မွန်အမျိုးသမီးများ ဦးဆောင်သည့် အမျိုးသမီး နိုင်ငံရေး ပါတီ တစ်ပါတီကို ဖွဲ့စည်းလိုက်ပြီး အောက်တိုဘာ (၁၄) ရက်နေ့တွင် နေပြည်တော်ရှိ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး ပါတီ လျှောက်ထားခွင့် ဆိုင်ရာ မှတ်ပုံတင်လိုက်သည်ဟု အမျိုးသမီး ပါတီ ဥက္ကဌ ဖြစ်သူ မိသန်းရှင်ခေါ် မိလယိုင်မွန်က ပြောသည်။
“ဒီကနေ့ မှာဘဲ နေပြည်တော်မှာ နိုင်ငံရေး ပါတီ မှတ်ပုံတင် နေတယ်။ အမျိုးသမီး ပါတီ တည်ထောင်ဖို့ အတွက်ပေါ့။ ရည်ရွယ်ချက် ကတော့ အမျိုးသမီး ဘဝတွေကို မြှင့်တင် ချင်လို့။ အမျိုးသား တွေနဲ့ ရင်ဘောင်တန်း နိုင်ဖို့ တကယ်လို့ ကျွန်မတို့ ပါတီ မဖွဲ့ဘူး ဆိုလို့ ရှိရင် တခြား ပါတီမှာ ၀င်ရင် အမျိုးသမီး တွေအတွက် ကလေး နေရာမှာဘဲ ရမယ်လေ” ဟု မိသန်းရှင်မှ ပြောသည်။
အကယ်၍ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် မှတ်ပုံတင် ကျလာလျှင် အမျိုးသမီး ပါတီ အနေနှင့် မွန်ပြည်နယ်ကို အခြေခံပြီး လာမည့် (၂၀၁၅) ရွေးကောက် ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် သွားမည်ဟု မိသန်းရှင်က ဆက် ပြောသည်။
မွန်ပြည်နယ် အတွင်း၌ မွန်နိုင်ငံရေး ပါတီများ ဖြစ်သည့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသား ပါတီတို့ ရှိပြီး လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီးပါတီကပါ ၀င်ရောက် ယှဉ်ပြိုင်မည် ဆိုလျှင် ပါတီ အချင်းချင်း ညှိနှိုင်းမှု လုပ်ဆောင် သွားမည်ဟု မိသန်းရှင်က ပြောသည်။
“ကျွန်မတို့ ဒီသုံးပါတီ ကျတော့ ညှိနှိုင်းပြီး သွားရ မှာပေါ့နော်။ ကိုယ့်လူမျိုးတွေ မထိခိုက်တဲ့ အဲဒီလို လမ်းကြောင်းမျိုး ရှာရမယ်” ဟု အမျိုးသမီး ပါတီ ဥက္ကဋ္ဌ မိသန်းရှင်က ပြောသည်။
အမျိုးသမီး ပါတီ အနေနှင့် မွန်ပြည်နယ်အား အခြေခံကာ ဖွဲ့စည်း တည်ထောင် သွားမည်ဖြစ်က အခြား ဆက်စပ်ရာ တိုင်းရင်းသား ပြည်နယ် ဒေသ များတွင်လည်း တိုးချဲ့ ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် အမျိုးသမီး ပါတီကို ဗဟို အလုပ် အမှုဆောင် ကော်မီတီ (၉) ဦး ဗဟိုကော်မီတီဝင် (၁၅) ဦး ပါတီ ၀င်ပေါင်း (၁၀၀၀) ကျော်နှင့် စုဖွဲ့ ထားကာ ပါတီ ဦးဆောင်မှု အခန်း ကဏ္ဍကိုလည်း လိုအပ်သလို ဆက်လက် တိုးချဲ့ သွားမည် ဖြစ်တိုးချဲ့ သွားမည် သွားမည်ဟု မိသန်းရှင်းက ပြောသည်။
ထိုကဲ့သို့ အမျိုးသမီး နိုင်ငံရေး ပါတီများ ဖွဲ့စည်းခြင်း အားဖြင့် အမျိုးသမီး များ၏ လိုအပ်ချက် များကို ပိုမို ဖြည့်ဆည်း ပေးနိုင်မည် ဟု (WLB) ခေါ် အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာ နိုင်ငံ၏ အထွေထွေ အတွင်းရေးမှူး မတင်တင်ညိုက သုံးသပ် ပြောဆိုသည်။
“အမျိုးသမီး ပါတီကို သီးသန့် တည်ထောင်ခြင်း အားဖြင့် နိုင်ငံရေး အရ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍဟာ အများကြီး အရေး ကြီးတယ်။ အရေးပါတဲ့ နေရာ တခုကို ပြရာ ရောက်တယ်လို့ ကျွန်မ မြင်တယ်။ ဒီအချိန်မှာ နိုင်ငံရေး ပါတီ ထောင်တာ ဖြစ်သင့်တယ်၊ အမျိုးသမီး နိုင်ငံရေး ပါတီ ဖွဲ့စည်းခြင်း အားဖြင့် အမျိုးသမီး တွေရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်း ပေးနိုင်မယ်” ဟု မတင်တင်ညိုက သုံးသပ် ပြောဆိုသည်။
အကယ်၍ အမျိုးသမီး ပါတီ အနေနှင့် တရားဝင် နိုင်ငံရေး ပါတီ အဖြစ် တည်ထောင်ခွင့် ကျမည် ဆိုလျှင် မြန်မာ နိုင်ငံတွင် ပထမ ဦးဆုံး အမျိုးသမီး သီးသန့် ပါဝင်သည့် နိုင်ငံရေး ပါတီ ဖြစ်လာမည် ဖြစ်သည်။
အမျိုးသမီး ပါတီ အနေနှင့် ပါတီ ဖွဲ့စည်းပံ ုအခြေခံ ဥပဒေ၊ နိုင်ငံရေး မူဝါဒ လမ်းစဉ် များကို တတ်သိ ကျွမ်းကျင် သူများနှင့် ရေးဆွဲ သွားမည်ဟု ပါတီ ဥက္ကဋ္ဌက ပြောသည်။