PNLO နှင့် အစိုးရ သဘောတူ ထားသည့် ဘိန်း ပပျောက်ရေး စီမံကိန်း အကောင်အထည် မဖော်နိုင်သေး

PNLO နှင့် အစိုးရ သဘောတူ ထားသည့် ဘိန်း ပပျောက်ရေး စီမံကိန်း အကောင်အထည် မဖော်နိုင်သေး
by -
ရွှေဟင်္သာ

အစိုးရနှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ နှစ်ဖက် အပစ်အခတ် ရပ်စဲစဉ် သဘော တူညီ ထားခဲ့သည့် မူးယစ် ဆေးဝါး တိုက်ဖျက်မှု လုပ်ငန်းစဉ် များအား အပစ်ရပ်ရေး လက်မှတ် ရေးထိုးပြီး နှစ်နှစ်ကျော် ကြာခဲ့ သည့်တိုင် အကောင်အထည် မဖော်နိုင် သေးကြောင်း PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ရွှေဟင်္သာ သတင်း ဌာနသို့ နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြောကြားသည်။

“ကျနော်တို့ ပြည်ထောင်စု အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ထဲမှာ မူးယစ် ဆေးဝါး ကင်းစင် ပပျောက်အောင် ဆောင်ရွက်ဖို့ သဘောတူ လက်မှတ် ရေးထိုး ထားတယ်၊ လောလောဆယ် အားဖြင့်တော့ ဒီအစိုးရ ဖိတ်ကြားတဲ့ မူးယစ် ဆေးဝါး နှိမ်နှင်းရေး၊ ပညာပေးရေး အစည်း အဝေးကို တက်ရတာ လောက်ပဲ ရှိတယ်၊ လက်တွေ့ မှာတော့ ဘာမှ မလုပ်နိုင် သေးဘူး” ဟု ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

phophtaw0602

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ တို့အကြား ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့သည်။

ထိုစဉ်ကတည်း ကပင် ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ပါ အချက် (၅) (င) တွင် “မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက် ရေးနှင့် အစားထိုး သီးနှံ စိုက်ပျိုးရေးကို နိုင်ငံတော်မှ ကူညီ ပံ့ပိုးရန်” ဆိုသည့် အချက်အား သဘောတူ ထားခဲ့သည်။

တနိုင်ငံလုံး အတိုင်းအတာ အားဖြင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ဘိန်းထုတ်လုပ်မှု တန်ချိန် ၈၇၀ ရှိခဲ့ကာ ထိုထဲမှ တစ်တန် ခန့်ကိုသာ အစိုးရမှ ဖမ်းဆီး မိ၍ ဖျက်ဆီး နိုင်ခဲ့ ကြောင်းလည်း အောက်တိုဘာလ ၂၄ ရက်နေ့၌ ထုတ်ပြန် ထားသည့် ပအိုဝ်း လူငယ် အစည်းအရုံး (PYO) နှင့် တောင်တန်း ဒေသ လူမှု ဖွံ့ဖြိုးရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ (AHLSD) ပူးပေါင်း အစီရင် ခံစာ တစ်စောင် ဖြစ်သည့် “ဘိန်းနွံ အတွင်းက ငိုရှိူက်သံ” အစီရင် ခံစာ၌ ဖော်ပြ ထားသည်။

မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်မှ ၁၉၆၄ ခုနှစ်မှ စတင်၍ ၂၀၁၄ ခုနှစ်တိုင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အတွက် စီမံ ကိန်းကြီး သုံးခုအား အကောင်အထည် ဖော်ခဲ့ရာ၌ (၃၄) နှစ် ကြာခဲ့ပြီ ဖြစ်သော်လည်း ကမ္ဘာ ပေါ်တွင် ဒုတိယမြောက် ဘိန်းစိုက်ပျိုးမှု အများဆုံး နိုင်ငံ အဖြစ် ဆက်လက် ရပ်တည် နေဆဲ ဖြစ်ကြောင်း “ဘိန်းနွံ အတွင်းက ငိုရှိူက်သံ” အစီရင် ခံစာ၌ ဆက်လက် ဖော်ပြ ထားသည်။

အထူး သဖြင့် ရှမ်းပြည်နယ်တွင် ဘိန်းအများဆုံး စိုက်ပျိုး ထုတ်လုပ်နေပြီး ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း (၄၀) ကျော် တို့၌ ဘိန်းစိုက်ပျိုး နေကြောင်းလည်း ရှမ်း မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်းက ပြောသည်။

“ဒီငြိမ်းချမ်း ဖြစ်စဉ် ဖြစ်လာတဲ့ နောက်ပိုင်းမှာ ပြည်သူ့စစ် တွေရဲ့ ကဏ္ဍက ပိုပြီး ကြီးမား လာတယ်၊ ဒီမူးယစ် ဆေးဝါးနဲ့ ပတ်သက်ပြီး သူတို့က အရင် ကတည်းက ပတ်သက် ခဲ့တယ်၊ အခုလည်း ဆက်လုပ် နေတယ်၊ ဒီပြီးခဲ့တဲ့ ရာသီ ဆိုရင် ပိုတောင် စိုက်သေးတယ်” ဟု ဦးခွန်စိုင်းက ပြောသည်။

ရှမ်းပြည်နယ် အတွင်း ပလောင် လူမျိုးတွေ အများစု နေထိုင်ရာ ဒေသ ဖြစ်သည့် မိုင်းတုန်၊ ကွတ်ခိုင်၊ နမ့်ခမ်း ဒေသ များ၌ ဘိန်းစိုက်ပျိုး မှုများ တိုးပွား လာနေကာ ဒေသခံ များမှ မြန်မာ အာဏာပိုင်၊ ဒေသခံ ပြည်သူ့စ် အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအား အခွန် အခ ပေး၍ စိုက်နေ ကြကြောင်း မိုင်းတုန် ဒေသခံ တဦးကလည်း ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

“ဒေသခံတွေ အတွက် ကတော့ ဒီဘိန်းက ၀င်ငွေ တချို့ အဆင်ပြေအောင် ရတဲ့ နည်းလမ်းနဲ့ ပိုက်ဆံပေး ပြီးတော့ စိုက်ကြတယ်။ ဒီဘိန်းက စိုက်တာ ကလဲ သူတို့ရဲ့ စားဝတ်နေရေး တချို့ လူထုတွေ အတွက်က ထိခိုက်မှု ရှိတယ်လို့ ပြောပေ မယ့်လဲ ဒီဘိန်းက ဆိုးကျိုး ကြတော့ တခုလုံးကို နစ်နာ တယ်လေ။ အဲဒီဘက် မှာက မူးယစ်ဆေးဝါး သုံးတဲ့သူ လူကြီး တွေရော လူငယ် (၈၀) ကျော် ရာခိုင်နှုန်းက ဘိန်းတွေ မြင်းဆေးတွေ သုံးစွဲတဲ့ အပိုင်းက အများကြီး ရှိတယ် ခင်ဗျ” ဟု အမည် မဖော်လိုသည့် မိုင်းတုန် ဒေသခံ တစ်ဦးက ပြောသည်။

ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု များအား လျော့ချ နိုင်ရန် အတွက် တိုင်းရင်သား လက်နက်ကိုင် တပ်တွေ များနှင့် အစိုးရ အာဏာပိုင် တို့အကြား ခိုင်ခိုင်မာမာ ပူးပေါင်း လုပ်ဆောင်ရန် လိုအပ် နေကာ အစိုးရ သြဇာခံ ပြည်သူ့စစ် အဖွဲ့ များ၏ ဘိန်းစိုက်ပျိုး နေမှု များကိုလည်း ကိုင်တွယ်ရန် လိုအပ် နေကြောင်း ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်းက ဆိုသည်။

ထို့အတူ ဒေသခံ များ၏ ဘိန်းစိုက်ပျိုး နေမှု များအား လျော့ချရန် အတွက် ဝင်ငွေ ရရှိ စေရန် ဘိန်းအစားထိုး သီးနှံ စိုက်ပျိုး ရန်နှင့် ထိုသီးနှံများအား ရောင်းချ နိုင်ရန် စျေးကွက် ရရှိအောင် ဖန်တီး ပေးရန် လိုအပ် ကြောင်းလည်း ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန် မြင့်ထွန်းက အကြံုပြု ပြောကြားသည်။

မြန်မာ နိုင်ငံသည်၂၀၁၂ ခုနှစ်၌ ဘိန်းစိုက်ပျိုးမှု ဟက်တာပေါင်း ၅၁,၀၀၀ (ငါးသောင်း တစ်ထောင်) ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၅၇, ၈၀၀ (ငါးသောင်း ခုနှစ်ထောင် ရှစ်ရာ) ဟက်တာ အထိ ပိုမို စိုက်ပျိုး လာပြီး ယခင် ၂၀၁၂ ထက် ၁၃ ရာခိုင်နှုန်း တိုး၍ စိုက်ပျိုး လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှု ဆို်င်ရာရုံး (UNODC) က ထုတ်ပြန် ခဲ့သည့် ၂၀၁၃ ခုနှစ် အရှေ့တောင် အာရှ ဘိန်းစိုက်ပျိုးမှု အစီရင် ခံစာ၌ ဖော်ပြ ထားသည်။

ဘိန်းထုပ်လုပ်မှု အနေ အဖြင့်မူ ၂၀၁၂ ခုနှစ် အတွင်း၌ တန်ချိန် ၆၉၀ ကျော် ထုတ်လုပ် ခဲ့ရာမှ ၂၀၁၃ ခုနှစ် အတွင်း တန်ချိန် ၈၇၀ ကျော် တိုးတက် ထုတ်လုပ် လာခဲ့ကြောင်း UNODC အစီရင် ခံစာ၌ ဆက်လက် ထောက်ပြ ထားကာ ၂၀၁၃ ခုနှစ် ဘိန်းထုတ်လုပ် မှုမှာ ၂၀၁၂ ထုတ်လုပ် မှုထက် ၂၆ ရာခိုင်နှုန်း တိုးတက် လာကြောင်း ဆက်လက် ဖော်ပြ ထားသည်။