ဒုက္ခသည် များအား အတင်းကြပ် နေရပ် ပြန်ပို့မည် မဟုတ်ဟု TBC ပြောကြား

ဒုက္ခသည် များအား အတင်းကြပ် နေရပ် ပြန်ပို့မည် မဟုတ်ဟု TBC ပြောကြား
by -
ရွှေဟင်္သာ

ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည် စခန်း များမှ ဒုက္ခသည် များအား နေရပ်ရင်း ပြန်နိုင်ရေး ဖိအားပေး သွားမည် မဟုတ်ကြောင်း TBC (ခေါ်) နယ်စပ် တလျှောက် ကယ်ဆယ် စောင့်ရှောက်ရေး ညွန့်ပေါင်း ကော်မိီတီမှ အလှူရှင် အဖွဲ့ များနှင့် ဆက်သွယ်ရေး ဒါရိုက်တာ  Mr Duncan Mc Arthur က ရွှေဟင်္သာ သတင်း ဌာနသို့ နိုဝင်ဘာလ (၇) ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

“TBC က နေပြီးတော့ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ဖို့ ဖိအားပေးမယ့် အစီအစဉ် လုံးဝ မရှိပါဘူး၊ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင် ဖို့က ပြင်ဆင် ရဦးမယ့် အရာတွေ အများကြီး ရှိပါတယ်၊ ဒါတွေ ပြင်ဆင် နိုင်ဖို့ သက်ဆိုင်ရာ နို်င်ငံ အစိုးရ တွေရဲ့ လုပ်ဆောင်ချက် တွေကလည်း အရေးပါ ပါတယ်၊ အထူး သဖြင့် မြန်မာ့ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု ရှိလာနိုင်မလား ဆိုတာပေါ့၊ ဒုက္ခသည်တွေ နေရပ် ပြန်ဖို့က လူသား တစ်ဦးရဲ့ လူသား ဂုဏ်သိက္ခာ ရှိရှိ ရပ်တည် နိုင်ဖို့နဲ့ လုံခြံုရေး ဆိုင်ရာ အာမခံချက် ပေးနိုင်ရေး တို့ကိုလည်း ထည့်သွင်း စဉ်းစား ရပါမယ်” ဟု TBC အဖွဲ့၏ ဆက်သွယ်ရေး ဒါရိုက်တာ  Mr Duncan Mc Arthur က ပြောသည်။

phophtaw0801

ထို့အတူ အစောပိုင်း ကာလ များတွင် သတင်းများ ထွက်ပေါ် နေသကဲ့တို့ မြန်မာ အစိုးရနှင့် ထိုင်းအစိုးရ တို့အကြား ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း များနေ မြန်မာ ဒုက္ခသည်မျး နေရပ် ပြန်ရေးအတွက် သဘောတူ ထားမှု ရှိခဲ့ကာ ထိုင်းအစိုးရမှ TBC အဖွဲ့အား ဒုက္ခသည်များ နေရပ် ပြန်ပို့ရေး ဖိအားပေး မှုများ ရှိသည်ဟု ဆိုသော သတင်း မှာလည်း မှန်ကန်မှု မရှိကြောင်း Mr Duncan Mc Arthur က ပြောကြား သွားခဲ့သည်။

လက်ရှိ အခြေ အနေတွင် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ လုပ်ဆောင် နေပြီး အတန်အသင့် ပြောင်းလဲ လာသော မြန်မာ့ နိုင်ငံရေး အခြေအနေ များကြောင့် နေရပ်ရင်း သို့ ပြန်သွား ကြသူများ ရှိသော်လည်း နည်းပါး လွန်းသည်ဟု Mr Duncan Mc Arthur မှ ဆက်ပြောသည်။

“ကျွန်တော်တို့ ပြုစု ထားတဲ့ စာရင်းအရ (၂၀၁၃) ခုနှစ် တုန်းက စခန်းနေ ဒုက္ခသည်ပေါင်း (၄၃၀၀) ကျော် မြန်မာပြည် ပြန်သွား ကြတယ်။ ၂၀၁၄ ခုနှစ် မှာတော့ (၂၀၀) ကျော် လောက်ဘဲ ပြန်တာ တွေ့ရ တယ်။ ဒီပြန်သွားကြတဲ့ ပမာဏနဲ့ စခန်းမှာ ရှိနေတဲ့ ဒုက္ခသည် ဦးရေ တသိန်း နှစ်သောင်းကျော် အရေအတွက်နဲ့ နှိုင်းယှဉ် ကြည့်ရင် ပြောပ လောက်တဲ့ ပမာဏတော့ မဟုတ်ဘူး” ဟု Mr Duncan Mc Arthur မှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များအကြား မရေရာ သေးသည့် ငြိမ်းချမ်းရေး ဆွေးနွေး မှု အခြေ အနေများကြောင့် ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်း များနေ ဒုက္ခသည်များ အနေဖြင့် နေရပ် ရင်း ပြန်လည် အခြေချရေး ဒုက္ခသည် များအကြား စိုးရိမ် ကြောက်လန့် မှုများ ရှိနေဆဲ ဖြစ်ကြောင်း TBC နယ်စပ်တလျှောက် ကယ်ဆယ် စောင့်ရှောက်ရေး ညွန့်ပေါင်း ကော်မီ၏ ပြောရေး ဆိုခွင့် ရှိသူ မနီလာမြိုင် ကလည်း ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

“အခု လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲဟာ ရှေ့မဆက်နိုင် သေးဘူး ဆိုတော့ မြန်မာ နိုင်ငံ အရှေ့တောင် ပိုင်း ဒေသ များမှာ ရှိနေတဲ့ နေရပ် စွန့်ခွာ နေရတဲ့ သူတွေ အနေနဲ့ သူတို့ရဲ့ လုံခြံုရေး အတွက် အများကြီး စိုးရိမ် ပူပန်မှုတွေ ရှိနေ တာပေါ့နော်။ ဒီဆွေးနွေးပွဲတွေ မပြီး နိုင်တဲ့ အပေါ်မှာ သူတို့ တန်ဆာခံ ဖြစ်နေ ဦးမှာပဲ” ဟု မနီလာမြိုင် က ပြောသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသ များတွင် လက်နက်ကိုင် ပဋိပက္ခ အကျိုးဆက်ကြောင့် ထိခိုက် နစ်နာမှု ရှိနေသည့် ပြည်သူများ အနေနှင့် အကာကွယ် ပေးရေးနှင့် လုံခြံုရေး အခြေအနေ အတွက် စိုးရိမ် ပူပန် နေ ရကြောင်း TBC ခေါ်နယ်စပ် တလျှောက် ကယ်ဆယ် စောင့်ရှောက်ရေး ညွန့်ပေါင်း ကော်မိီတီမှ နိုဝင်ဘာလ ရ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် ၂၀၁၄ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြ ထားသည်။

ဒုက္ခသည် များအနေနှင့် နေရပ်ရင်း ပြန်ရေး ဆိုရာ၌လည်း လက်ရှိ၌ တိုက်ပွဲများ၊ စစ်အခြေစိုက် စခန်းများ ချထားခြင်း အပေါ် လုံခြံုမှု အရ စိုးရိမ် နေရကာ အထောက်အပံ့ အကူအညီများ ရရှိရန် အတွက်လည်း မရေရာသည့် အခြေအနေ ဖြစ်နေကြောင်း ကရင် ဒုက္ခသည် ကော်မီတီအဖွဲ့၏ တွဲဘက် အတွင်းရေး မှူး နော်ဘလူး မင်းနိုင်ဇံက ပြောသည်။

ငြိမ်းချမ်းရေး စကားတွေ ပြောတယ်။ တိုက်ပွဲတွေလဲ ဖြစ်နေတယ်။ အဲဒီ အခြေအနေက စိုးရိမ်စရာ ပေါ့နော်။ သူတို့ အတွက် လုံခြံုမှု မရှိဘူး ဆိုတာ စစ်တပ်က အဲဒီရွာ အနီးတွေမှာ စခန်း ချထားတယ်။ နေရာ မရွှေ့ဘူး။  မြေမြုပ် မိုင်းတွေလဲ မရှင်းရ သေးတဲ့ တချက်ရယ်။ နောက်ပြီးတော့ နေရာ ထိုင်ခင်း ကိစ္စပေါ့။ လူသားချင်း စာနာတဲ့ အထောက် အပံ့တွေ မရှိတဲ့ အတွက် စိုးရိမ် ပူပန် နေရတဲ့ အခြေအနေ ရှိနေ ပါသေးတယ်” ဟု နော်ဘလူး မင်းနိုင်ဇံက ပြောသည်။

မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တို့အကြား ဖြစ်ပွါး နေသည့် လက်နက်ကိုင် ပဋိပက္ခ အကျိုးဆက်ကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ တိုးပွါး လာနေပြီး လက်ရှိ ထိုင်းမြန်မာ နယ်စပ်တွင် ရပ်တည် နေသည့် ဒုက္ခသည် များအတွက် ရေရှည်တွင် ထောက်ပံ့ အကူအညီ ပေးရန် အခက်အခဲ ရှိနေသည် ဟုလည်း TBC အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ မနီလာမြိုင် မှပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်း၌ ဒုက္ခသည် များအား ထောက်ပံ့ ပေးရေး အတွက် TBC အား အကူအညီ ပေးနေသည့် အလှူရှင် အဖွဲ့များမှ ထောက်ပံ့မှု ပမာဏအား လျော့ချ ခဲ့ခြင်း များလည်း ရှိခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်တွင် ရှိသည့် TBC နယ်စပ်တလျှောက် ကယ်ဆယ် စောင့်ရှောက်ရေး ညွန့်ပေါင်း ကော်မီ တီမှ အကူ အညီ ပေးနေသော ဒုက္ခသည် စခန်းပေါင်း (၉) ခု ရှိကာ ဒုက္ခသည် ဦးရေ တသိန်း နှစ်သောင်းကျော် ရှိနေသည်ဟု TBC မှတ်တမ်းအရ သိရသည်။

Most read this week