်း ရေးသား ထားသည့် အဆိုပါ သမ္မတ အိုဘားမားသို့ လိပ်မူ ခဲ့သည့် အိတ်ဖွင့် ပေးစာ ၌လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ရေးဆွဲရေး ၊ အမျိုးသား ရင့်ကြားစေ့ ရေးအား ဝင်ရောက် ပါဝင် ဆောင်ရွက်ရန် ၊ စစ်ပြေး စစ်ရှောင် ဒုက္ခသည်များ အရေး အကူအညီ ပေးရန် အပါအဝင် အချက် (၆) အား ထည့်သွင်း ရေးသား ထားသည်။
ထို့ပြင် အမေရိကန် အစိုးရ အနေဖြင့် မြန်မာ့ တပ်မတော်နှင့် စစ်ရေး အရ ပူးပေါင်းမှုအား ရှောင်ကြည်ရန်နှင့် တိုင်းရင်းသား ဒေသ များတွင် ငြိမ်းချမ်းရေး တည်ဆောက်မှု ကိုအားပေး အထောက် အကူ ပြုသည့် နိုင်ငံခြား ရင်းနှီး မြုပ်နှံ မှုကိုသာ အကောင်အထည် ဖော်ရန်လည်း တိုက်တွန်း ရေးသား ထားသည်။
သို့သော်လည်း မြန်မာ့ နိုင်ငံရေး ပြသနာ ပြေလည် စေရေး နိုင်ငံ တကာ ဖိအား ပေးမှုနှင့် အားပေး ကူညီ မှုသည် အသင့် အသင့်သာ သက်ရောက်မှု ရှိ၍ အချင်းချင်း ညှိနှိုင်း ဖြေရှင်းခြင်း သည်သာလျှင် မှန်ကန်သည့် ဖြေရှင်းနည်း ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး အရာရှိ ဦးလှ မောင်ရွှေက ရွှေဟင်္သာ သတင်းဌာနသို့ နိုဝင်ဘာလ (၁၂) ရက်နေ့က သုံးသပ် ပြောကြား ခဲ့သည်။
“ကျွန်တော်တို့ အားလုံး ကိုယ်တိုင်က အချင်းချင်း ညှိနှိုင်း ပြီးတော့ အဖြေရှာ တာက ၊ တစ်ကယ့် ကျွန်တော်တို့ရဲ့ လိုရင်း ဆန္ဒကို ရမယ်လို့ပဲ ကျွှန်တော် မြင်တယ်၊ ကျွန်တော်တို့ နိုင်ငံရဲ့ ပုံသဏ္ဍာန် အရ ကိုက အချင်းချင်း ညှိနှိုင်း ပြီးတော့ လုပ်တာက ပိုပြီး ထိရောက် မယ်လို့ ယုံကြည်တယ်၊ နိုင်ငံတကာကို အကူအညီ တောင်းခြင်း ကိုတော့ ကျွန်တော့် အနေ နဲ့တော့ ဘာမှတော့ မှတ်ချက် မပေးလို ပါဘူး” ဟု ဦးလှမောင်ရွှေက ပြောဆိုသည်။
မြန်မာ နိုင်ငံ၏ ၂၀၁၀ အသွင် ကူးပြောင်းမှု ကာလမှ လေးနှစ်ကြာ ယနေ့ အထိတွင် ကမ္ဘာ့ အင်အားကြီး နိုင်ငံ တစ်ခု ဖြစ်သည့် အမေရိကန် နိုင်ငံ ဥသျှောင် သမ္မတ အိုဘားမား အနေဖြင့် နှစ်ကြိမ် တိုင်တိုင် လာရောက် ခဲ့သည် မှာလည်း မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲ မှုကို အသိအမှတ် ပြုသည့် အနေဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း သုံးသပ် သည်ဟု ဦးလှ မောင်ရွှေက ဆက်ပြောသည်။
ဤမြန်မာ နိုင်ငံ ခရီးစဉ်သည် အမေရိကန် သမ္မတ ဘားရက်အို ဘားမား၏ ဒုတိယ အကြိမ်မြောက် ခရီးစဉ် ဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ပထမအကြိမ် လာရောက် ခဲ့ပြီး ဖြစ်သည်။
(၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ရောက်ရှိ လာသည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် မြန်မာနိုင်ငံ၌ နိုဝင်ဘာလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့ အထိ နေထိုင်မည် ဖြစ်ကာ ထိုအတော အတွင်း နိုင်ငံတော် သမ္မတ အပါအဝင် အစိုးရ အဖွဲ့၊ လွှတ်တော် အမတ်များနှင့် အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့နှင့် တွေ့ဆုံရန် ရှိကြောင်း သိရှိ ရသည်။
သို့သော်လည်း တိုင်းရင်းသား အဖွဲ့မှ ကိုယ်စားလှယ် များနှင့်မူ တွေ့ဆုံရန် အစီအဉ် မရှိ သဖြင့် တိုင်းရင်းသား နိုင်ငံရေး ပြသနာ ရပ်များ ဖြေရှင်း နိုင်ရေး အမေရိကန် သမ္မတ အိုဘားမားထံ ချဉ်းကပ် နိုင်ရန် ခက်ခဲကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးစိုင်းလိတ်က ရွှေဟင်္သာ သတင်းဌာနသို့ နိုဝင်ဘာလ (၁၂) ရက်နေ့၌ သုံးသပ် ပြောကြား ခဲ့သည်။
“သမ္မတ အိုဘားမား အနေနဲ့က တိုင်းရင်းသား တွေကို လုံးလုံးလျားလျား ကိုယ်စားပြုတယ် ဆိုတဲ့ ပုဂ္ဂိုလ် အဖွဲ့ အစည်း နဲ့တော့ တွေ့ဖို့ မရှိဘူး ဆိုတာ တွေ့ရတယ်၊ ကျွှန်တော်တို့ အနေနဲ့ စာပေးရုံက လွဲလို့ ဘာမှ မတတ်နိုင်ဘူး၊ သမ္မတကြီး ကိုယ်တိုင်က လိုလို လားလားနဲ့ တိုင်းရင်သား တွေရဲ့ ကိစ္စကို စိတ်ပါ ဝင်စားပုံ မရှိ သေးရင်တော့ ချဉ်းကပ် ရတာ မလွယ် ဘူးလို့ ကျွှန်တော်တို့ သုံးသပ်တယ်” ဟု ဦးစိုင်းလိတ်က သုံးသပ် ပြောကြား ခဲ့သည်။
သမ္မတ အိုဘားမား၏ မြန်မာ နိုင်ငံ ခရီး စဉ် မတိုင်ခင် ၌လည်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့အား သီးသန့် တယ်လီဖုန်းဖြင့် ဆက်သွယ်မှု ပြလုပ် ခဲ့ပြီး ဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် အမေရိကန် အစိုးရ၏ ထောက်ခံမှု သဘောထား များကို ထည့်သွင်း ပြောကြား ခဲ့သည်။
သမ္မတ အိုဘားမား၏ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း၌ လာမည့် ၂၀၁၅ ရွေးကောက် ပွဲအား လွတ်လပ်၍ တရား မျှတမှု ရှိစွာ ကျင်းပပေးရေး၊ အခြေခံ ဥပဒေ ပြင်ဆင် နိုင်ရေးနှင့် ၊ ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့်အား ပိတ်ပင်ထားသည့် ဥပဒေ ကိစ္စရပ် များအား ဖိအားပေး ပြောကြားရန် အမေရိကန် ကွက်ဂရက် အမတ်များက သမ္မတ အိုဘားမားအား တိုက်တွန်း ပြောကြား ထားသည်။