နမ့်လင်းပါနှင့် မုန်းဒိန်ပါရွာအား အစိုးရတပ်ဖွဲ့ဖျက်ဆီး

နမ့်လင်းပါနှင့် မုန်းဒိန်ပါရွာအား အစိုးရတပ်ဖွဲ့ဖျက်ဆီး
by -
ရွှေဟင်္သာ

ကချင် ပြည်နယ် ဗန်းဗော် ခရိုင် မန်စီ မြို့နယ်ရှိ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရ တပ်တို့ အကြား တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား ခဲ့သည့် နမ့်လင်းပါ ကျေးရွာ မုန်းဒိန်ပါ ကျေးရွာ များအား အစိုးရ တပ်များ ဆုတ်ခွာ သွားပြီးနောက် ရွာအား ဖျက်ဆီး ခဲ့ကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ယက်နှင့် ယင်းဒေသ အခြေစိုက် KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဗိုလ်မှူး ဂျွှန်းအောင်တို့က ပြောသည်။

အစိုးရ တပ်များ ဖျက်ဆီး ခဲ့သည့် အိမ်တစ်လုံးအား တွေ့ရစဉ် အစိုးရ တပ်များ ဖျက်ဆီး ခဲ့သည့် အိမ်တစ်လုံးအား တွေ့ရစဉ်

“စစ်ပြေး ဒုက္ခသည် စခန်း၊ စာသင် ကျောင်းများ ၊ ဘုရားကျောင်း တွေကို ပစ်ခတ် ဖျက်ဆီး သွားတယ်၊ ရွာသား တွေရဲ့အိမ်၊ ဒုက္ခသည် တွေအတွက် အလှူရှင်တွေ လှူဒါန်း ထားတဲ့ စားနပ် ရိက္ခာ တွေရောပဲ၊ သယ်လို့ ရတာ သယ်တယ်၊ သယ်လို့ မရတာ ဖျက်ဆီး ခဲ့တယ်” ဟု ကချင် ငြိမ်းချမ်းရေး ကွန်ယက်မှ ဆရာမ ခွန်ဂျာက ပြောသည်။

ထိုဒေသတဝိုက်တွင် အစိုးရတပ်ရင်းများ အမြဲတမ်း လဲလှယ်ခဲ့သဖြင့် မည်သည့် တပ်ရင်းဖျက်ဆီးခဲ့သည်ကို မသိရကြောင်း တပ်ရင်း (၁၂) တပ်ရင်းမှူး ဗိုလ်မှူး ဂျွှန်းအောင်က ပြောသည်။

“သူတို့ ဘယ်တပ် ဘယ်တပ် ဆိုတာလည်း မသိတော့ဘူး၊ ဒီစစ်ဆင်ရေး အတွင်းမှာတော့ အမြဲတမ်း လဲနေတယ်၊ သေချာ တာက သူတို့ ရွာတွေက ပြန်ထွက်တော့ အားလုံး ဖျက်ဆီး သွားတယ်၊ ကျွှဲ၊ နွား တွေလည်း သတ်စား ၊ မကုန်တာ ချန်ထား၊ ယူနိုင်တာက အားလုံး ယူသွား၊ မနိုင်တာကို ဖျက်ဆီး၊ စောင်တွေ ဆိုရင် ကတုတ်ကျင်း ခင်းဖို့ အတွက်သုံး အဲလိုမျိုး ဖျက်ဆီး သွားတယ်” ဟု ဗိုလ်မှူး ဂျွှမ်းအောင်က ပြောသည်။

ယခုတွင်လည်း အစိုးရတပ်များ ရွာမှထွက်ခွာသွားသော်လည်း ရွာအနီးအနားပတ်ဝန်းကျင်၌ နေရာခွဲ၍ တပ်စွဲနေရာယူထားဆဲ ဖြစ်ကြောင်း ဗိုလ်မှူး ဂျွှန်းအောင်က ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၃ ဒီဇင်ဘာလတွင် အစိုးရ တပ်များ တစ်ကြိမ် ရွာမှ ထွက်ခွာ သွားပြီး မကြာမီပင် ပြန်လည် ဝင်ရောက် လာခဲ့ ကြောင်းလည်း ဗန်းမော်မြို့ ဂရုဏာ လူမှုကူညီမှု အသင်းမှ ကိုနော်ဒင်းက ပြောသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၈) ရက်နေ့ လောက်မှာ တစ်ကြိမ် ထွက်သွား ပြီးပြီ၊ ပြီးတော့ ပြန်ဝင် လာတယ် ၊ ဒီဇန်နဝါရီ (၁၂) ရက်နေ့ မနက် စောစော (၄) နာရီ လောက်မှာ ရွာကနေ ထပ်ထွက် သွားပြီး ရွာနားမှာ နေရာ ပြန်ယူ ထားတယ်၊ ပြီးခဲ့တဲ့ တစ်ပတ် လောက်က အဲဒီ နေရာမှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ပြီးနောက်မှာ အခုလို ထွက်သွားတယ်” ဟု ကိုနော်ဒင်းက ပြောသည်။

KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၁၂ တပ်ဖွဲ့ များနှင့် အစိုးရ တပ်တို့သည် ၄င်း မုန်းဒိန်ပါ၊ နန့်လင်းပါ၊ ကောင်ဂျာ ရွာများ တို့၌ ပြီးခဲ့သည့် ၂၀၁၃ အောက်တိုဘာလမှ စ၍ နှစ်ဖက် အကြား တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား ခဲ့ကြသည်။

ယင်းဖြစ်စဉ်တွင် အစိုးရတပ်များက မုန်းဒိန်ပါ ဒုက္ခသည် စခန်းကိုဝင်ရောက်စီးနင်းကာ ကျေးရွာသားများကို ရွာရှိ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း၌ စုဝေးဖမ်းဆီး ထားခဲ့သည်။

မုန်းဒိန်ပါ၊ နန့်လင်းပါ၊ ကောင်ဂျာ ရွာများမှ စစ်ပြေး ဒုက္ခသည် အရေ အတွက်သည် ၄၀၀၀ ဝန်းကျင်ခန့်လည်း အနီးအနား ရွာများနှင့် ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။