ကရင်အမျိုးသား အစည်းအရုံးမှ ရဲဘော်တစ်ဦး အသတ်ခံရ၍ သေဆုံး ခဲ့ရကာ ၎င်းမှာ နယ်ခြားစောင့်တပ်နှင့် လက်ချက်ဟု ကေအဲန်ယူမှ ယူဆထားသည့် အပေါ် စုံစမ်းရန် အတွက် နယ်ခြားစောင့် တပ်မှ အထူး စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်း လိုက်ကြောင်း ဗိုလ်မှူးကြီး စောချစ်သူ၏ ပြောရေး ဆိုခွင့် ရှိသူက ပြောသည်။
“ကျွန်တော်တို့ တပ်ဖွဲ့က တစ်ယောက် ဒီလိုမျိုး ဖြစ်ရင်လည်း ကျနော်တို့ ခံမှာ မဟုတ်ဘူးလေ၊ KNU အဖွဲ့က တာဝန်ရှိသူ တွေရဲ့သဘောထား ကြီးမားမူကို လေးစားပါတယ်၊ အမှန်တရား ပေါ်ပေါက်ပြီး တရားဥပဒေနဲ့ အညီ အပြစ်ပေးနိုင်အောင် အထူး အရေးထား ဆောင်ရွက် ပါမယ်လို့ ဂတိပြု ပြောကြား လိုပါတယ်” ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
ထို အထူး အရေးပေါ် စုံစမ်း စစ်ဆေးရေး အဖွဲ့အား ကရင် နယ်ခြားစောင့်တပ်ရင်းများ၏ ဗဟို ကွပ်ကဲရေး အကြံပေး နှစ်ဦး ဖြစ်သည့် ဗိုလ်မှူးကြီး ထွန်းလှိုင်မှ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး စောဖားနွီး ဒုဥက္ကဋ္ဌနှင့် ကရင် နယ်ခြား စောင့်တပ်များ အထွေထွေ အတွင်းရေမှူး ဗိုလ်မှူးကြီး စောချစ်သူမှ ကော်မရှင် အထွေထွေ အတွင်းရေးမှူး အဖြစ် ပါဝင်၌ ဖွဲ့စည်း ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် မြေပြင် အချက်အလက်များ ကောက်ယူ စိစစ်ရေး အတွက် လုပ်ငန်း အကောင် အထည်ဖော် အဖွဲ့ကိုလည်း ဖွဲ့စည်း ထားပြီး ဤမြေပြင် အဖွဲ့၌ ပါဝင်သည့် သူများကိုမူ လျို့ဝှက်ချက် အရ ထုတ်ဖော် ပြောဆိုရန် ဗိုလ်မှူး နိုင်မောင်ဇော်က ငြင်းဆို ခဲ့သည်။
ဤသို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် အမှုမှန် ပေါ်ရေး အတွက် မိမိတို BGF ဘက်မှ အစောတလျင် ကိုယ်တွယ် ဖော်ထုတ် နေကြောင်း ကိုလည်း ယနေ့ နံနက်၌ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး၏ လုံခြံုရေး အရာရှိ ဗိုလ်မှူး ရန်နိုင်မှ တဆင့် ဆက်သွယ် ပြောကြား ခဲ့ပြီ ဖြစ်ကြောင်းလည်း ဗိုလ်မှူး နိုင်မော်ဇော်က ဆက်ပြောသည်။
ယခု ကဲ့သို့ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ အမှုမှန် ပေါ်ရန် BGF ၏ ကြိုးပမ်းမှုအား ကြိုဆိုကာ စုံစမ်း စစ်ဆေးရေး အဖွဲ့မှ ရှာဖွေ့ တွေ့ရှိချက် အပေါ်တွင် အခြေခံ၍ ပြသနာကို ဖြေရှင်း သွားမည် ဖြစ်ကြောင်းလည်း KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ပဒို သောသီက မဇ္စျိမအား ပြောသည်။
“ဖြစ်စဉ်ကို သေချာ သိမှ ကျနော်တို့ သဘောထား ချနိုင်မယ် ထင်တယ်၊ နောက်တစ်ခုက အဲဒီ ဒေသ ကလည်း လက်နက်ကိုင် အဖွဲ့တွေ တော်တော်စုံတယ် ဆိုတော့ ဘယ်အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ် ဆိုတာ ဖြစ်စဉ်ကို သေချာ သိမှပဲ ပြောနိုင်မယ်၊ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့တာ ကတော့ ကောင်းမွန်တဲ့ လုပ်ရပ် တစ်ခုပါ၊ ကြိုဆိုပါတယ်” ဟု ပဒို သောသီက ပြောသည်။
အဆိုပါ သေဆုံး ခဲ့သည့် KNU ရဲဘော်သည် KNU တပ်မဟာ (၆) KNU/KNLA ဌာနချုပ်အထူး စစ်ကြောင်းမှူး ဗိုလ်ကြီး လမင်း၏ ရဲဘော်စောတာနိုဖြစ်ကာ အသက် (၂၃) နှစ် ရှိပြီး နယ်ခြား စောင့်တပ်ရင်း အမှတ် (၁၀၂၂) မှ ဖမ်းဆီး ခေါ်ယူ ခဲ့ပြီးနောက် ယခု ကဲ့သို့ အသတ်ခံ ခဲ့ရကြောင်း KNU ဘက်မှ ယူဆ ထားသည်။
ရဲဘော် စောတာနို၏ အလောင်းအား ယမာန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် သောင်ရင်း မြစ်နံဘေးရှိ သံတံတား အနီး၌ ပြန်လည် တွေ့ရှိ ခဲ့ပြီး သေနတ် ဒဏ်ရာများ အပါအဝင် အခြား ဒဏ်ရာ များနှင့် သေဆုံး ခဲ့ရခြင်း ဖြစ်သည်။