NCCT နိုင်ငံရေး တွေ့ဆုံပွဲမူဘောင် အလုပ်ရုံ ဆွေးနွေးပွဲပြီးဆုံး

NCCT နိုင်ငံရေး တွေ့ဆုံပွဲမူဘောင် အလုပ်ရုံ ဆွေးနွေးပွဲပြီးဆုံး
by -
ရွှေဟင်္သာ

နိုင်ငံခြား ပညာရှင် များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စား လှယ်များ တက်ရောက်သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင် ရေးဆွဲ နိုင်ရေး အထောက် အကူပြု အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်အား ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ဇန်နဝါရီလ (၁၃) ရက်မှနှစ်ရက်တာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ကြောင်း တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး (NCCT) အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

“နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးတဲ့ အခါ ဘယ်လို အကြောင်း အရာတွေ တင်ပြ သင့်သလဲ၊ လုပ်ဆောင်ချက် အဆင့်ဆင့်တွေ ဘယ်လို ရှိသလဲ စတာတွေကို နားလည်နိုင်ဖို့ အဓိက ရည်ရွယ်ပြီး နှစ်ရက် အလုပ်ရုံ ဆွေးနွေးပွဲ လုပ်တာ ဒီနေ့ ပြီးသွား ပါပြီ” ဟု နိုင်ဟံသာက ပြောသည်။

နှစ်ရက်တာ ကျင်းပ ခဲ့သည့် ၄င်းအလုပ်ရုံ ဆွေးနွေး ပွဲသို့ အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာ ၊ ဒုတိယ အဖွဲ့ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဆွမ်လွတ် ဂွမ်မော်တို့ အပါအဝင် NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စား လှယ်ပေါင်း (၂၀) ကျော် တက်ရောက် ခဲ့ကြသည်။

ထိုသို့ နှစ်ဖက် အကြား နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး အတွက် မူဘောင် ချမှတ် နိုင်ရေး ညှိနှိုင်း ရာတွင်လည်း အစိုးရ ဘက်မှ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပြီးမှသာ မူဘောင် ဆွေးနွေးရန် တင်ပြနေပြီး တိုင်းရင်းသား များဘက်မှ မူဘောင် ဆွေးနွေး ပြီးမှသာ အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန် တင်ပြ ထားပါသည်။

“Framework Meeting က နေပြည်တော်မှာ လုပ်နိုင်ဖို့ ရှိပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ မျိုးထဲ မဟုတ်ဘဲ လွှတ်တော်၊ နိုင်ငံရေး ပါတီ၊ လက်နက် မကိုင်တဲ့ တိုင်းရင်းသား ခေါင်းဆောင်များ၊ ပါသင့် ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ ပါ၀င် ကြပြီး မူချ တာကပိုသဘာဝ ကျမှာပါ။ ဥပမာ အားဖြင့် ပြည်တွင်း နိုင်ငံရေး ခေါင်းဆောင် ပုဂ္ဂိုလ် များအပြင် အခြား ပါသင့်တဲ့ သူများ ကိုလည်း ပါစေချင် ပါတယ်။ Framework Meeting မှာ Political Dialogue ရောက်ရင် ဆွေးနွေး ကြမယ့် ခေါင်းစဉ်ကြီးတွေ၊ ခေါင်းစဉ် ငယ်တွေ၊ ဘယ်လို ကော်မတီတွေ ဖွဲ့ကြမလဲ၊ သဘော တူညီချက်ကို ဘယ်လို ပုံစံနဲ့ သတ်မှတ် မလဲ၊ ဘယ်သူတွေ ဘယ်လောက် အချိုးနဲ့ တက်ရောက် ကြမလဲ၊ Time line ကကော ဘယ်လိုလဲ အပါအဝင် လိုအပ်တာတွေ ဆွေးနွေး နိုင်ကြဖို့ပါ” ဟု မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး အရာရှိ ဦးလှမောင်ရွှေက ၄င်း၏ Facebook စာမျက်နှာ၌ ရေးသား ဖော်ပြ ထားပါသည်။

အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ မူဘောင် အတွက် ယခင် UNFC မှ ချမှတ် ထားသော အခြေခံမူ (၆) ချက်ကို အခြေခံကာ တွေ့ဆုံ ဆွေးနွေးရေး အတွက် မူဘောင် ရေးဆွဲရန် NCCT ဘက်မှ ပြင်ဆင် နေကြောင်း နိုင်ဟံသာက ဆိုပါသည်။

သို့သော်လည်း အစိုးရ ဘက်ကမှ တစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေး စာချုပ် (မူကြမ်း) အဆင့်သာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထံသို့ ပေးပို့ ထားခဲ့ပြီး မူဘောင်မှာ ဆွေးနွေး ရသေးခြင်း မရှိကြောင်း ၄င်းမှ ဆက်ပြောသည်။

“ကျနော်တို့နဲ့ အစိုးရနဲ့ ဆွေးနွေးရေး အတွက် မူဘောင် ညှိနှိုင်း ရသေးခြင်းတော့ မရှိသေးဘူး ၊ သူတို့ ပေးပို့လာတဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်ကလည်း မူကြမ်း အဆင့်မှာပဲ ရှိသေးတယ်၊ အချော မဟုတ်သေးဘူး၊ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲ နိုင်ဖို့ ဆိုတာကလည်း လိုအပ်ချက်တွေ ရှိသေးပါတယ်” ဟု ၄င်းမှ ဆက်ပြောသည်။

သို့သော်လည်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး ဦးလှ မောင်ရွှေကမူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် အစိုးရ တို့အကြား အပစ် အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆို နိုင်ရန်မှာ နှစ်ဖက် ရ၀ ရာခိုင်နှုန်းကျော် ၈၀ ရာခိုင်နှုန်းခန့် တူညီ နေပြီ ဖြစ်ကြောင်း ၄င်း၏ Face Book စာမျက်နှာတွင် ဆက်လက် ရေးသား ဖော်ပြ ထားပါသည်။

တိုင်းရင်းသား များနှင့် အစိုးရ တို့မှ မျှော်မှန်း ထားကြသည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲတွင် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မှ သာလျှင် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ် အတည်းနှင့် ပြသနာ ရပ်များအား အမှန်ကန်ဆုံး အဖြေရှာ နိုင်မည့် ဆွေးနွေးပွဲ ဖြစ်မည် ဟုလည်း နိုင်ဟံသာမှ ရွှေဟင်္သာ သတင်း ဌာနသို့ သုံးသပ် ပြောကြား သွားခဲ့သည်။