၂၀၁၄ ခုနှစ်လူဦးရေ သန်းခေါင်စာရင်းစစ်တမ်းကောက်ခံရာတွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်း ဖျားဒေသ၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ကျေးရွာအချို့နှင့် ဘုရားသုံး ဆူမြို့နယ်ခွဲနေရာအချို့တို့၌ မွန်ပြည်သစ်ပါတီနှင့် ပူးပေါင်းဆောင် ရွက်ရန်မည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးဝင်းရဲထွန်းက ပြောသည်။
ဦးဝင်းရဲထွန်းက “ လုံခြုံရေးပေးရမယ့်နေရာရယ်၊ မွန်ပြည်သစ်ပါတီ အကူအညီ လိုအပ်တဲ့ နေရာတွေရယ် အဲဒါတွေကို မွန်ပြည်သစ်ပါတီနဲ့ ညှိနှိုင်း ပြီးပါပြီး။ စာရင်းကောက်ခံရေး အဖွဲ့တွေကိုတော့ ကျနော်တို့ လဝက လူတွေမဟုတ်ဘူး။ ဒေသခံ မွန်စာသင်ကျောင်းတွေက ဆရာ၊ ဆရာမ တွေကိုဘဲ ကောက်ခံရေးနည်း လမ်းတွေ သင်ကြားပေးပြီး ကောက်ခံသွားမယ်” ဟုဆိုသည်။
မွန်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံရေးတွင် နေရာအများစုသည် သွားလာရေး လွယ်ကူပြီး အကောင်အထည် ဖေါ်ရသည်မှာ လွယ်ကူကြောင်း၊ မွန်ပြည် သစ်ပါတီ ထိမ်းချုပ်သော တချို့နေရာသာ ညှိနှိုင်းစရာရှိသဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ (၁၅) ရက်နေ့၌ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ဘားအံမြို့သို့ ရောက်ရှိစဉ် ထပ်မံညှိနှိုင်းခဲ့ကြပြီး ဖြစ်သည်။
မွန်ပြည်သစ် ပါတီ ကလည်း ၄င်းတို့ ထိန်းချုပ် နယ်မြေ တွင်းရှိ ကျေးရွာပေါင်း (၂၀)ခန့်တွင် သန်းခေါင် စာရင်း ကောက်ယူရေး၌ ပူးပေါင်းဆောင်ရွက်သွားရန် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ညှိနှိုင်း ထားပြီး ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီတွဲဖက်အတွင်းရေးမှူး နိုင်ဇေယျက ပြောသည်။
အထူးသဖြင့် ထိုင်းမြန်မာနယ်စပ်ရှိ မွန်ပြည်သစ်ပါတီ ထိမ်းချုပ်နယ်မြေ ဗဟိုဝန်းကျင်ဒေသများဖြစ်သည့် ဘုရားသုံဆူမြို့နယ်ခွဲ၊ ရေးချောင်းဖျားဒေသနှင့် တနင်္သာရီတိုင်းရေဖြူမြို့နယ်နယ်စပ် ဒေသများ ဖြစ်ကြသည်။
ဘုရားသုံးဆူ မြို့နယ်ခွဲအတွင်းရှိ ကျေးရွာပေါင်း (၉)ရွာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်းရှိ ကျေးရွာတချို့အား စာရင်းကောက်ယူရေးတွင် လုံခြံုရေးတာဝန်ယူပေးမည်ဟု ညှိနှိုင်းထားသည်ဟု ဆိုသည်။
မွန်ပြည်သစ်ပါတီသည် မွန်လူမျုုိးတိုင်း မှတ်ပုံတင်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းထားရှိရေး မူဝါဒရှိကြောင်း၊ အ ထူးသဖြင့် လူဦးရေအမှန်ရရှိရေးနှင့် အ ရွယ်ရောက်သူတိုင်း မဲပေးခွင့်ရရှိရေးကို ရည်မှန်းထားကြောင်း ဆိုပါသည်။
မွန်လူမျိုးတို့သည် မွန်ပြည်နယ်တွင် အဓိက နေထိုင်ကြသော်လည်း ထက်ဝက်ခန့်သည် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း ၊ပဲခူးတိုင်းနှင့် တနင်္သာရီတို့တွင် ရှိနေကြောင်း ခန့်မှန်းကြပါသည်။
အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ မွန်လူဦးရေ စာရင်းအမှန် ရရှိနိုင်ရေး အတွက် ကောက်ခံနေ ကြလျှက်ရှိသည်။