ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ဝိုင်းဝန်း ကြိုးပမ်းရန် တိုင်းရင်းသား လူငယ်များအား မွန်ပြည်သစ် တိုက်တွန်း

ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ဝိုင်းဝန်း ကြိုးပမ်းရန် တိုင်းရင်းသား လူငယ်များအား မွန်ပြည်သစ် တိုက်တွန်း
by -
ရွှေဟင်္သာ

တိုင်းရင်းသား လူငယ်များ အနေနှင့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်း လာရန် အတွက် ကြိုးပမ်း ဆောင်ရွက် ကြရန် လိုအပ်ကြောင်း မွန်ပြည်သစ် ပါတီ ပြည်တွင်း ရေးရာ တာဝန်ခံ နိုင်ဝင်းလှမှ မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကျင်းပ ပြုလုပ် ခဲ့သည့် တိုင်းရင်းသား လူငယ် နှီးနှော ဖလှယ် ပွဲ၌ တိုက်တွန်း ပြောကြား ခဲ့သည်။

“ကျနော်တို့ နိုင်ငံဟာ အမျိုးသား တိုင်းရင်းသား လူမျိုးစုံနဲ့ ဖွဲ့စည်း တည်ထောင် ထားတဲ့ နိုင်ငံ ဖြစ်တဲ့ အတွက်ကြောင့် တကယ့် ပြည်ထောင်စု ပေါ်ထွက် လာဖို့ အရေးကို ကျနော်တို့ တိုင်းရင်းသား လူငယ်များ တက်တက် ကြွကြွ စွမ်းစွမ်း တမံ ကိုယ်စွမ်း ညဏ်စွမ်း ရှိသမျှ ကြိုးပမ်း ဆောင်ရွက် ကြရန်” ဟု နိုင်ဝင်းလှ နှီးနှော ဖလှယ်ပွဲ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။

phophtaw061001

တိုင်းရင်းသား ဒေသမှ လူငယ်များ ပါဝင်သည့် တိုင်းရင်းသား လူငယ်များ နှီးနှော ဖလှယ်ပွဲ (Ethnic Youths Exchange) တစ်ရပ်ကို စက်တင်ဘာ ၂၉ ရက်နေ့မှ အောက်တို ဘာလ ၁ ရက်နေ့ထိ မွန်ပြည်နယ် မော်လမြိုင် မြို့တွင် ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ် ပြီးစီး ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်းရင်းသား လူငယ် နှီးနှော ဖလှယ် ပွဲအား ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ လူငယ် အဖွဲ့များ၊ အမျိုးသမီး အဖွဲ့များ၊ ကျောင်းသား သမဂ္ဂ အဖွဲ့များ၊ နိုင်ငံရေး ပါတီ များမှ လူငယ်များ၊ လူထု အခြေပြု အဖွဲ့ အစည်း များမှ လူငယ် များ အပါအဝင် အဖွဲ့ပေါင်း (၃၁) ဖွဲ့ မှ လူငယ် ကိုယ်စားလှယ် အယောက် (၁၀၇) ဦး ခန့် တက်ရောက် ခဲ့ကြသည်။

ယခု ကဲ့သို့ နှီးနှော ဖလှယ်ပွဲ ကျင်းပ ပေးခြင်းအားဖြင့် တိုင်းရင်းသား လူငယ်များအကြား ချစ်ခင် ရင်းနှီးမှု ပိုမို ရရှိ ရန်နှင့် ခိုင်မြဲသော ကွန်ယက်တစ်ခု ဖြစ်ပေါ် လာနိုင်မည် မျှော်လင့် ထားကြောင်း တိုးတက်သော မွန်လူငယ် အစည်းအရုံး (MYPO) မှ ဦးဆောင် ကျင်းပ ပေးရခြင်း၏ ရည်ရွယ် ချက်အား အဖွဲ့၏ ဒုဥက္ကဋ္ဌ မိမရဲ့မူက ပြောသည်။

“ကျမတို့ ဒီနှီးနှော ဖလှယ်ပွဲကို တိုင်းရင်းသား လူငယ် တွေအကြား အချင်းချင်း ချစ်ခင် ရင်းနှီးမှု ရှိလာ ဖို့ရယ် ပြီးတော့ ခိုင်မြဲသော ကွန်ယက် တစ်ခု ဖြစ်လာစေရန်နဲ့ နောက်ဆုံးမှာ ဒီနှီးနှော ဖလှယ်ပွဲ ကနေ တိုင်းရင်းသား လူငယ် ဖိုရမ် တစ်ရပ် ဖြစ်လာဖို့ အဲဒါကို ရည်ရွယ် ပြီးတော့ ကျမတို့ လုပ်တာ ဖြစ်ပါတယ်” ဟု မိမရဲ့မူက ပြောသည်။

ပြောင်းလဲ လာသော နိုင်ငံရေး အခြေအနေအရ လူငယ်များ အနေနှင့် နိုင်ငံရေး အပိုင်းတွင် တွန်းအားပေး နိုင်ရန် မျှော်လင့် သည်ဟု တိုင်းရင်းသား လူငယ် နှီးနှော ဖလှယ်ပွဲကို တက်ရောက် ခဲ့သည့် တောင်ကြီး ပအိုဝ်း လူငယ် အဖွဲ့ အစည်းမှ ကိုခွန်ဦး က ပြောသည်။

“ဒီထဲကနေ တခုခု ကျနော်တို့ တိုင်းရင်းသား တွေက ပူးပေါင်း ပြီးတော့ ဘယ်အပိုင်းမှာ လုပ်နိုင် မလဲ ဆိုတဲ့ ဟာလေး၊ ပြီးတော့ ကျနော်တို့ မူတခုခုကို ရှင်းရှင်း လင်းလင်း တခြား တိုင်းရင်းသား တွေနဲ့ အတူတူ တိုင်းရင်းသား အငယ်ဖြစ်စေ အကြီးဖြစ်စေ ရှင်းလင်းတဲ့ မူတခု အနေနဲ့ နိုင်ငံရေး အပိုင်းမှာ တွန်းအား ပေးနိုင်မယ် ဆိုတဲ့ ကိစ္စမျိုး လေးတွေ ရသွား နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”ဟု သူက ဆိုသည်။

ယခု ကျင်းပ ခဲ့သော တိုင်းရင်းသား လူငယ်များ နှီးနှော ဖလှယ် ပွဲတွင် လက်ရှိ ဖြစ်ပွါးနေသော ပြည်တွင်း နိုင်ငံရေး ကိစ္စများ၊ တိုင်းရင်းသား ရေးရာ ကိစ္စများ၊ ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စများ၊ လူငယ် ရေးရာ ကိစ္စများ၊ အပြင် လူငယ်နှင့် တိုင်းရင်းသား မိခင် ဘာသာ စကား သင်ကြားမှု၊  လူငယ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ ်ကဏ္ဍ၊ လူငယ်နှင့် မူးယစ်ဆေးဝါး ကဏ္ဍ၊ လူငယ်နှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ၊ လူငယ်နှင့် ပညာရေး ကဏ္ဍ အစ ရှိသော အကြောင်းအရာ များကို တိုင်းရင်းသား လူငယ် များမှ ဆွေးနွေး ခဲ့ကြသည်။