Geneva Call အဖွဲ့နှင့် ဒုတိယမြောက် စာချုပ် ချုပ်ဆို နိုင်ရေးအတွက် မွန်ပြည်သစ် လေ့လာ

Geneva Call အဖွဲ့နှင့် ဒုတိယမြောက် စာချုပ် ချုပ်ဆို နိုင်ရေးအတွက် မွန်ပြည်သစ် လေ့လာ
by -
ရွှေဟင်္သာ

လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုအား တားမြစ် ခြင်းနှင့် ကျား/မ ခွဲခြားမှု မပြုရေး ဒုတိယမြောက် သဘောတူ စာချုပ် ချုပ်ဆို နိုင်ရေး အတွက် မွန်ပြည်သစ် ပါတီမှ နှစ်ရက်တာ Geneva Call အဖွဲ့နှင့် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ကာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း မွန်ပြည်သစ် ပါတီ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေး ရုံးထံမှ သိရှိ ရသည်။

phophtaw28041401

၂၀၁၂ ခုနှစ် သြဂုတ်လ၌ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာ မြို့၌ မွှန်ပြည်သစ် ပါတီမှ ကိုယ်စားလှယ်များ "ကလေးစစ်သား အသုံး မပြုရေး" Geneva Call အဖွဲ့နှင့် စာချုပ် ချုပ်ဆို နေစဉ်၂၀၁၂ ခုနှစ် သြဂုတ်လ၌ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာ မြို့၌ မွှန်ပြည်သစ် ပါတီမှ ကိုယ်စားလှယ်များ "ကလေးစစ်သား အသုံး မပြုရေး" Geneva Call အဖွဲ့နှင့် စာချုပ် ချုပ်ဆို နေစဉ် ဓါတ်ပုံ - (မွန်ပြည်သစ်ပါတီ)

“အခု ဆွေးနွေးပွဲ ပြုလုပ်တယ် ဆိုတာက အဲဒီ စာချုပ်ပါ အချက် တွေကို လေ့လာ တယ်လို့ ပြောရမယ်၊ နိုင်ငံ တကာ စံချိန် စံညွှန်း သတ်မှတ် ချက်ကို သိရှိပြီး အဲဒီ အပေါ် ကျနော်တို့ အနေနဲ့ လိုက်နာ နိုင်တယ် ဆိုတာနဲ့ နှစ်ဖက် Geneva Call အဖွဲ့နဲ့ ကျနော်တို့ အကြား သဘောတူ လက်မှတ် ရေးထိုးနိုင်ဖို့ အကျယ် တဝင့် လေ့လာ တာပါ” ဟု တွဲဖွက် အတွင်းရေးမှူး နိုင်ဂျော်ယဲ့ က ပြောသည်။

ထို အလုပ်ရုံ ဆွေးနွေး ပွဲအား ထိုင်းမြန်မာ နယ်စပ် တစ်နေရာ၌ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့ များတွင် ပြုလုပ် ခဲ့ပြီး မွန်ပြည်သစ် ပါတီ ဗဟို ဌာနချုပ်နှင့် ခရိုင် အသီးသီး တို့မှ အုပ်ချုပ်ရေးနှင့် စစ်ဖက် ဆိုင်ရာ အရာရှိ ကြီးများ ၂၀ ဦးခန့် တက်ရောက်၍ ဆွေးနွေး ခဲ့ကြသည်။

ယခု ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲသည် မွန်ပြည်သစ်ပါတီ၏ တောင်းဆိုမှုကြောင့် Geneva Call အဖွဲ့မှ လာရောက် ရှင်းလင်း တင်ပြ ပေးရခြင်း ဖြစ်ကာ ၎င်း အလုပ်ရုံ ဆွေးနွေးပွဲသို့ ဗဟို ဌာနချုပ်မှ တွဲဖက် အတွင်းရေးမှူး နိုင်ဇဲယဲ့နှင့် ဗဟို အလုပ် အမှုဆောင် တစ်ဦး ဖြစ်သူ နိုင်အေးမွန်တို့ ကိုယ်တိုင် တက်ရောက်၍ ဆွေးနွေး ခဲ့ကြသည်။

ထို့ပြင် ယခု ဆွေးနွေးပွဲမှ ရရှိသည့် အမြင် သဘောထား၊ ရှင်းလင်းချက် များအား ဧပြီလ ၂၅ ရက်နေ့မှ စ၍ မွန်ပြည်သစ် ပါတီ ဗဟိုဌာနချုပ်၌ ကျင်းပလျက် ရှိသည့် မွန်ပြည်သစ် ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မီတီ အစည်းအဝေးသို့ တင်ပြ သွားမည် ဖြစ်သည်။ ထို့ပြင် ပါတီတွင်း သက်ဆိုင်ရာ အဆင့်ဆင့် အလိုက် ယခု မွန်ပြည်သစ် ပါတီမှ Geneva Call ထံမှ လေ့လာလျက် ရှိသည့် ဒုတိယမြောက် စာချုပ်နှင့် ပတ်သက်၍လည်း ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ် သွားမည်ဟု မွန်ပြည်သစ် ပါတီမှ ဆိုပါသည်။

အမျိုးသမီး များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုအား Geneva Call အဖွဲ့နှင့် လက်မှတ် မရေးထိုး ရသော်ငြားလည်း ပါတီ စည်းမျဉ် စည်းကမ်းနှင့် ဥပဒေ တို့၌ တင်းကျပ်စွာ တားမြစ်ကြောင်း ပြဌာန်း ထားပြီး ဖြစ်သည်ဟု မွန်ပြည်သစ် ပါတီမှ ဆိုပါသည်။

လက်နက်ကိုင် ပဋိပက္ခ အခြေအနေ အခြေအနေ များတွင် အမျိုးသမီး များအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုသည် အာဏာနှင့် လုပ်ပိုင်ခွင့် တည်ရှိသည့် အပေါ် အခြေတည်၍ ကျူးလွန် သည်ကို တွေ့ရှိ ရသည်ဟု Geneva Call အဖွဲ့မှ ဆိုပါသည်။

၎င်းပြင် လက်နက်ကိုင် အဖွဲ့ အစည်း အချို့မှာ ရည်ရွယ်ချက် ထားရှိ ချမှတ်၍ တစ်ဖက် ရန်သူ၊ ရန်သူ ထောက်ခံသူ အင်အားစု များအား စိတ်ဓါတ် စစ်ဆင်ရေး သဘောအရ လက်နက် တစ်ခု သဖွယ် အသုံးပြု ခဲ့ကြသည်ကို လေ့လာ တွေ့ရှိ ခဲ့ရကြောင်း Geneva Call အဖွဲ့မှ Senior Programm Office တစ်ဦး ဖြစ်သူ မစ္စတာ Chris Rush မှ အလုပ်ရုံ ဆွေးနွေး ပွဲတွင် ထည့်သွင်း ရှင်းလင်း ခဲ့ပါသည်။

Geneva Call အဖွဲ့သည် နိုင်ငံ တကာ စံညွှန်း များနှင့် အညီ မြေမြုပ်မိုင်း ဆိုင်ရာ သဘော တူညီချက်၊ ကလေး စစ်သား အသုံးမပြုရေး ဆိုင်ရာ သဘော တူညီချက်၊ အမျိုးသမီး များအား လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျား/မ ခွဲခြားရေး သဘော တူညီချက် စသည့် စာချုပ် သုံးရပ် တို့အား ထားရှိ ထားပါသည်။ ၎င်းအား အစိုးရ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်း များမှ ၎င်းစာချုပ် သုံးရပ် အပေါ် လက်မှတ် ရေးထိုး နိုင်ရေးနှင့် လိုက်နာ ကျင့်သုံး နိုင်ရန် အကောင်အထည် ဖော်နေလျက် ရှိသည်။

မွန်ပြည်သစ် ပါတီ အနေနှင့်မူ ကလေးစစ်သား အသုံးမပြုရေး ဆိုင်ရာ အချက် ၁၆ ချက်ပါ သဘော တူညီချက် စာချုပ် တစ်ခု ကိုသာ ပြီးခဲ့သည့် ၂၀၁၂ သြဂုတ်လ ၃ ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာ မြို့သို့ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ရ လက်မှတ် ရေးထိုး စေခဲ့ပြီး ဖြစ်ကာ ယခု မူကား Geneva Call အဖွဲ့နှင့် ဒုတိယမြောက် စာချုပ် ချုပ်ဆို နိုင်ရေး အတွက် လေ့လာ နေခြင်း ဖြစ်သည်။

ထိုအမျိုးသမီး များအား လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျား/မ ခွဲခြားရေး သဘော တူညီချက် စာချုပ်ကိုမူ မြန်မာ နိုင်ငံ တိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခု ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ကမူ Geneva Call အဖွဲ့နှင့် လက်မှတ် ရေးထိုး ထားပြီး ဖြစ်သည်။

၂ဝ၁၁ ခုနှစ် ကတည်းကပင် Geneva Call မှ NMSP, KNU, KNPP, PSLF, CNF, LDU, PNLO, SSA-S, KIO အဖွဲ့အစည်း (၉) ဖွဲ့တို့နှင့် တွေ့ဆုံ ခဲ့ပြီး မြေမြှုပ်မိုင်း အသုံး မပြုရေး ကိစ္စ၊ စစ်ပွဲ များအတွင်း ကလေးစစ်သား များ အသုံး မပြုရေးနှင့် ကလေး သူငယ်များ အကာအကွယ် ပေးရေး ကိစ္စ၊ စစ်ပွဲများ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေး ပွဲများ ပြုလုပ် နိုင်ခဲ့သည်ဟု Geneva Call ၏ ၂ဝ၁၁ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြထားသည်။

Geneva Call အဖွဲ့သည် ဆွစ်ဇာလန် တရားဥပဒေ အောက်တွင် တည်ထောင် ထားသည့် အစိုးရ မဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်း တရပ် ဖြစ်ပြီး ရုံးချုပ်မှာ ဂျီနီဗာ မြို့၌ တည်ရှိသည်။

Most read this week