KIO ၏ စစ်သား စုဆောင်းခြင်း ခံရသည့် ရှမ်းလူမျိုး (၂၀၀) နီးပါး လွတ်ရန်ကျန်ရှိ နေသေး

KIO ၏ စစ်သား စုဆောင်းခြင်း ခံရသည့် ရှမ်းလူမျိုး (၂၀၀) နီးပါး လွတ်ရန်ကျန်ရှိ နေသေး
by -
ရွှေဟင်္သာ

ကချင်ပြည်နယ်တွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ စစ်သား စုဆောင်းမှု ခံရသည့် ရှမ်းလူမျိုး ၂၀၀ နီးပါး ပြန်လည် လွတ်မြောက် လာရန် ကျန်ရှိ နေသေးကြောင်း ကချင်ပြည်နယ် အခြေစိုက် ရှမ်းမျိုးနွယ်စု ရေးရာ ကော်မတီ မြန်မာပြည် မြောက်ပိုင်း ဥက္ကဌ ဦးစိုင်းထွန်းရင်က ပြောသည်။

kio0610

“ကျနော်တို့ အဖွဲ့က မြစ်ကြီးနား ကေအိုင်အေ နည်းပညာ အကြံပေး အဖွဲ့ (TAT) ရုံးက တာဝန်ရှိသူနဲ့ တိုက်ရိုက် တွေ့ပြီးပြီ။ လွှတ်ပေးဖို့ တင်ပြ လိုက်ရင် စိစစ် အုံးမယ် ပြောတယ်။ တပ်ပေါင်းစုံ ဆိုတော့ စီစစ်ဖို့ ခက်တယ် ပြန်ပြောတယ်” ဟု ၎င်းက ပြောသည်။

အစိုးရတပ်နှင့် KIO တို့ကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွား ခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၄ ခုနှစ် စက်တင်ဘာ လကုန် အထိ KIO ၏ စစ်သား စုဆောင်းခြင်း ခံရသည့် ရှမ်းလူမျိုးပေါင်း ၂၈၀ ဦး ရှိပြီး ၎င်းတို့ ထဲမှ ၉၈ ဦး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ရှမ်းမျိုးနွယ်စု ရေးရာ ကော်မတီ မြန်မာပြည် မြောက်ပိုင်း ဥက္ကဌ ဦးစိုင်းထွန်းရင်က ဆက်ပြောသည်။

“တရားဝင် လွှတ်ပေး တာတော့ မရှိသေး ပါဘူး။ ထွက်ပြေး နိုင်အောင်တော့ ဟပေးတာ လုပ်တာ ရှိတယ်။ ထင်းခွေ ရင်းနဲ့ပေါ့။ တချို့ဆို တရုတ်ပြည် ဖက်ကို ထွက်ပြေး သွားပြီး တဖြည်းဖြည်း ပြန်လာတာ ရှိပါတယ်” ဟု ဦးစိုင်းထွန်းရင်က ဆက်ပြောသည်။

KIO နည်းပညာ အကြံပေး အဖွဲ့ (TAT) ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဒေါင်းခါးက စစ်သား စုဆောင်းမှုနှင် ့ပတ်သက်၍ ဖြေရှင်း ပေးနေပြီး KIO မှ အခွန် ကောက်ခြင်းနှင့် စစ်သား စုဆောင်း ခြင်းများ ရှိခဲ့ကြောင်း ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

 “သူတို့ရဲ့ လူ (ရှမ်းလူမျိုး) ပါ၊ မပါ ကျနော် တို့လည်း အတည်ပြု မလုပ်နိုင်ဘူး။ သူတို့ လူတွေ့ လာရောက် တိုင်ပင်မှ အဲ့ဒီ ဒေသကို ပြန်စုံစမ်း ပေးရတယ်။ ဒီလောက်ကြီး တိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာ စစ်သား မစုဆောင်း ဘဲနဲ့တော့ ဘယ်တပ်ဖွဲ့မှ မစုဆောင်းတာ မရှိဘူး။ အစိုးရလည်း စုဆောင်း တာပဲ” ဟု ဦးဒေါင်းခါးက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် ဆင်ဘိုရွာ အထိ ဧရာဝတီ မြစ်ရိုး တလျှောက်နှင့် မိုးညှင်း၊ မိုးကောင်း မြို့နယ် တို့တွင် ရှမ်းလူမျိုးများ နေထိုင် ကြပြီး ၄င်းဒေသတွင် မြန်မာ အစိုးရ တပ်နှင့် KIO ကချင် လွတ်လပ်ရေး တပ်ဖွဲ့တို့ လှုပ်ရှား နေကြသည်။

ဒေသခံ ရှမ်းလူမျိုးများ အနေနှင့် နှစ်ဖွဲ့ တပ်ဖွဲ့ များအကြား ရပ်တည် နေရသည်ဟု ရှမ်းလူငယ် ပရဟိတ အဖွဲ့၏ ဦးဆောင် နာယက ဆရာတော် ဦးဝိဇယ ကလည်း ရွှေဟင်္သာ သတင်းဌာနသို့ မိန့်ကြား ခဲ့သည်။

“ရှမ်းလူမျိုး တွေဟာ ကေအိုင်အိုနဲ့ အစိုးရ စစ်တပ်ရဲ့ နှစ်ဖက် စစ်ကြားထဲမှာ ညှပ်နေတယ် ဆိုတာ ငြင်းဆန်လို့ မရတဲ့ ကိစ္စပဲ” ဟု မိန့်ကြားသည်။

ကချင် ပြည်နယ်တွင် နိုင်ငံရေး စစ်ရေး လူမျိုးရေး ကွန်ရက် ထဲတွင်  ရှမ်းလူမျိုး များက ပိတ်မိ နေပြီး နှစ်ဖက် ခေါင်းဆောင်များ အနေ နှင့်လည်း စစ်ပွဲ များကို ရပ်တန့် သင့်ကြောင်း ကိုလည်း ဆရာတော်မှ မိန့်ကြားခဲ့သည်။

KIO တပ်မှ ရှမ်းလူမျိုး များအပေါ် စစ်သား စုဆောင်းမှု ဖြစ်စဉ်နှင့် ပက်သက်၍ မမှန် ကန်ကြောင်း ကေအိုင်အို ၏ နိုင်ငံခြား ဆက်ဆံရေး ဌာန တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်က ငြင်းဆို ပြောကြား ခဲ့သည်။

“ဒီကိစ္စက အထဲမှာ ဖြစ်တဲ့ ကိစ္စကို ကျွန်တော်က မှန်ကန် တာတွေကို ဖြစ်စေ ချင်တယ်။ အဲဒီ သတင်းဟာ မမှန်တာ ဖြစ်နိုင်တယ်”

ကေအိုအို အနေနှင့် အတင်း အဓမ္မ စစ်သား စုဆောင်းရေး မူဝါဒ မရှိသလို အောက်ခြေမှ အတင်း အဓမ္မ စစ်သား စုဆောင်းမှု လုပ်ရပ် များကို တွေ့ရှိ ပါက တိုင်ကြား နိုင်ပြီး ထိရောက်စွာ အရေးယူ ပေးသွား မည်ဟု အမည်မဖေါ်လိုသူ ကေအိုင်အို ထိပ်တန်း အရာရှိ တဦး ကလည်း ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့တွင် KIO ကချင် လွတ်လပ်ရေး အဖွဲ့မှ ရှမ်းဒေသခံ များအပေါ် တပ်သားသစ် စုဆောင်း ခဲ့မှုနှင့် ပက်သက်၍ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ကျေညာချက် ထုတ်ပြန် ခဲ့သေးသည်။

ကချင်ပြည်နယ်တွင် ရှမ်းလူဦးရေ ငါးသိန်းခန့် ရှိသည်ဟု ရှမ်းမျိုးနွယ်စု ရေးရာ ကော်မတီ မြန်ပြည် မြောက်ပိုင်းမှ ခန့်မှန်း ထားပြီး ၂၀၁၄ သန်းခေါင် စာရင်း ရှေ့ပြေး လူဦးရေ စာရင်းတွင် သုံးသိန်းခန့် ရှိသည်ဟု စာရင်း ထွက်လာပြီး  နှစ်သိန်းခန့်မှာ စာရင်း ပျောက်နေ သည်ဟု ရှမ်းမျိုးနွယ်စု ရေးရာ ကော်မတီ အဖွဲ့မှ ဆိုသည်။

Most read this week