အစိုးရ စကခ (၁၆) လက်အောက်ခံ တပ်များနှင့် ပန်းဆေး ကျော်မြင့် ပြည်သူ့စစ် ပူးပေါင်း ထားသည့် စစ်ကြောင်း တို့နှင့် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ယနေ့ ဧပြီလ ၂၃ ရက်နေ့၌ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ် အတွင်း (၃) နေရာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ဒုတိယ စစ်ဦးစီးချုပ် ဒု-ဗိုလ်မှူးကြီး တာခူးလမ်းက ဆိုပါသည်။
“ကျနော်တို့ အဖွဲ့က မူးယစ် ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း စဉ်မှာ လူထု ရှင်းလင်းပွဲ လုပ်နေတဲ့ အချိန်မှာ အစိုးရ စစ်ကြောင်း တွေက ကျနော်တို့ကို လိုက်လံ တိုက်ခိုက်တယ်၊ သူတို့ (စကခ ၁၆ လက်အောက်ခံ အစိုးရတပ်) တွေနဲ့ အတူ ပန်းဆေး ကျော်မြင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် တွေကလည်း အစိုးရတပ် ယူနီဖောင်း ဝတ်ပြီး လမ်းပြ အဖြစ် လိုက်ပါ လာကြတယ်” ဟု ဒုတိယ စစ်ဦးစီး ချုပ်က ဆိုပါသည်။
တအန်းဒေသ နမ့်ခမ်းမြို့ မြန်မာ့ တပ်မတော် တပ်စခန်း (စခန်းသစ်) ၌ ယနေ့ ဧပြီ ၂၃ ရက်နေ့ နံနက် ၀၅း၃၀ နာရီ ချိန်ခန့်မှ တအန်း တပ်မတော် တပ်ရင်း ၁၁၂ နှင့်အစိုးရ တပ်တို့ ၁၅ မိနစ်ခန့် တိုက်ပွဲ ဖြစ်ခဲ့ကြောင်းသိ ရသည်။
ထို့နောက် ဆက်၍ ယနေ့ နံနက် (၉) နာရီ၌ တစ်ကြိမ်နှင့် နေ့လည် ၁၀း၃၀ နာရီ အချိန်တွင် ပန်ဆေးကုန်း ဒေသမှ နမ့်ခမ်း မြို့ဖက်သို့ ပြန်ဆင်း လာသည့် စကခ ၁၆ လက်အောက်ခံ မြန်မာ စစ်ကြောင်းအား တအန်း တပ်မတော် တပ်ရင်း (၄၇၈) မှ နမ့်ခမ်း မြို့အနီး ဆာလူ အုပ်စု ငေါ့ခိုက် (ကြူးဆိုင်း) ရွာ အောက် နမ့်ခမ်း-နမ့်ဖတ်ကာ ကားလမ်းပေါ်တွင် တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့ကြသည်။
တအန်း မိဘ ပြည်သူ များ၏ တောင်းဆိုချက် အရ တအန်း လူမျိုးများ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းဝယ် ခြင်းမှ ပပျောက် သွားအောင် တအန်း ဒေသသို့ ကွင်းဆင်း စည်းရုံး ဟောပြော နေသည့် တအန်း တပ်မတော်အား လိုက်လံ တိုက်ခိုက် လမ်းကြောင်း ပိတ်ဆို့ နေသဖြင့် တအန်း တပ်မတော်မှ ပျောက်ကျားစစ် ပြန်လည် ဆင်နွဲ ရခြင်း ဖြစ်ကြောင်း တအာင်း တပ်မတော် ပြန်ကြားရေး ဌာနက သတင်း ထုတ်ပြန် ထားပါသည်။
အစိုးရ တပ်မှ ချီတက် လာနိုင်မည့် လမ်းကြောင်းအား မှန်းဆ၍ လမ်းကြောင်း နှစ်ခုမှ မိုင်းများအား ထောင်ထား၍ လည်ကောင်း ၊ အခြား လမ်းကြောင်း တစ်ကြောင်းမှ ဆီးကြို၍ လည်ကောင်း စောင့်ဆိုင်း နေစဉ် အသင့် တက်လာသည့် အစိုးရတပ် စစ်ကြောင်းများနှင့် တိုးခဲ့သဖြင့် တိုက်ပွဲ ဖြစ်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
လမ်းကြောင်း နှစ်ကြောင်းမှ မိုင်းနှစ်လုံးစီ စုစုပေါင်း (၄) လုံး ထောင်ထားခဲ့ပြီး အားလုံး ပေါက်ကွဲ ခဲ့ကာ အစိုးရ တပ်မတော်မှ တပ်သားများ ထိခိုက်မှု အများအပြား ရှိသည်ဟု တအန်း တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဒု-ဗိုလ်မှူးကြီး တာခူးလမ်က ပြောသည်။
တိုက်ပွဲ အတွင်း တအန်းတပ် ၄၇၈ မှ ပစ်လိုက်သည့် အာပီဂျီ ကျည်ဆံ ထိမှန်၍ အစိုးရ တပ်ဖွဲ့ ဝင်များ စီနင်း လာသည့် ကားနှစ်စီး ထိမှန် ပျက်စီး သွားကြောင်း တအန်း တပ်မတော် ပြန်ကြားရေး ဌာန၏ ယနေ့ သတင်း ထုတ်ပြန် ချက်၌ ဖော်ပြ ထားပါသည်။
ယနေ့ နေ့လည် (၁၀) နာရီခွဲ နောက်ပိုင်းတွင် အစိုးရ တပ်များ နမ့်ခမ်း မြို့နယ် တွင်းသို့ ပြန်လည် ဆုတ်ခွာ သွားခဲ့ သဖြင့် တိုက်ပွဲမှာ ပြန်လည် ငြိမ်သက် သွားကြောင်း ဒုတိယ စစ်ဦးစီးချုပ်က ဆိုကာ အကယ်၍ စစ်ကြောင်းဆင်၍ ထပ်မံ တိုက်ခိုက် လာပါက ပြန်လည် ဖြစ်ပွား နိုင်ဖွယ် ရှိကြောင်းလည်း ဆိုပါသည်။
ပလောင် ဒေသ၌ လူငယ် လူရွယ် များ၏ ၈၀ ရာခိုင်နှုန်း ကျော်မှာ မူးယစ် ဆေးဝါးအား သုံးစွဲ နေကြသည်ကို တွေ့ရှိ နေရသဖြင့် ၄င်းအား လိုက်လံ ရှင်းလင်း ရခြင်း ဖြစ်ကြောင်း တအန်း တပ်မတော်မှ ဆိုပါသည်။