အတိုက်အခံများ တောင်းဆိုနေသည့် အာဏာ လွှဲပြောင်းရေးသည် လက်ရှိ ဖွဲ့စည်းပုံအရအကောင်အထည် ဖေါ်၍မရ ကြောင်း၊ သို့သော်လည်း တိုင်းပြည် တည်ငြိမ်ရေး အတွက်အရေးတကြီး လိုအပ် နေသဖြင့် တိုင်းပြည် အတွက်ဥပဒေ ကျွမ်းကျင်သူ ပညာရှင်များ၏ အကူအညီ လိုအပ်ကြောင်း ယနေ့မွန်းလွဲ တနာရီတွင် ၀န်ကြီးချုပ် ယင်လတ်ခ်မှသတင်းထောက် များအား ထုတ်ဖေါ် ပြောကြားခဲ့ပါသည်။
“ ကျမအနေနဲ့အာဏာဖက်တွယ် ထားတာ အကြောင်းမရှိဘူး။ တကယ်လို့ တိုင်းပြည်က ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်မယ် နိုင်ငံရေး တင်းမာမှုတွေ ကို ဖြေရှင်းနိုင်မယ် ဆိုရင် ကျမအနေနဲ့ လုပ်ဆောင်ဖို့အသင့်ဖြစ်ပါတယ်။ ဒီတော့ ဥပဒေ ကျွမ်းကျင်သူတွေ တိုင်းပြည် အတွက် အကြံပြု နိုင်သူတွေ အနေနဲ့ကူညီပြီး အကြံပေးကြပါ” ဟု ဖိတ်ခေါ် သွားခဲ့ပါ သည်။
တစ်လကျော် ကြာ ထိုင်း အတိုက်အခံ များ၏ ဆန္ဒပြပွဲသည် ဆက်လက် တင်းမာလျှက်ရှိပြီး၊ယနေ့မနက် (၈) နာရီခန့်တွင် ၀န်ကြီးချုပ်ရုံး အပါ၀င် ဘန်ကောက်မြို့ ရဲချုပ်ရုံးကို ၀င်ရောက်စီးနင်းနေခဲ့ကြောင်း၊ လုံခြုံရေး ရဲများကလည်း မျက်ရည်ယို ဗုံးများပစ်ခတ်ခဲ့သည့် အပြင် အနားကပ် လာသော ဆန္ဒပြ လူအုပ်အား မျက်ရည်ယို ဆေးမှုန့် ခပ်ထားသော မီးသတ်ပိုက်ရေဖြင့် ဖြိုခွဲခဲ့သည်ကို ရုပ်မြင်သံကြားများတွင် တိုက်ရိုက်ကြည့်ရှုခဲ့ရသည်။
ဆန္ဒပြသူ များကလည်း မျက်ရည်ယို ဗုံးဒါဏ်ကို ကာကွယ်ရန် မျက်ရည်ယို ဗုံးကျလာသည်နှင့်ရေဆွတ် ထားသော ဂုန်နီ အိတ်ဖြင့် ဖုံးအုပ်ခြင်း၊ ပလပ်စတစ် အိတ်သုံးပြီး အငွေ့ ကာကွယ်ခြင်းများအသုံးပြု ခဲ့ကြပါသည်။
ဆေးရုံ ကယ်ဆယ်ရေး အဖွဲ့နှင့် စစ်တပ် ဆေးတပ်ဖွဲ့ များကလည်း ထိခိုက်ဒါဏ်ရာရသူများကို ဆေးရုံသို့ လိုက်လံပို့ ဆောင်ပေး ခဲ့ပါသည်။
ဆန္ဒပြပွဲကြောင့် ထိခိုက် သေဆုံးမှုနှင့် ပါတ်သက်သည့် ကျန်မာရေး ၀န်ကြီးဌာန၏ထုတ်ပြန် စာရင်းတွင် နိုဝင်ဘာ (၃၀) ရက်နေ့မှ ဒီဇင်ဘာ(၁)ရက်နေ့ အတွင်း သေဆုံးသူ(၃)ဦးရှိပြီး (၁၂၇)ဦး ထိခိုက် ဒါဏ်ရာရကြောင်း ဖော်ပြထားပါသည်။ ဒီဇင်ဘာ (၂)ရက်နေ့ တွင်လည်း မျက်ရည်ယို ဗုံးကြောင့်ထိခိုက် ဒါဏ်ရာရသူ (၃၀)ကျော်ရှိကြောင်း ထုတ်ပြန် ထားပါသည်။
ထိုင်းအစိုးရ သည်ယမာန်နေ့မှ စပြီး ၀န်ကြီးချုပ်ရုံးအား သိမ်းပိုက်လိုသော ဆန္ဒပြ လူအုပ်စုကို မျက်ရည်ယို ဗုံးနှင့်ရေပိုက် များဖြင့် စတင်တိုက်ခိုက် လာခဲ့ခြင်း ဖြစ်ပါသည်။ ဤနိုင်ငံရေး အကြပ်အတည်းကိုဖြေရှင်းရန် ၀န်ကြီးချုပ် နှင့် အတိုက်အခံ ခေါင်းဆောင်တို့ စစ်တပ်၏ အကူအညီဖြင့် ယမာန်နေ့၌ တွေ့ဆုံဆွေးနွေး ခဲ့သေးသော်လည်း ပြေလည်မှု မရရှိ ခဲ့ ပေ။
သို့သော် ၀န်ကြီးချုပ်၏ သတင်းစာရှင်း လင်းပွဲအဆိုအရ နိုင်ငံရေ ထွက်ပေါက်အဖြစ်အကြံပြုချက် အမျိုးမျိုးကြား နေရသည်ဟု ဆိုပါသည်။ အစိုးရ နှုတ်ထွက်ပေးရေး၊ လွှတ်တော်ဖျက်သိမ်းရေးနှင့်နောက်ဆုံး အနေနှင့် ဆန္ဒပြသူများ တောင်းဆို ထားသည့် ပြည်သူထံ အာဏာလွှဲ ပြောင်းပေးရေး တို့ပင် ဖြစ်ကြောင်း ဆိုပါသည်။ ဤသို့ကြောင့် ၀န်ကြီးချုပ် အနေနှင့် ဥပဒေအရ အကောင်းဆုံး နည်းကို ဥပဒေ ပညာရှင်များ အားအကြံပြု ကြပါရန် တောင်းဆို လိုက်ခြင်းပင် ဖြစ်ပါသည်။
အတိုက်အခံများအနေဖြင့် အစိုးရ နှုတ်ထွက် မပေးမချင်း ဆက်လက် ဆန္ဒပြနေမည်ဟု ကြွေးကျော်နေခဲ့ပြီး ၀န်ကြီးချုပ်ရုံးနှင့် ဘန်ကောက် ရဲချုပ်ရုံးကို ၀င်စီးနေခြင်းဖြစ်သည်။