ရေးနှင့် ဘီးလင်း မြို့နယ်တွင် JICA အကူအညီဖြင့် အသေးစား ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ မွန်ပြည်သစ် အကောင်အထည် ဖော်မည်

ရေးနှင့် ဘီးလင်း မြို့နယ်တွင် JICA အကူအညီဖြင့် အသေးစား ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ မွန်ပြည်သစ် အကောင်အထည် ဖော်မည်
by -
ရွှေဟင်္သာ

မွန်ပြည်နယ် အတွင်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ် နယ်မြေများ အတွင်း၌ လျှပ်စစ်မီး၊ လမ်း၊ တံတား၊ စာသင် ကျောင်းဆောင် ၊ ရေကန်နှင့် သောက်သုံးရေ ပိုက်များ သွယ်တန်းခြင်း စသည့် အသေးစား ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင် နိုင်ရန် အတွက် ဂျပန် အေဂျင်စီ JICA – (Japan International Co-Operation Agency) မှ ထောက်ပံ့မှု ပေးအပ်ရန် အတွက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း မွန်ပြည်သစ် ပါတီနှင့် မွန်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူ များက ပြောသည်။

“သူတို့ အဖွဲ့ (JICA) က ကွင်းဆင်းမယ် သုတေ သနတွေ လုပ်သွားမယ် လိုအပ် ချက်တွေကို ကြည့်ပြီးတော့ သူတို့ လုပ်သွားမှာ ဖြစ်တယ်၊ ဘတ်ဂျတ် ကတော့ ပိုင်းလော့ ပရောဂျက် ဆိုတော့ သိပ်များမယ် မထင်ပါဘူး” ဟု မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်း ဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

မွန်ပြည်သစ် ပါတီ ထိန်းချုပ် နယ်မြေ အတွင်း၌ အကောင်အထည် ဖော်နေသည့် လမ်းဖောက်လုပ်ရေး စီမံကိန်း တစ်ခုအား တွေ့ရစဉ်

ထို JICA နှင့် မွန်ပြည်သစ် ပါတီတို့ အကောင်အထည် ဖော်ရန် ရှိသည့် အသေးစား ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်၏ ဘတ်ဂျက် ပမာဏ အတိအကျ ကိုမူ ဒေါက်တာ မင်းနွယ်စိုးက ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိခဲ့ပေ။

ထိုသို့ မွန်ပြည်သစ် ပါတီ ထိန်းချုပ် နယ်မြေများ အတွင်း ပိုင်းလော့ (အစမ်း) အသေးစား ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင် နိုင်ရန် အောက်တိုဘာလ ၃၀ ရက်နေ့၌ JICA အဖွဲ့မှ တာဝန် ရှိသူများ ၊ ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူ များနှင့် မွန်ပြည်သစ် ပါတီမှ တာဝန်ရှိသူများ မော်လမြိုင်မြို့ အတ္တရံ ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး သဘောတူ ခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဖွံ့ဖြိုးရေးရုံး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး အမ်စိုက်ချမ်းက ပြောသည်။

ယခု တွေ့ဆုံ မှုသည် JICA အဖွဲ့နှင့် မွန်ပြည်သစ် ပါတီ တို့အကြား ဒေသ ဖွံ့ဖြိုးရေး လုပ်ဆောင် နိုင်ရန် အတွက် တွေ့ဆုံ ညှိနှိုင်းခြင်း တတိယ ကြိမ်မြောက် ညှိနှိုင်းမှု ဖြစ်ကြောင်း သိရှိ ရသည်။

ထိုတွေ့ဆုံ ပွဲအား ပြည်နယ် အစိုးရ အဖွဲ့မှ စီးပွားရေးနှင့် စီမံကိန်း ဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး အပါအဝင် လူမှု ဖူလုံရေး ဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူး တို့လည်း တက်ရောက် ခဲ့ကြပြီး မွန်ပြည်နယ် ၊ မွန်ပြည်သစ် ပါတီ ထိန်းချုပ် နယ်မြေ အတွင်းရှိ ရေးမြို့နယ်နှင့် ဘီးလင်း မြို့နယ် တို့အား အသေးစား ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင် ကြရန် မွန်ပြည်သစ် ပါတီနှင့် JICA တို့ ကနဦး သဘောတူ ခဲ့ကြသည်။

ထိုအသေးစား ဖွံ့ဖြိုးရေး စီမံချက် အတွင်း၌ ရွာပုန်း ရွာရှောင် ဒုက္ခသည် များအား ထောက်ပံ့ပေးရန် အစီ အစဉ်လည်း ပါဝင်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး အမ်စိုက်ချမ်းက ပြောသည်။

မွန်ပြည်သစ် ပါတီ ခေါင်းဆောင် များမှ ဒေသန္တရ မွန်ပြည်သူ လူထု များနှင့် တွေ့ဆုံ ခဲ့ရာမှ တဆင့် ပြည်သူများ၏ လိုအပ်ချက် တင်ပြမှု များမှ တဆင့် အခြေခံကာ ယခုကဲ့သို့ အကောင်အထည် ဖော်နိုင် ခဲ့ခြင်း ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး အမ်စိုက်ချမ်းက ဆက်ပြောသည်။

JICA အဖွဲ့သည် မြန်မာ နိုင်ငံ တောင်ပိုင်း ဒေသ ကရင်နှင့်မွန်ပြည်နယ်ရှိဒေသများ တို့တွင်နှစ်ရှည် ဘက်စုံ ဖွံ့ဖြိုးရေး အပြင်ငြိမ်းချမ်း ရေးနှင့်ဒေသ တည်ငြိမ်ရေး၊ဒုက္ခ သည်များ ပြန်လည် အခြေချရေးစသည့် လုပ်ငန်းများ အကောင် အထည် ပေါ်ရေး အတွက် ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးနှင့်ဒေသခံ တိုင်းရင်းသားတို့အကြား ယုံကြည်မှုပျိုးထောင်ခြင်းလုပ်ငန်းများ လုပ်ဆောင် ပေးနေသည့် အဖွဲ့ တစ်ဖွဲ့လည်း ဖြစ်သည်။

Most read this week