မွန်မြို့နယ် လေးခုတွင် ယခုနှစ်၏ အဆိုးဝါးဆုံး ရေကြီးမှုနှင့် ကြံုနေကာ လူအသေပျောက် ရှိခဲ့

မွန်မြို့နယ် လေးခုတွင် ယခုနှစ်၏ အဆိုးဝါးဆုံး ရေကြီးမှုနှင့် ကြံုနေကာ လူအသေပျောက် ရှိခဲ့
by -
ရွှေဟင်္သာ

မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ရေး မြို့နယ် များတွင် ယခုနှစ်၏ အဆိုးရွားဆုံး ရေကြီးမှု ဒဏ်ကို ကြံုတွေ့ နေရကာ လူပေါင်း ထောင်ချီ ရေဘေး လွှတ်ရာ ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဦးစီးမှူးက ပြောသည်။

“ရေက သြဂုတ်လ (၅) ရက်နေ့ကနေ စပြီး များလာတာပေါ့၊ ကျိုက်ထိုရယ် ဘီးလင်းရယ် သထုံရယ် ရေးရယ် အဲဒီ မြို့နယ် လေးခုမှာ နေအိမ်တွေ တော်တော် များများ ရေဝင်ရောက် လာတော့ လူတွေကို ရွှေ့ပြီး ကယ်ဆယ်ရေး စခန်းတွေမှာ ထားထား ရတဲ့ အခြေ အနေတော့ ရှိပါတယ်။ မိုးက ထပ်ပြီးရွာ ဦးမှာ ဆိုတော့ ရေက ကျနိုင်ဖွယ်တော့ မရှိ သေးဘူး၊ လှေတွေ ဘာတွေနဲ့ သွားလာဖို့ ရေကြီးတဲ့ အချိန်မှာ ကျောင်းတွေလည်း ခဏ ပိတ်ထားဖို့ ကျနော်တို့ နှိုးဆော် ထားပါတယ်” ဟု ဦးစီးမှူး ဦးသောင်းရွှေက ပြောသည်။

flood8

သြဂုတ်လ (၅) ရက်နေ့၌ မိုးအကြီးအကျယ် ရွာသွန်း၌ ရေကြီး ခဲ့ခြင်းကြောင့် ကျိုက်ထို မြို့နယ်မှ အိမ်ထောင်စု ၆၄၅ စုနှင့် လူဦးရေ ၂၈၈၃ ဦး တို့အလား ကယ်ဆယ်ရေး စခန်း (၄) ခု ရွှေ့ပြောင်း ထားခဲ့ ရသည်။ ဘီးလင်းမြို့နယ် ၌မူ အိမ်ထောင်စု ၁၀၅ စု နှင့် လူဦးရေ ၄၃၈ ဦး တို့အား ကယ်ဆယ်ရေး စခန်းငယ် (၁၄) ခု ရွှေ့ပြောင်း ပေးထား ရသည်။

ရေးမြို့နယ်၌မူ သြဂုတ်လ (၅) ရက်နေ့၌ ရေကြီး မှုကြောင့် ရေးမြို့ ကမ်းနားလမ်းနှင့် အနိမ့်ပိုင်း ရပ်ကွက် အချို့မှ အိမ်ထောင်စု များမှ လူဦးရေပေါင်း ၅၄၀ ကျော်ကို ရေးမြို့ အားကစား ရုံသို့ ခေတ္တ ပြောင်းရွှေ့ ခဲ့ရကာ သြဂုတ်လ (၆) ရက်နေ့၌ ရေပြန်ကျ၍ အိမ်ပြန် သွားကြပြီ ဖြစ်ကြောင်း သိရှိရသည်။

ကျိုကော် သိမ်ဆိပ်၌မူ သြဂုတ်လ (၅) ရက်နေ့၌ အိမ်ထောင်စု အချို့အား ခေတ္တ ရွှေ့ပြောင်း ခဲ့ရသော်လည်း သြဂုတ်လ (၆) ရက်နေ့၌ နေရပ် ပြန်သွား ကြပြီ ဖြစ်ကြောင်း ဆိုသည်။

ယခု ရက်ပိုင်း များအတွင်း မိုးသည်းထန်စွာ ရွာသွန်း ခဲ့မှုကြောင့် ကျိုက်ထို မြို့နယ် ကျိုက်ထီးရိုး တောင်ခြေ၌ မြေပြိုမှု ဖြစ်ပွားခဲ့၍ သြဂုတ်လ (၅) ရက်နေ့၌ အသက် (၂၂) နှစ် အရွယ် မကြူကြူသင်း မြေပိကာ သေဆုံး ခဲ့ရကြောင်း ဦးသောင်းရွှေနှင့် မြို့နယ် ပြန်/ဆက် တို့ထံမှ အတည်ပြုချက် အရ သိရှိ ရသည်။

ထို့ပြင်လည်း သထုံမြို့ သက္ကတောင် တောင်ပြို၍ မြေပိခံရကာ ရသေ့ကျော်သူဟု အမည် ရသည့် ရသေ့ တစ်ပါးလည်း သြဂုတ်လ (၅) ရက်နေ့၌ ပျံလွန် တော်မူ သွားခဲ့ကာ ၎င်း၏ ကြွှင်းကျန် ရုပ်လောင်းအား သြဂုတ်လ (၆) ရက်နေ့၌ သဂြိုလ် ခဲ့ကြောင်း သထုံရေဘေး ဒုက္ခသည် များအား အကူအညီ ပေးနေသည့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်မှ မနန်းစိုးက ပြောသည်။

အဆိုပါ သြဂုတ်လ (၅) ရက်နေ့၌ပင် မြဝတီ - သိပ်ဇရပ် လိုင်းအား ပြေးဆွဲ နေသည့် ခရီးသည် (၉) ဦးပါ “ရွှေဒေါန” ယဉ်လိုင်းမှာ ရေကြောင့် မျှောပါ သွားကာ (၂) ဦးမှာ ပျောက်ဆုံး နေ၍ သြဂုတ်လ (၆) ရက်နေ့ အထိ ပြန်မတွေ့ရ သေးကြောင်း ဦးစီးမှူးက ဆက်ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်း၍ မွန်ပြည်နယ်ရှိ မြို့နယ်များတွင် ရေကြီး၊ မြေပြို မှုများ ရှိခဲ့သဖြင့် လူအသေပျောက် ရှိခဲ့ကာ လူဦးရေ ၃ ထောင် နီးပါး ရေဘေး လွတ်ရာသို့ ရွှေ့ပြောင်း၍ ကယ်ဆယ်ရေး စခန်းများ ဖွင့်ထား ခဲ့ရပြီး အမျိုးသမီး တဦး သေဆုံးကာ (၂) ဦး ပျောက်ဆုံး နေကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီး ဌာန ဦးစီးမှူးက ပြောသည်။

 “ရေက ကားလမ်းပေါ် (၃) ပေကျော် မြင့်တက် နေပြီ ၊ မသွား ပါနဲ့လို့ တားနေရင်း တန်းလန်း ကနေ မောင်းထွက် သွားတာ ကျိုက်ထို မြို့နယ် ကမ်းနီ ကျေးရွာ ကားလမ်းဟောင်းမှာ တောင်ကျရေနဲ့ အတူ မြောပါ သွားတာ၊ ကားပေါ်မှာ ပါသွားတဲ့ စုစုပေါင်း (၉) ဦးထဲက (၇) ဦးကို ပြန်ဆယ်နိုင်ခဲ့တယ်၊ (၂) ဦးကတော့ မနေ့ကနဲ့ ဒီနေ့ မနက် အထိတော့ မတွေ့ရ သေးဘူး ရှာဖွေရေး လုပ်နေဆဲပဲ” ဟု ဦးစီးမှူး ဦးသောင်းရွှေ က ပြောသည်။

သြဂုတ်လ (၆) ရက်နေ့ နံနက်ပိုင်း မိုးလေ ဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ တိုင်းထွာ ချက်များအ ရဘီးလင်း မြစ်ရေသည် စိုးရိမ်ရေ အမှတ် (1022) စင်တီမီတာ အထက် (1040) စင်တီ မီတာသို့ ရောက်ရှိ နေသော်လည်း ကားလမ်း ပေါ်တွင် ရေများ ပြန်လည် ကျဆင်း နေသဖြင့် ကားများ သွားလာလျက် ရှိနေကြောင်း သိရသည်။

ထို့ပြင် ယခု ရက်ပိုင်း များအတွင်း၌လည်း မိုးဆက်တိုက် ရွာသွန်း နိုင်ရန် ရှိနေပြီး ရေကြီးမှု ထပ်မံ ဖြစ်ပွား နိုင်ခြေလည်း ရှိနေကာ ထူးခြား ဒီရေ မြင့်တက် နိုင်ခြေလည်း ရှိနေကြောင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနှင့် မိုးလေဝသ ပညာရှင် ဦးထွန်းလွင် တို့က ထုတ်ဖော် ပြောဆို ထားမှုလည်း ရှိပါသည်။

ဤရေကြီး မှုသည် ယခုနှစ် မိုးရာသီ၌ မွန်ပြည်နယ် အတွင်း ကြံုတွေ့ ခဲ့ရသည့် အဆိုးဝါးဆုံး ရေကြီးမှု တစ်ခုလည်း ဖြစ်သည်။

Most read this week