နမ့်ခမ်းနှင့် ကွတ်ခိုင် မြို့နယ် တို့တွင် မြန်မာ စစ်တပ်နှင့် TNLA တိုက်ပွဲ ဖြစ်ပွား

နမ့်ခမ်းနှင့် ကွတ်ခိုင် မြို့နယ် တို့တွင် မြန်မာ စစ်တပ်နှင့် TNLA တိုက်ပွဲ ဖြစ်ပွား
by -
ရွှေဟင်္သာ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်နှင့် ကွတ်ခိုင် မြို့နယ် ဘက်တွင် အခြေပြု လှုပ်ရှား နေသော TNLA ခေါ် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာ စစ်တပ် တို့အကြား အောက်တို ဘာလ (၁) ရက်နေ့တွင် တိုက်ပွဲ နှစ်နေရာ ဖြစ်ပွား ခဲ့သည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော်မှ ပြောသည်။

“နမ့်ခမ်း ဘက်မှာ ဖြစ်တဲ့ တိုက်ပွဲ ကတော့ နေ့လည် တစ်နာရီခွဲ လောက်မှာ စဖြစ်တယ်။ ကျွန်တော်တို့ တပ်ရှိတဲ့ နေရာကို တပ်မ(၈၈)နဲ့ ခလရ (၄၅) ရယ် တက်လာ ကြတော့ တစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ပွား ခဲ့တာပါ။ ကွတ်ခိုင် ဘက်မှာ ဖြစ်တဲ့ တိုက်ပွဲတော့ နည်းနည်း ကြာတယ်။ မနက်ပိုင်းက စပြီး ညနေလောက်မှ ပြီးသွားတယ်။ နမ့်ခမ်းဘက်မှာ ကျတော့ ထိခိုက် ကျဆုံး မှုတော့ ရှိတယ်။ မြန်မာ စစ်တပ် ဘက်က အနည်းဆုံး (၇) ယောက် (၈) ယောက်လောက် ကျတယ်” ဟု မိုင်းဘုန်းကျော်မှ ပြောသည်။

phophtaw100201

နမ့်ခမ်း မြို့နယ် ပန်ခါး ကျေးရွာ အထက်ပိုင်းတွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲတွင် မြန်မာ စစ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှု များပြား ခဲ့သည်ဟု TNLA ဘက်မှ ပြောဆို ခဲ့သော်လည်း ရွှေဟင်္သာ သတင်းဌာန အနေနှင့် သီးခြား အတည်ပြုချက် မရရှိ ခဲ့ပေ။

ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ NCCT တို့ အပစ်အခတ် ရပ်စဲရေး မူကြမ်း ရေးဆွဲနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှု လုပ်ဆောင်နေသော ကာလတွင် မြန်မာ စစ်တပ် အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအပေါ် စစ်ရေးအရ ထိုးစစ်ဆင် နေဆဲ အခြေ အနေကြောင့် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေး နေဦးမည်ဟု TNLA အတွင်းရေးမှူး မိုင်းဘုန်းကျော်က ပြောသည်။

“တစ်ပြည်လုံး အတိုင်းအတာ အပစ်ခတ် ရပ်စဲရေး လုပ်ဆောင်ဖို့ ဒီပုံစံ အတိုင်းဆို တော်တော် ခက်မယ်။ အခု နောက်ဆုံး ဆွေးနွေးတဲ့ အချိန် မှာလည်း စစ်ခေါင်းဆောင်တွေ လာပြီး ဆွေးနွေးတဲ့ အချက်တွေ အရကော တိုက်ပွဲတွေဖြစ် နေတဲ့ အခြေ အနေကို ပြန်ထောက်မယ် ဆိုရင် တပ်မတော် ဘက်က ပြုပြင် ပြောင်းလဲ ချင်တဲ့စိတ်၊ တကယ်ကို ငြိမ်းချမ်းရေး ဖြစ်စေချင်တဲ့ ဆန္ဒ မရှိဘူးလို့ ကျွန်တော်တို့ ပြောလို့ ရပါတယ်” ဟု မိုင်းဘုန်းကျော် က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ အနေနှင့် တခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များနှင့် တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေး ပဏာမ သဘော တူညီချက် ရရှိပြီး ဖြစ်သော်လည်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦးနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ခဲ့ခြင်း မရှိသေးဟု မိုင်းဘုန်းကျော်က ပြောသည်။

ယခု ကဲ့သို့ မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွား နေသော အနေ အထားကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီများ အနေနှင့် ငြိမ်းချမ်းရေး လုပ်ဆောင် ရာတွင် ခက်ခဲသည့့် အနေ အထားမှ အချိန်ယူ ဆောင်ရွက် သွားရမည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေကလည်း သုံးသပ် ပြောကြားသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်တော့ ရှေ့တိုး နောက်ဆုတ်တော့ ရှိကောင်းလည်း ရှိမယ်။ အချိန်ယူ အများကြီး ဆက်လုပ် နေရမယ်။ ဒါပေမယ့် သေချာ တာကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ် ကတော့ ဆက်သွား နေမယ်။ ဒီလိုဘဲ တိုးတက် မှုနဲ့ ဆုတ်ယုတ်မှု ကလဲ ရှိကောင်း ရှိနိုင်မယ်။ ဒါပေမယ့် ခြံုလိုက်ရင် တိုးတက်မှု ရှိရင် ဆက်သွား ဖို့ပါဘဲ။ ဆွေးနွေး ပွဲတွေ ဆက်လုပ် နေရမယ်” ဟု ဦးလှမောင်ရွှေက ပြောဆိုသည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/TNLA လှုပ်ရှား နေသည့် ဒေသ ဘက်တွင် မြန်မာ စစ်တပ်မှ အင်အား တိုးချ ထား နေသလို ပုံစံပြောင်း လှုပ်ရှားမှု များလည်း ရှိနေကြောင်း မိုင်းဘုန်းကျော်က ပြောသည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးနှင့် မြန်မာ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ တို့သည် ပြီးခဲ့သည့် (၂၀၁၃) ခုနှစ် ဇူလိုင် လကုန် လောက်တွင် ရှမ်းပြည်နယ် မူဆယ် မြို့တွင် အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး PSLF ဘက်မှ လက်နက်ကိုင် ပဋိပက္ခ လျော့ချ နိုင်ရေး အပါ၀င် အချက် (၉) ချက် အား တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

သို့သော်လည်း ထိုတွေ့ဆုံ ဆွေးနွေး မှုတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရေး အတွက်သာ အသားပေး ဆွေးနွေး ခဲ့ပြီး တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ် များကို မဆွေးနွေး နိုင်ခဲ့ပေ။

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးသည် (၁၉၉၂) ခုနှစ်တွင် စတင် တည်ထောင် ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် TNLA ခေါ်တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် လက်နက်ကိုင် တပ်ကို ဖွဲ့စည်း ခဲ့သည်။ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးသည် ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံ မြို့နယ်၊ ကွတ်ခိုင် မြို့နယ်၊ နမ့်ခမ်း မြို့နယ်နှင့် နမ့်ဆမ် မြို့နယ် ဘက်တွင် အခြေပြု လှုပ်ရှားသည်။