ဖက်ဒရယ် ဖွဲ့စည်းပုံ မပေါ်သရွေ့ လက်နက်ကိုင် တပ်များ အသွင်ပြောင်ရေးကို မွန်ပြည်သစ် လက်မခံ

ဖက်ဒရယ် ဖွဲ့စည်းပုံ မပေါ်သရွေ့ လက်နက်ကိုင် တပ်များ အသွင်ပြောင်ရေးကို မွန်ပြည်သစ် လက်မခံ
by -
ရွှေဟင်္သာ

တိုင်းရင်းသားများ၏ အမျိုးသား နိုင်ငံရေး ပြသနာကို မဖြေရှင်း နိုင်သရွေ့နှင့် အာမခံမှု ရှိသည့် ဖက်ဒရယ် ဖွဲ့စည်းပုံ မရေးဆွဲ နိုင်သရွေ့ မိမိတို့ လက်နက်ကိုင် တပ်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်အသီးသီး၏ လက်နက်ကိုင်တပ်များ အသွင် ပြောင်းရေးကို လက်ခံမည် မဟုတ်ကြောင်း (၆၇) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့၌ မွန်ပြည်သစ် ပါတီက ထုတ်ဖော် ပြောကြား လိုက်သည်။

“သေချာ တာကတော့ အပစ်အခတ် ရပ်စဲရေး ရတာလောက်နဲ့ ကျနော်တို့ လက်နက်ကိုင် တပ်တွေ ပြောင်းလဲ ဖွဲ့စည်းပြီး တမျိုး တဖုံနဲ့ အစိုးရ ထိန်းချုပ်မှုအောက် ရောက်ရှိ သွားမှာကို ကျနော်တို့ လက်မခံ နိုင်ဘူး၊ အလားတူပဲ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေကလည်း လက်ခံ နိုင်မှာ မဟုတ်ဘူး ၊ ကျနော်တို့ ရည်မှန်း ထားတဲ့ တိုင်းရင်းသား နိုင်ငံရေး ပြသနာကို မဖြေရှင်း နိုင်သရွေ့နဲ့ ဖက်ဒရယ် စနစ်ကို အာမခံတဲ့ ဖွဲ့စည်းပုံ မပေါ်မချင်းတော့ လက်နက်ကိုင်စွဲ နေရဦးမှာပဲ” ဟု မွန်ပြည်သစ်ပါတီ ပြောရေး ဆိုခွင့် ရှိသူ နိုင်ဟံသာ ဗိုန်ခိုင်က မွန်တော်လှန်ရေးနေ့ အခမ်းအနား အပြီး သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြား ခဲ့သည်။

phophtaw111

နှစ်ပေါင်း (၆၀) ကျော် (၇၀) နီးပါး မွန်အမျိုးသားတို့၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးနှင့် ကိုင်ပိုင်ပြဌာန်းခွင့် ရရှိရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့သည့် တစ်လျှောက်၌ မွန်ပြည်သစ် ပါတီ၏ အရာရှိ အရာခံ စစ်သည် (၁၂၀၀) ကျော် အသက် ပေးလှူ သွားခဲ့ရပြီ ဖြစ်ကြောင်းလည်း တော်လှန်ရေးနေ့ အခမ်းအနား၌ ဖတ်ကြား ခဲ့သည့် ကျဆုံး စစ်သည်များ စာရင်း အရ သိရှိ ရသည်။

၁၉၄၈ ခုနှစ် မြန်မာ့ သက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့် နေ့တွင် မွန်တိုင်းရင်းသား ကာကွယ်ရေး အဖွဲ့ (MNDO) မှ ကရင်ပြည်နယ် ဇာသပြင် ရဲစခန်းအား ဝင်ရောက် စီးနင်း၍ မွန်တော်လှန်ရေး အစပြု ခဲ့သည်ကို အစွဲပြု၍ မွန်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ် ထားခဲ့ကာ နှစ်စဉ် အခမ်းအနားများ ကျင်းပ ခဲ့ကြသည်။

ယခုနှစ်တွင် ကျရောက် ခဲ့သည့် (၆၇) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ် ပါတီ၏ ဦးဆောင် မှုဖြင့် ရေးချောင်းဖျားရှိ ဗဟိုဌာနချုပ် စခန်း၊ ထားဝယ်ခရိုင်၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင်နှင့် ဘုရားသုံးဆူမြို့နယ်နှင့် ဗဟိုဝန်းကျင်ဒေသ နေရာ (၅) နေရာ တို့၌ အသီးသီး အလားတူ အခမ်းအနားများ ပြုလုပ် ကျင်းပ ခဲ့ကြောင်း သိရှိ ရသည်။

ယခု ဘုရားသုံးဆူ မြို့နယ်နှင့် ဗဟိုဝန်းကျင် ဒေသအတွက် ဗလယ်ဒွန်းဖိုက် ကျေးရွာ၌ ကျင်းပသည့် ဗဟို ကော်မီတီ နိုင်ဟံသာ ဗိုန်ခိုင်၊ ဘုရားသုံးဆူ အခြေစိုက် မွန်ပြည်သစ်ပါတီ တပ်ရင်း (၅) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွန်တို့ အပါအဝင် သဘာပတိ (၅) ဦး ဦးဆောင် တက်ရောက် ခဲ့ကာ ဒေသခံ ၃၀၀ နီးပါး တက်ရောက် အားပေး ခဲ့ကြသည်။

လက်ရှိ အနေအထားတွင် အာဏာရ အစိုးရသည် အရပ်သား အစိုးရ အသွင်သဏ္ဍာန် ဆောင်နေသော်လည်း အနှစ်သာရ အားဖြင့် စစ်အစိုးရ ပုံစံ လက္ခဏာများ ပေါ်လွင် နေကြောင်း မွန်ပြည်သစ် ပါတီက စွပ်စွဲ ပြောဆို ထားသည်။

အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီး နောက်ပိုင်းတွင် ပင်လုံ စိတ်ဓါတ်၊ ပင်လုံမူကို အခြေခံပြီး ပါဝင်သင့် ပါဝင် ထိုက်သည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များ အားလုံး ပြည်ထောင်စု ညီလာခံကြီး တစ်ရပ် ကျင်းပ သွားနိုင်ရေး အမြန် အကောင်အထည် ဖော်ဆောင် ပေးရန်လည်း (၆၇) နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား၌ မွန်ပြည်သစ် ပါတီမှ တောင်းဆို ပြောကြား ထားပါသည်။

ထို့ပြင် တစ်ဖက်မှ တွေ့ဆုံ ဆွေးနွေးရေးကို ဖော်ဆောင်ကာ အခြား တစ်ဖက်မှ ကချင်နှင့် ရှမ်းနှင့် ပလောင် တိုင်းရင်းသား လက်နက်ကိုင် တပ်များကို တိုက်ခိုက် နေသည့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ သတိတရား စွဲကိုင်ကာ စောင့်ကြည့် သွားရန် လိုအပ်ကြောင်း မွန်တော်လှန်ရေးနေ့ အခမ်းအနား ထုတ်ပြန် ကြေငြာချက်၌ ဖော်ပြ ပါရှိပါသည်။

တိုင်းပြည်၏ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ပြသနာ ရပ်များ ပြေလည်မှု အတွက် အချိန် တစ်ခု ယူရမည်မှာ မှန်သော်လည်း အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲသည် ကြာမြင့် သည်ထက် ပိုမို ကြာရှည် နေပါက သံသယများ ကြီးများ လာကာ တိုင်းပြည် နစ်နာဖွယ် ရှိကြောင်းလည်း ထုတ်ပြန် ကြေငြာချက်၌ ထောက်ပြ ရေးသား ထားသည်။

သို့သော်လည်း တိုင်းရင်းသားများ လိုလားနေသည့် တိုင်းရင်သားတို့၏ အမျိုးသား နိုင်ငံရေး အခန်း ကဏ္ဍနှင့် ဘုံအကျိုးစီးပွား ဆိုင်ရာ နိုင်ငံရေး၊ စစ်ရေး အဓိက တောင်းဆို ချက်များမှာ ညှိနှိုင်းရန် ခက်ခဲလျက် ရှိကြောင်းလည်း နိုင်ဟံသာ ဗိုန်ခိုင်က ဆက်ပြောသည်။

“အခု NCCT အနေနဲ့လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ဖို့ ညှိနှိုင်း နေတာ ရှိပါတယ်၊ ဒါပေမယ့် ခြံုပြီး ပြောရရင် နိုင်ငံရေးနဲ့ စစ်ရေး ဆိုင်ရာ အရေးကြီး ကိစ္စရပ် တွေကို ညှိနှိုင်း နိုင်ကြခြင်း မရှိသေးဘူး ၊ ဒါကြောင့်လည်း တတိယ အကြိမ် တိုင်းရင်းသား လက်နက်ကိုင်တွေ လိုင်ဇာ ညီလာခံကို ထပ်မံ ခေါ်ဆို ခဲ့ရတာ ဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ ပြောရေး ဆိုခွင့် ရှိသူ နိုင်ဟံသာ ဗိုန်ခိုင်က ဆက်ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရမှ ကတိပေးထား သကဲ့သို့ ၂၀၁၃ ခုနှစ်ဆန်းတွင် လက်ရှိ အပစ်အခတ် ရပ်စဲရေး ရရှိထားပြီးသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကြီး ကျင်းပ ပေးမည်ဟူသည် မှာလည်း အကောင်အထည် မပေါ်ခဲ့ သေးကြောင်းလည်း မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၏ တော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့ ထားသည့် သဝဏ်လွှာ၌ ထောက်ပြ ပြောဆို ထားသည်။

မွန်ပြည်သစ် ပါတီ အနေနှင့်လည်း တိုင်းရင်းသား နိုင်ငံရေး ပြသနာ ရပ်များအား တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းလို၍ ၂၀၁၂ ဖေဖော်ဝါရီ လတွင် မွန်ပြည်သစ်ပါတီမှ ဒုတိယ အကြိမ် အပစ်အခတ် ရပ်စဲ ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖော်ပြ ထားသည်။

Most read this week