ထိပ်သီး အစည်းအဝေးနှင့် ချိန်ကိုက် ၀င်ရောက် လာသည်ဟု ဆိုသော အကြမ်းဖက် (RSO) အဖွဲ့ဝင်များကို မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ စီစစ် ရှာဖွေနေ

ထိပ်သီး အစည်းအဝေးနှင့် ချိန်ကိုက် ၀င်ရောက် လာသည်ဟု ဆိုသော အကြမ်းဖက် (RSO) အဖွဲ့ဝင်များကို မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ စီစစ် ရှာဖွေနေ
by -
ရွှေဟင်္သာ

ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံ နယ်စပ် ဖြတ်ကျော် မဲဆောက်-မြဝတီ လမ်းကြောင်းမှ တဆင့် မွန်ပြည် နယ် မော်လမြိုင် မြို့သို့ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ (RSO) အဖွဲ့မှ အကြမ်းဖက် သမား (၄) ဦး ၀င်ရောက် လာခဲ့ကာ ၎င်းတို့အား ဖမ်းဆီး ရနိုင်ရေး အတွက် မွန်ပြည်နယ်ရဲ တပ်ဖွဲ့မှ အပူတပြင်း လိုက်လံ စုံစမ်း ရှာဖွေ နေသည်ဟု မွန်ပြည်နယ် နယ်စပ် ကာကွယ်ရေးနှင့် လုံခြံုရေး ၀န်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် က နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ရွှေဟင်္သာ သတင်း ဌာနသို့ အတည်ပြု ပြောကြား ခဲ့သည်။

“ဒီအကြမ်းဖက် သမား (၄) ဦးက မြဝတီ ကနေ ၀င်လာတယ်။ ဖမ်းလို့ မမိ သေးတော့ သူတို့ ဘယ်လို သူတို့ရဲ့ ဦးတည် ချက်နဲ့ လာတယ် ဆိုတာ အတည်ပြု ပြောဖို့ ခက်နေတယ်။ ရှာဖွေ နေဆဲဘဲ။ ရှိသမျှ နယ်ထိန်း တွေရော၊ ရဲတပ်ဖွဲ့ တွေရော အကုန်ရှာဖွေ နေပါတယ်၊ လူထု တွေနဲ့ရော ဧည့်စာရင်း စစ်တယ်” ဟု မွန်ပြည်နယ် နယ်/လုံ ၀န်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်က ပြောသည်။

tay myint aung

ထိုသို့ မွန်ပြည်နယ် အတွင်းသို့ ဝင်ရောက် လာခဲ့သည့် (RSO) ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့မှ အကြမ်းဖက် သမားများဟု ယူဆ ရသည့် လူ (၄) ဦး၏ ဓါတ်ပုံနှင့် ကိုယ်ရေး အချက်အလက် များကို မော်လမြိုင်မြို့ လမ်းဆုံ လမ်းခွ များတွင် ကြေညာ ထားပြီး ပြည်သူ များကို အသိပေး ထားသည်ဟု မွန်ပြည်နယ် မော်လမြိုင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှလည်း ရွှေဟင်္သာ သတင်း ဌာနသို့ နိုဝင်ဘာလ (၁၀) ရက်နေ့၌ အတည်ပြု ပြောဆို ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး (RSO) အဖွဲ့မှ ပြည်တွင်း လှုပ်ရှားမှု တာဝန်ခံ သန်းဝင်း၊ အဖွဲ့ဝင် အိုစမာ (ခ) ဒါ၀တ်၊ အစ္စလာမ်မစ် စစ်သွေးကြွှ တိုက်ခိုက်ရေး သင်တန်းဆင်း အာဖက် (ခ) အမင်းနှင့် အစ္စလာမ်မစ် စစ်သွေးကြွှ အကူ ဖောက်ခွဲရေး သမား အီစမိုင် (ခ) ဇော်ဝင်းတို့ ဖြစ်ကြကြောင်း ဓာတ်ပုံနှင့် တကွ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ သတိပေး ကြေညာ ထားခဲ့သည်။

ထို့ပြင် လာမည့် နိုဝင်ဘာ (၁၂) ရက်မှ (၁၃) ရက်အထိနေပြည်တော်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် အချိန်ကိုက်ပင် ဤကဲ့သို့ အကြမ်းဖက် သမားများ ၀င်ရောက် လာခဲ့ကြောင်း သတင်း ထွက်ပေါ် လာခြင်း သည်လည်း ထိပ်သီး အစည်းအဝေး အတွက် လုံခြံုရေး အရ စိတ်ပူစရာ အနေ အထားတွင်ရှိ နေသည်ဟု မွန်ပြည်နယ် လူမှုရေး ၀န်ကြီး ဒေါက်တာ လှဦး ကလည်း ရွှေဟင်္သာ သတင်းဌာနသို့ နိုဝင်ဘာလ (၁၀) ရက်နေ့၌ ပြောကြား ခဲ့သည်။

“သတိ ရှိတာတော့ ပိုကောင်း တာပေါ့။ အခုလဲ ထိပ်သီး အစည်းအဝေး (အာဆီယံ) လုပ်မယ့် အချိန် ဆိုတော့ တိုင်းပြည်မှာ ၀ုန်ဒိုင်း ပေါက်ကွဲ တာတော့ မကောင်း ဘူးပေါ့။ ကမ္ဘာ့ အသိုင်းအဝိုင်း မှာလဲ မကောင်း ဘူးပေါ့။ ရဲတပ်ဖွဲ့တွေ အနေနဲ့ ကလဲ အမြန် ဖေါ်ထုတ် ပေးနိုင်ရင် ကောင်းတာပေါ့။ သူတို့လဲ အမြန်ဖေါ် ထုတ်နိုင် နိုင်ဖို့ ကြိုးစား နေတာကို တွေ့ရတယ်” ဟု ၀န်ကြီး ဒေါက်တာ လှဦးက ရွှေဟင်္သာ သတင်းဌာနသို့ ပြောသည်။

သို့သော်လည်း ထို (RSO) အုပ်စု၏ အကြမ်းဖက် လုပ်ရပ် များကို ကာကွယ်ရန် အာဆီယံ အစည်းအဝေး အတွက် လုံခြံုရေး ဌာနမှ ကော်မတီ ဖွဲ့စည်း ထားပြီး အဆိုပါ အဖွဲ့မှ တဆင့် တစ်နိုင်ငံ လုံးကို လုံခြံုရေး ဆိုင်ရာ ကိစ္စရပ် များကို ကိုင်တွယ် လုပ်ဆောင် နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ညွှန်ကြား ရေးမှူး ရဲမှူးကြီး မောင်စိုးက ရွှေဟင်္သာ သတင်း ဌာနသို့ နိုဝင်ဘာလ (၁၀) ရက်နေ့၌ အတည်ပြု ပြောကြား ခဲ့သည်။

ထိုအာဆီယံ ထိပ်သီး အစည်းအဝေး လုံခြံုရေး အတွက် နေပြည်တော်နှင့် ဆက်စပ် ခရိုင် များတွင် ရဲတပ်ဖွဲ့ဝင် အင်အား နှစ်သောင်း ကျော်နှင့် လုံခြံုရေး အင်အား တိုးမြင့် ထားပြီး နေပြည်တော်၌ လုံခြံုရေးကို အနီရောင် အဆင့် သတ်မှတ် ထားကာ ၊ ဆက်စပ် ခရိုင် များကို အဝါရောင် အဆင့် သတ်မှတ် ထားသည်။

နေပြည်တော်၌ လာမည့် နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပရန် ရှိသည့် အာဆီယံ ထိပ်သီး အစည်း အဝေးအား အာရှနှင့် အရှေ့တောင် အာရှ နိုင်ငံ များမှ ထိပ်သီး ခေါင်းဆောင်များ အပါအဝင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားလည်း ပါ၀င် တက်ရောက်ရန် ရှိကြောင်း သိရှိ ရသည်။