ကော်သူးလေ တပ်မတော် KAF အဖြစ် ပေါင်းစည်းမှု အငြင်းပွားဖွယ် ကောင်းပေမယ့် ကရင် လူထုများ ကြိုဆို

ကော်သူးလေ တပ်မတော် KAF အဖြစ် ပေါင်းစည်းမှု အငြင်းပွားဖွယ် ကောင်းပေမယ့် ကရင် လူထုများ ကြိုဆို
by -
ရွှေဟင်္သာ

ကရင် လက်နက်ကိုင် တပ်ဖွဲ့ လေးဖွဲ့ ပါ၀င်သော ကော်သူးလေ တပ်မတော် ( Kawthoolei Armed Force – KAF) အဖြစ် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ပေါင်းစည်း ခဲ့မှုကို ကရင် လူထု များနှင့် အရပ်ဖက် ကရင် လူမှု အဖွဲ့အစည်း များက လိုလားကြောင်း ၎င်းတို့၏ ပြောကြားချက် များအရ သိရှိ ရသည်။

“ကရင် တပ်များ ပေါင်းစည်းရေး၊ပါတီ ပေါင်းစည်း ရေးကိုလွန်ခဲ့တဲ့ နှစ်နှစ် လောက်က ကရင် လက်နက်ကိုင် တပ်များ ပြည်လည် ပေါင်းစည်းရေး ကော်မီတီက အကောင် အထည် ဖော်ဖို့ ကြိုးပမ်း ခဲ့တာ ကြာပြီ၊ အခုမှ အကောင် အထည် ပေါ်ခဲ့ တာပါ” ဟု ကရင် အမျိုးသမီး ဖွံဖြိုး တိုးတက်ရေး အဖွဲ့မှ နော်ဇူဇန်နာ လှလှစိုးကပြောသည်။

Karen Nation Flag

ထိုကဲ့သို့ ကော်သူးလေ တပ်မတော် အဖြစ် ကရင် လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်း ခဲ့ရာတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC) တို့ ပါဝင်ကြောင်း အောက်တိုဘာလ (၁၃) ရက်နေ့၌ ကြေငြာချက် ထုတ်ပြန် ခဲ့သည်။

ထိုထုတ်ပြန် ခဲ့သည့် ကြေငြာချက်၌ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အား ကိုယ်စား ပြု၍ ဒုတိယ စစ်ဦးစီးချုပ်က ၎င်း၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ အစည်း (KNDO) အား ကိုယ်စား ပြု၍ ဦးစီးချုပ်က ၎င်း၊ ဒီမိုကရေစီ အကျိုးပြုကရင့် တပ်မတော် (DKBA) အား ကိုယ်စား ပြု၍ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် က၎င်း၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC) အား ကိုယ်စား ပြု၍ အထူး ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါး က၎င်း အသီးသီး လက်မှတ် ရေးထိုး၍ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုပေါင်းစည်းမှုမှာ စစ်မှန်သော ပေါင်းစည်းမှု မဟုတ်ပဲ တစ်စုံ တစ်ဦးမှ အတုအယောင် ဖန်တီး ထားသော ပေါင်းစည်းမှု ကြေငြာချက်သာ ဖြစ်ကြောင်း ကနဦး၌ သတင်းများ ထွက်ပေါ် လာခဲ့သော်လည်း ယင်းပေါင်းစည်းမှု ထုတ်ပြန်ချက်မှာ အစစ်အမှန် ကြေငြာချက် ဖြစ်ကြောင်း DKBA တပ်ဖွဲ့၏ ကလို့ထူးဘော စစ်ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က အတည်ပြု ပြောသည်။

ဗျုဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က “တစ်ကယ် အစစ်အမှန်ကို လက်မှတ် ထိုးထား တာပါ၊အတု အယောင် မဟုတ်ပါဘူး၊ ကရင် ပြည်သူ တွေက တောင်းဆိုလို့ ကရင် ပြည်သူ လူထုရဲ့အကျိုး စီးပွားကို ကာကွယ်ဖို့ အတွက်ကရင် ပြည်သူ တွေကပြန်ပေါင်း လိုက်ပါလို့ ဆိုလာတဲ့ အတွက် ကြောင့်ပါ” ဟု ဆိုသည်။

မရှေး မနှောင်း၌ ထိုပေါင်းစည်းရေး၌ လက်မှတ် ရေးထိုး ခဲ့သည့် KNU/KNLA – PC မှ အထူး ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးအား ၎င်းတို့ အဖွဲ့၏ စစ်ဥပဒေ ပုဒ်မ (၂) အပိုဒ်က အမိန့် ညွှန်ကြားချက် များအား လေးစား လိုက်နာမှု မရှိခြင်း၊ စစ်အက်ဥပဒေ ပုဒ်မ (၂၆) အရ အဖွဲ့အစည်း ဂုဏ်သိက္ခာ မထိခိုက် စေရန် ကာကွယ် ထိန်းသိမ်းရန်မှ ပျက်ကွက် ခြင်းနှင့် ထိုလုပ်ရပ် များအတွက် အထက် အရာရှိ များမှ ညှိနှိုင်းရန် ဆင့်ခေါ် မှုကို လက်မခံ သောကြောင့် အဖွဲ့မှ ထုတ်ပယ် လိုက်ကြောင်း အောက်တိုဘာ (၁၄) ရက်နေ့တွင် KNU/KNLA – PC အဖွဲ့မှ ကြေငြာချက် တစ်စောင် ထပ်မံ ထုတ်ပြန်ခဲ့သည်။

အလားတူပင် ကရင် အမျိုးသား အစည်းအရုံး၏ ကာကွယ်ရေး ဌာနမှလည်း အဆိုပါ အောက်တိုဘာလ (၁၄) ရက်နေ့ ၌ပင် ကြေငြာချက် တစ်စောင်အား အလားတူ ထုတ်ပြန် ခဲ့ပြီး ကော်သူးလေ တပ်မတော် အဖြစ် ပေါင်းစည်းရေး၌ လက်မှတ် ရေးထိုး ထားသည့် KNLA ဒုစစ်ဦးစီးချုပ်နှင့် KNDO ဦးစီးချုပ် တို့သည့် ယင်းတို့၏ သဘောထား အမြင် အပေါ်တွင်သာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကြေငြာချက် ထပ်မံ ထုတ်ပြန် ခဲ့ပြီးနောက် ကော်သူးလေ တပ်မတော် - KAF အဖြစ် ပေါင်းစည်းရေး အစစ် ၊ အတု ဟူသည့် ဝေဖန်မှုမှာ ပိုမို မြင့်တက် လာခဲ့သည်။

တကွဲ တပြား ဖြစ်နေသည့် ကရင် လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်း နိုင်ရေး အတွက် ရည်ရွယ်ကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလ (၂၈) ရက်နေ့တွင် ကော့ကရိတ် မြို့နယ် ထို့ကော်ကိုး စခန်း၌ ကရင် လက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့ တက်ရောက် ခဲ့သည့် ညှိနှိုင်း ဆွေးနွေးပွဲမှ “ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ” တရပ်ကို ဖွဲ့စည်း ခဲ့သည်။

ထိုအစည်း အဝေးအား ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေး တပ်ဖွဲ့ ၊ ဘုရားကုန်းခေါ် ပဒိုအောင်ဆန်း အဖွဲ့၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ အစိုးရ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA - PC) တို့ ဖြစ်ကြသည်။

ထို “ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ” ဖွဲ့စည်း ခဲ့သည့် ညှိနှိုင်း အစည်းအဝေး ၌လည်း အခြား ဆုံးဖြတ် ချက်များ ဖြစ်သည့်

(၁) နိုင်ငံရေး ဆွေးနွေး သည့်အခါ ထိရောက်မှု ရှိလာ စေရန် ကရင် လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စုစည်း ညီညွတ် ကြရန်။ (၂) တမျိုးသားလုံးကို ကိုယ်စား ပြုသည့် နိုင်ငံရေး ဆွေးနွေး မှုကို KNU မှ ဦးဆောင်ရန်။ (၃) မူးယစ်ဆေးဝါး ပြသနာကို ကရင် လက်နက်ကိုင် အဖွဲ့အစည်း များမှ ဦးဆောင် နှိမ်နှင်း သွားရန်။ (၄) ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီသည် (၃) လ တကြိမ် တွေ့ဆုံ ဆွေးနွေး သွားရန်။ (၅) ကရင် တပ်ဖွဲ့ဝင် အဖွဲ့အစည်းများ အားလုံး ပါ၀င်သော လူထု ရှင်းလင်းပွဲများ ကျင်းပ သွားရန်။

(၆) ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မီတီ ဖွဲ့စည်းပြီး ဖြစ်ကြောင်း အောက်ခြေ တပ်ဖွဲ့ များနှင့် ပြည်သူ များအား ထုတ်ပြန်ရန်။ (၇) ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းခြင်းစသည့် အချက်များကို ဆုံးဖြတ် ခဲ့ကြသည်။

ထိုတွေ့ဆုံပွဲ အစည်း အဝေး ဆုံးဖြတ် ချက်ဖြင့် ဖွဲ့စည်း လိုက်သည့် “ ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ အဖွဲ့ဝင် များမှာ - ဗိုလ်မှူးကြီးစောချစ်သူ (BGF)၊ဗိုလ်မှူး စောကြာအဲ (BGF) ၊ ဒေါက်တာ စောဌေးမြင့် (BGF)၊ ဖိုးရင်နု (KNU/KNLA - PC)၊  ဗိုလ်မှူးကြီး စောယိုရှူး ၊ ဦးမြင့်သန်း၊ ဦးကျော်မြင့် (ဘုရားကုန်း အဖွဲ့) ၊ ပဒိုဖောဒို့ (KNU )၊ ပဒိုရွှေမောင်း (KNU)၊ ပဒိုအောင်မော်အေး (KNU) နှင့် ဗိုလ်ချုပ်ကြီးဂျော်နီ (KNU)၊ ဗိုလ်ချုပ် စောမိုရှေး (DKBA) ၊ ဗို်လ်မှူးကြီး စောကျော်သက် (DKBA)၊ ဗိုလ်မှူးကြီး စောသန်းအောင်၊ ဗိုလ်မှူး စတီဗာ (KPF)၊ စောနေဝင်း (KPF)၊ စောအယ်မိုး (KPF) တို့ဖြစ်သည်။

လက်ရှိ၌ ထုတ်ပြန် ခဲ့သည့် ကြေငြာချက် များအရ ကရင် လက်နက်ကိုင် တပ်များ ကော်သူးလေ တပ်မတော် - KAF အဖြစ် ပြန်လည် ပေါင်းစည်း ခဲ့မှုမှာ အငြင်းပွား ဖွယ်ရာ ကောင်းနေဆဲ ဖြစ်သော်လည်း ၎င်းပေါင်းစည်းမှုကို ကြိုဆိုကြောင်း ကရင် အဖွဲ့အစည်း များမှ ပြောကြားသည်။

ကရင် အမျိုးသမီး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သည့်နော်အုန်းလှ ကလည်း  “ကရင် လက်နက်ကိုင် အားလုံး ပူးပေါင်းတယ် ဆိုရင် အင်အားလည်း များလာ ပါတယ်။ ဒီတစ်ခုကို အစိုးရက သတိထား မိလာမယ်လို့ ထင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ပေါင်းစည်းမယ် ဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး အထောက်အကူ ဖြစ်မယ် လို့လဲ ထင်ပါတယ်”ဟုဆိုသည်။

အလားတူထားဝယ် အခြေစိုက်တာကဘော သဘာဝ ပတ်ဝန်းကျင် အဖွဲ့မှ ကရင်အမျိုးသမီး တဦး ဖြစ်သူ နော်လောရာ ကလည်းအခု ကဲ့သို့ ပေါင်းစည်းခြင်း အားဖြင့်ကရင်လူမျိုး တစ်မျိုးလုံး စည်းစည်းလုံးလုံး ဖြစ်သွားမည် ဖြစ်ကာ လုပ်ဆောင်ချက် ကောင်းမကောင်း ဆိုသည် ကမူ ခေါင်းဆောင်များ အပေါ်တွင်သာ မူတည်သည်ဟု ပြောသည်။

“လူထု ကတော့ ကွဲနေတာကို မကြိုက် ကြဘူး။ ပူးပေါင်း လိုက်ရင် သဘောထား တခုထဲ ထွက်လာ မှာပေါ့။ ကိစ္စ တခုမှာ သဘောထားတွေ အမျိုးမျိုး မထွက် တော့ဘူး။ငြိမ်းချမ်းရေး မှာလည်း သူတကွဲ၊ ငါတကွဲ လုပ်နေမယ့် အစား သေသေချာချာ ပူးပေါင်း လုပ်ရင် အဆင်ပြေ ပါတယ်” ဟုနော်လောရာက ပြောသည်။

ကရင်ပြည်နယ် ကျုံဒိုး မြို့မှ ဒေသခံ တစ်ဦးက ကရင် လူမျိုးများ ပေါင်းစည်း ရေးကို သဘော တူပြီး တိုက်ပွဲဒဏ် ခံစား နေရသော ရွာများလည်း ထိုပေါင်းစည်းရေးကို လက်ခံ ကြလိမ့်မည်ဟု ၎င်း၏ အမြင်ကို ပြောသည်။

Most read this week