ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင်ကျဲ ကျေးရွာအုပ်စုရှိ နမ့်လိတ် တောင်တန်း၌ ယမာန် နေ့က ဖြစ်ပွားခဲ့သော (၄)နာရီကြာ တိုက်ပွဲတွင် အစိုးရတပ်များ ဖွဲ့စည်းပုံ ပျက်မတတ် ထိခိုက်ခဲ့သည် ဟု တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။
“ အခုထိ အဲဒီနေရာမှာ ၀ပ်နေတုန်းဘဲ။ မဆုတ်သေးဘူး။ တက်လဲ မလာဘူး။တက်လာ မလားဆိုပြီးတော့ ကျနော် တို့က စောင့်နေသေးတယ်။ ငြိမ်နေတာဘဲ။ ကြည့်ရတာ သူတို့ဖက်ကဖွဲ့ စည်းပုံ ပျက်မတတ် ထိထားပုံရတယ်။ ပြီး တော့ စစ်ကူလည်း ဒီနေ့ ရောက်မ လာဘူးဆိုတော့မပြောတတ်ဘူး၊ မဟုတ်ရင် ဒီည စစ်ဆင်လာ နိုင်မလားမပြော တတ်ဘူး စောင့်ကြည့်ဦးမယ်။” ဟု ဆိုပါသည်။
ယင်းတိုက်ပွဲသည် ရှမ်းပြည် မြောက်ပိုင်းရှိ အစိုးရ အရှေ့မြောက်တိုင်း စစ်ဌာချုပ် လက်အောက်ခံ နမ့်ဖက်ကာ အခြေ စိုက်ခလရ (၁၂၃) တပ်ဖွဲ့၊ ဟိုပင် အခြေစိုက် ခလရ (၁၄၃) တပ်ဖွဲ့ နှင့် တာမိုညဲ အခြေစိုက် ခလရ (၂၉၀) တပ်ဖွဲ့တို့မှ ပူးပေါင်း စစ်ကြောင်းများက ကွတ်ခိုင် အခြေစိုက်တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ် ရင်း (၁၁၂) တပ်ဖွဲ့နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) တို့၏ပူးပေါင်း တပ်ဖွဲ့များ အား စစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။
တိုက်ပွဲသည် ဒီဇင်ဘာ (၄)ရက်နေ့တွင် နှစ်ကြိမ်နှင့် ဒီဇင်ဘာ(၅)ရက်နေ့ တကြိမ် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပါသည်။ နာရီနှင့်ချီပြီး လက်နက်ကြီးများ ပစ်အားကို အသုံးပြုပြီးမှ လေးဖက်လေးတန် ထိုးစစ်ဖြင့် အနီးကပ် ချေမှုန်းသော တိုက်ပွဲမျိုးဖြင့် တိုက်ခိုက်ခဲ့ပါသည်။
သို့သော် မြေအနေအထားကို အပေါ်စီး ရထားသော (TNLA) ပူးပေါင်းတပ်၏ တုန့်ပြန် တိုက်ခိုက်မှုကြောင့် (၃၀)ခန့် သေ ပြီး (၂၀)ကျော် ဒါဏ်ရာရဖွယ် ရှိကြောင်း ပေါ်တာ အထမ်းသမားများ သတင်းအရ သိရှိခဲ့ရသည်ဟု (TNLA) တို့က ဆိုပါ သည်။
ဤသို့ကြောင့် ၄င်းနေရာတွင် ၀ပ်နေရဆဲဖြစ်ပြီး စစ်ကူများ ထပ်ရောက်လာခြင်း မရှိသေးပေ။ အရန်တပ်များဖြင့် လုံခြုံရေး ယူထားရပြီး စစ်အကူ အလာ ကို စောင့်နေဖွယ် ရှိနေပါသည်။ (TNLA) တပ်ပေါင်းများ ကလည်းနောက်ထပ် စစ်ဆင်လာမှာကို စောင့်နေဆဲဖြစ်သည် ဟုဆိုပါသည်။
အစိုးရ တပ်ဖွဲ့များ၏ လက်နက်ကြီး ပစ်အားကြောင့် (TNLA) တို့ စခန်းမှ နောက်ဆုတ် ပေးခဲ့သော်လည်း ယင်းနေရာသို့ တက်မလာ နိုင်ခဲ့ပေ။ ဤအခြေ အနေကြောင့် နောက်ထပ် စစ်ကူများ ဆင့်ခေါ်ထားပြီး အထိနာနေသော အစိုးရ တပ်ဖွဲ့ကို ၀ိုင်းဝန်း ပိတ်ဆို့ဖွယ် ရှိနေကြောင်း၊ အစိုးရတပ်များ၏ နောက်ဆုံး အနေအထားကို သိရှိပါက တန်ပြန် စစ်ဆင် မည်ဟု ဆိုခဲ့ပါသည်။
ယခင် စစ်ဆင်ရေး များတွင် အစိုးရ တပ်များသည် ၄င်းတို့ အထိနာ လာပြီးဆိုပါက ဤကဲ့သို့ မလှုပ်မယှက် နေရာယူပြီး ၀ပ်နေတတ်ကြောင်း၊ စစ်ကူရောက်လာမှ ထပ်မံလှုပ်ရှား ကြပြီး အထူးသဖြင့် ပြည်သူများ ဖက်ကို ရန်ရှာ တတ်ကြသည်ဟု ဆိုပါသည်။
ယခု အခြေအနေ တွင်လည်း ဤကဲ့သို့ဖြစ် ဖွယ်ရှိကြောင်း၊ အင်အား (၃၀၀)နီးပါး ရှိသော ယခု စစ်ဆင်ရေးတွင် လူ နာများကြောင့် ထပ်မံလှုပ်ရှား နိုင်ခြင်းမရှိခဲ့ဟု (TNLA) ဖက်မှ သုံးသပ်ခဲ့ ပါသည်။ အလားတူ ဒီဇင်ဘာ (၄)ရက်နေ့တွင် (KIA) တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၂) တပ်ဖွဲ့များနှင့် ကွတ်ခိုင်ဒေသ လောက်ကိုင်၌ အခြေချသော ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ခလရ (၁၂၇)နှင့် ဂျောန်မျန်ဘွမ် တွင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပါ သည်။
ထိုတိုက်ပွဲတွင်လည်း နေရာယူထားသော တပ်ရင်း(၂) တပ်ဖွဲ့အား လာရောက် တိုက်ခိုက်သဖြင့် အထိနာစွာဖြင့် နောက် ဆုတ်ခဲ့ရပြီး ပြန်လည် စစ်မဆင်နိုင်တော့ ဟု တပ်မဟာ (၄) အရာရှိတဦးက ဆိုပါသည်။