သံလွင်မြစ်ရေကာတာ အကျိုးဆက်သက်ရောက်မည့်နေရာအား ထိုင်းသတင်းစာဆရာများလေ့လာ

သံလွင်မြစ်ရေကာတာ အကျိုးဆက်သက်ရောက်မည့်နေရာအား ထိုင်းသတင်းစာဆရာများလေ့လာ
by -
ရွှေဟင်္သာ

သံလွင် မြစ်ကြောင်း ပေါ်တွင် တည်ဆောက် ထားသည့် ရေကာတာ များ၏ အကျိုးဆက်များ ခံစားရနိုင်မည့် ရှမ်း၊ ကယား၊ ကရင်၊ မွန်ဒေသများအား လေ့လာသည့်အနေဖြင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဘီလူးကျွန်းရှိ ကျေးရွာ (၅) ရွာအား ထိုင်းသတင်းစာ ဆရာများက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် လာရောက် လေ့လာခဲ့သည်။

“ကျနော်တို့ လာတဲ့ ရည်ရွယ် ချက်က သံလွင်မြစ် တစ်လျှောက် နေထိုင် လုပ်ကိုင် စားသောက် သူတွေ၊ အပေါ်မှာ ရေကာတာဆောက်မယ် ဆိုရင် အောက်ဘက်က လူတွေ ဘယ်လို ထိခိုက် နိုင်မလဲ ဆိုတာကို လေ့လာ တာလည်း ဖြစ်တယ်။ ထိခိုက် များတာကသံလွင်မြစ် အောက်ပိုင်းက ပြည်သူတွေ ဖြစ်ပြီးထိုင်း ကလည်း နည်းနည်းထိခိုက် တာပေါ့။ ရေကာတာရဲ့ အကျိုး ရလာဒ် ရတာကထိုင်းကုမ္မဏီက အများ စုလို့ ပြောတယ်” ဟု ၄င်း ခရီးစဉ်တွင် လိုက်ပါ ခဲ့သည့် ဓါတ်ပုံ မှတ်တမ်းနှင့် ခရီးစဉ် တာဝန်ခံ မန်နေဂျာ Chairat Jirojmontree က ပြောသည်။

၄င်းခရီးစဉ်တွင် ထိုင်းသတင်းစာ ဆရာများ အဖွဲ့မှ (၁၀) ဦး ၊ တိုးတက်သော မွန်လူငယ် အစည်းအရုံး (MYPO) မှတစ်ဦးနှင့် ကရင်မြစ်ချောင်း စောင့်ကြည့်ရေးအဖွဲ့ (KRW) မှ (၁) ဦးတို့ လိုက်ပါ လာခဲ့ကြသည်။

မွန်ပြည်နယ် အတွင်းရှိ ဘီလူးကျွှန်းသို့ ပထမဆုံး လာရောက် ရခြင်း မှာလည်း ကျန်ဒေသ ဖြစ်သည့် ရှမ်း၊ ကရင်၊ ကယား ဒေသ များတွင် နယ်မြေ မငြိမ်သက် မှုများ ရှိပြီး အချို့ နယ်မြေတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်တို့ အကြား နှစ်ဖက် ပစ်ခတ်မှုရှား ရှိနေ သေးသဖြင့် မွန်ပြည်နယ်သို့ ဦးစွာ လာရောက်ခြင်း ဖြစ်ကြောင်းလည်း Chairat Jirojmontree က ဆက်ပြောသည်။

သံလွင် မြစ်ကြောင်း ပေါ်တွင် ရေကာတာပေါင်း (၆) ခု တည်ဆောက်ရန်လျာထားကာ ရှမ်းပြည်နယ်တွင် ကွမ်းလုံ ရေကာတာ၊ နောင်ဖ ရေကာတာ၊ မန်တောင် ရေကာတာ၊ တာဆန်း (မိုင်းတုံ) ရေကာတာ၊ ကယား ပြည်နယ်တွင် ရွာသစ် ရေကာတာ၊ ကရင် ပြည်နယ်တွင် ဟတ်ကြီး ရေကာတာ တို့ ဖြစ်သည်။

မွန်ပြည်နယ်တွင် ရေကာတာတည်ဆောက်ထားခြင်း မရှိသော်လည်း အထက် သံလွင် မြစ်ဖျားမှ တည်ဆောက် ထားသည့် ရေကာတာ များ၏ သက်ရောက်မှု အကျိုးဆက် များအား အဓိက ခံစား ရမည့် ပြည်နယ် ဖြစ်သည့် အတွက် လာရောက် လေ့လာ ခဲ့ခြင်း ဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါ သွားခဲ့သည့် MYPO အဖွဲ့မှ မိအားချိုင်း က ပြောသည်။

“သံလွင်မြစ် အထက်ပိုင်းမှာ ဆောက်ထားတဲ့ဆည်တွေရဲ့ အကျိုးဆက်က မွန်ပြည်နယ်မှာလာရောက်ကြီးကြီး မားမား ထိခိုက် နေတာကို၊ ဆည်ဆောက်မယ် ဆိုရင် ပြည်သူအတွက်ဘာအကျိုး ရမှာလဲ၊ အစိုးရက ဘယ်လောက် တာဝန် ယူပေးဖို့ ရှိလဲ၊အစိုးရကတာဝန် မယူပေး နိုင်ရင် ကရင်အဖွဲ့၊ ရှမ်းအဖွဲ့၊ ထိုင်းအဖွဲ့နှင့် တရုတ် တွေနဲ ပူးပေါင်းပြီး မဆောက် နိုင်အောင် တားဆီးဖို့ ဝိုင်းဝန်း လှုံ့ဆော် သွားကြမယ်” ဟု မိအားချိုင်းက ပြောသည်။

ထိုသံလွင် မြစ်ကြောင်း ပေါ်ရှိ ရှမ်းပြည်နယ်တွင် ရေကာတာ တည်ဆောက်ရန် အတွက် နယ်မြေ ရှင်းလင်း သဖြင့် နေရပ် ရွှေ့ပြောင်း စေမှုကြောင့် နေရပ် စွန့်ခွာ ဒုက္ခသည်များ သိန်းဂဏန်း အထိ ရှိခဲ့ကာ ၊ ကရင် ဒေသ ၌လည်း အလားတူ နေရပ် စွန့်ခွာ ဒုက္ခသည်များ ရှိခဲ့ကြောင်း နိုင်ငံတကာ မြစ်ချောင်းများ အဖွဲ့ (International Rivers) ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြ ထားသည်။

ထို့အပြင် မြစ်ကြောင်းနှင့် ဘေးပတ်ဝန်းကျင် ဂေဟ စနစ် ပြောင်းလဲမှုကြောင့် မှီတင်းနေထိုင်သည့် ရေနေ၊ ကုန်းနေ သတ္တဝါများ ရှင်သန် ကြီးထွားမှုနှင့် ၄င်းမြစ်ချောင်း တို့အပေါ် အမှီအခို ပြုသည့် လူများလည်း လုပ်ငန်းများ ပျက်စီး မည်မှာ စိုးရိမ်စရာ ဖြစ်နေကြောင်း ဆက်လက် ဖော်ပြ ထားပါသည်။

သို့သော်လည်း ရေကာတာ တည်ဆောက်ခြင်း၏ အကျိုးဆက် ဆိုးကျိုး များအား ဒေသခံ များမှ သိရှိမှု အားနည်း နေသေး ကြောင်းနှင့် ၄င်းကြောင့် ကြီးမားစွာ သက်ရောက်မည် ဆိုပါက မဆောက် စေလိုကြောင်း ဘီလူးကျွှန်း မုနိုင်းရွာမှ လယ်သမား တစ်ဦးက ပြောသည်။

“ရေကာတာ ဆောက်ရင် ထိခိုက်မယ် ဆိုရင် မဆောက်စေ ချင်ဘူးလေ၊ အချို့ ဆိုရင် လယ်တွေ ပျက်စီးပြီးလုပ်လို့ မရတဲ့ အတွက်နိုင်ငံခြားကို ထွက်သွား ကုန်ကြ တယ်လေ၊ ဒီနေရာကရေချိုနဲ့ရေငန်စပ် ဆိုတော့ သားငါး လည်းကောင်း၊ စိုက်ပျိုးရေးလည်း ကောင်းတယ်၊ အကယ်၍ သံလွင် မြစ်ကြောင်း တစ်လျှောက်မှာ ရေကာတာ ဆောက်မယ် ဆိုရင် ရေချိုတွေ မရတော့ရင် ရေငန် ဖုံးလွှမ်း မယ်လေ သောက်ရေ ကအစ ပြဿနာ တွေ့မယ်” ဟု ဘီလူးကျွန်း၊ မုနိုင်း ရွာမှ လယ်သမား နိုင်သိန်းလွင်က ပြောသည်။

အဆိုပါ ထိုင်းသတင်းစာ ဆရာ များနှင့် အဖွဲ့သည် ယနေ့ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ဘားအံ မြို့သို့ လေ့လာရန် ဆက်လက် ထွက်ခွာ သွားပြီး ဘီလူးကျွှန်းသို့ ထပ်မံ လာရောက်၍ လေ့လာဦးမည် ဖြစ်ကြောင်း သိရှိ ရသည်။

အရှည် ၅၄၅၀ မီတာ (၁၇၈၈၀ ပေ) ရှည်သည့် သံလွင် မြစ်သည် တိဘက် ကုန်းပြင်မြင့်ရှိ ဂွမ်ဟိုင်းတောင် တန်း များတွင် မြစ်ဖျား ခံ၍ တရုတ်၊ လာအို၊ ထိုင်းတို့ကို ဖြတ်၍ မြန်မာ နိုင်ငံတွင်မူ ရှမ်းပြည်နယ်မှ စတင် စီးဆင်းကာ မွန်ပြည်နယ်တွင် ပင်လယ်သို့ ဆီးဝင် သွားသည်။

၄င်း မြစ်ကြောင်း ဖြတ်သန်းရာ နိုင်ငံများတစ်လျှောက်တွင် မြစ်ဝ ကျွန်းပေါ်များကိုပို့ချခဲ့သည့် အရှေ့တောင် အာရှတွင် အကြီးဆုံးမြစ်ဝှမ်းလွင်ပြင်ဖြစ်ကာ ခန့်မှန်း ၃၂၄,၀၀၀ စတုရန်း ကီလိုမီတာ (၁၂၅,၀၀၀ စတုရန်းမိုင်) ရှိကြောင်း မှတ်တမ်းများအရ သိရှိရသည်။