အမေရိကန်ပြည်ထောင်စုကို ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ရောက်ရှိလာသော KIA ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် အဖွဲ့ဝင်လေးဦးသည် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ကာကွယ်ရေး ၀န်ကြီးဌာနက ပုဂ္ဂိုလ်များ အပါအဝင် အခြား အရေးကြီး ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဗိုလ်ချုပ်ဂွန်မော်နှင် အဖွဲ့သည် ဧပြီလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် Ms Samantha Power ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Ms Wendy Sherman လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr Rick Barton တို့အပြင် အမျိုးသား လုံခြံုရေးကောင်စီ၊ ကာကွယ်ရေး ဝန်ကြီး ဌာနနဲ့ နိုင်ငံတကာ အကူအညီပေးရေးဌာနက အရာရှိများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ဂွန်မော်နှင့် အဖွဲ့ကို ကြိုဆိုသော အခမ်းအနားတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တဦးဖြစ်သည့် Tom Malinowski က ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာပြည်မြောက်ပိုင်း စစ်မျက်နှာပြင်မှာ အမေရိကန် တပ်ဖွဲ့ဝင်များစွာ၏ အသက်များကို ကချင်တပ်သားတွေက ကယ်တင်နိုင်ခဲ့ကြောင်း ယခုအချိန်မှာ မြန်မာနိုင်ငံမှာ အရှိန်ယူနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ကူညီရာမှာ အမေရိကန်အစိုးရက KIO နဲ့လည်း လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၆ရက်နေ့တွင် ၀ါရှင်တန်မြို့တော်ရှိ Johns Hopkins တက္ကသိုလ် CSIS မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာဌာနကကြီးမှူး ကျင်းပသော ဆွေးနွေးပွဲတွင် ဗိုလ်ချုပ် ဂွန်မော်တက်ရောက်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်မှုများနှင့် ကချင်ပြည်က အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
အလားတူ စနေ့နေ့ ညနေပိုင်းကလည်း ဗိုလ်ချုပ် ဂွန်မော် နှင့်အဖွဲ့သည် ၀ါရှင်တန် ဒီစီမြိ့ုတော်၊ မေရီလန်းနှင့် ဗာဂျီးနီးယားပြည်တွင် နေထိုင်ကြသော ကချင်တိုင်းရင်းသားများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ဆောင်ရွက် နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြခဲ့သလို ကချင်ပြည်နယ်တွင်း နောက်ဆုံး အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းချက်များကို ရှင်းပြခဲ့ကြောင်းသိရသည်။
ဗိုလ်ချုပ်ဂွန်မော်နှင့် အတူလိုက်ပါလာသော အဖွဲ့ဝင်များမှာ ဗိုလ်မှူးကြီး ရှန်လွမ်၊ ဗိုလ်မှူးကြီး ဂေါ်လူလ နှင့် ဒေါ်ဂျာနန်တို့ ဖြစ်ကြောင်း သိရသည်။