ထိုင်းနယ်စပ်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး သီတဂူအထောက်အကူပြုအဖွဲ့ကူညီမည်

ထိုင်းနယ်စပ်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး သီတဂူအထောက်အကူပြုအဖွဲ့ကူညီမည်
by -
ရွှေဟင်္သာ

သီတဂူ အထောက် အကူပြု အဖွဲ့သည် လာမည့် ဒီဇင်ဘာလ အတွင်း ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ရှိနေသော မြန်မာ နိုင်ငံသားများ ကို ပြည်တွင်းသို့ ပြန်လည် ခေါ်ဆောင်ရန် အစီအစဉ် ရှိသည်ဟု အာရှတော်ဝင် ဆေးရုံ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ မြတ်သူက မီဒီယာများကို ပြောကြား ထားပါသည်။

သီတဂူ အထောက် အကူပြုအဖွဲ့သည် ဒုက္ခသည် စခန်းများကို ဆက်သွယ်ရန် ရှိပြီး လူဦးရေ (၁၅ဝ)ပြည့်လျှင် တစ်ခေါက်နှုန်း ခေါ်ထုတ်မည် ဟု ဆိုပါသည်။ အထူးသဖြင့် နေရပ် ပြန်လို သူများသည် သံရုံးမှ တာဝန် ပေးထား သူများမှတဆင့် ဆက်သွယ် အကြောင်းကြား ရမည်ဟု ဒေါက်တာ မြတ်သူက ဆိုထားပါသည်။ ဤအစီစဉ်ကို သီတဂူ ဆရာတော် ဘုရား၏ မိန့်ကြားချက် အပေါ် မူတည်ပြီး လုပ်ငန်းစတင် မည်ဟု ဆိုပါသည်။

ကရင်နီနှင့် ကရင်ဒုက္ခသည် စခန်းရှိ ဒုက္ခသည်များ သည် လမ်းစရိတ် ပြသနာကြောင့် နေရပ် မပြန်နိုင်ခြင်း မဟုတ်ဘဲ လုံခြုံရေး၊ ဘဝ ရပ်တည်ရေး အတွက် အာမခံချက် ရှိရန်နှင့် ပြန်လိုသည့် အခြေအနေ ရှိမှသာ နေရပ်ပြန်လိုသော ဆန္ဒကြောင့် ယနေ့အထိ ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းများ ၌ သောင်တင် နေခြင်း ဖြစ် သည် ဟု ကရင်နီ စခန်း(၂) မှ စခန်း ကော်မတီ အတွင်းရေးမှူး ရှိုင်းနင်းထူးက ပြောဆိုပါသည်။

“ကျမတို့ ကရင်နီ စခန်းက ဒုက္ခသည် တွေက ဘယ်သူမှ မပြန်ချင် ကြဘူး။ နေရပ်ကို ပြန်ရ မှာကို ကြောက် နေကြတယ်။ တချို့ ဒုက္ခသည် တွေက နေရပ် မှာ ပြန်ပြီး စုံစမ်းတော့ အခြေနေကောင်း တာမရှိသေးဘူး လို့ပြောကြတယ်။ အခန့်မသင့်ဘဲ အစိုးရနဲ့ (KNPP) ကြား ငြိမ်းချမ်းရေး ပျက်သွားရင် ဘယ်လို လုပ်မလဲ စိုးရိမ် နေကြတယ်”  ဟု ဆိုပါသည်။

အလားတူ ကရင်ဒုက္ခသည် ကော်မီတီ(KRC)  ကလည်း နေရပ် ပြန်လိုစိတ်သည် ဒုက္ခသည် အပေါ်တွင်သာ မူတည် သည်ဟု (KRC) ဒုတိယ ဥက္ကဌ တီဂျော့က ဆိုပါသည်။

သီတဂူ အထောက်အကူပြု အဖွဲ့သည် မလေးရှား နိုင်ငံမှ ဒုက္ခသည် စခန်းများရှိ နိုင်ငံသားများ နေရပ်ပြန်ရန် ဆန္ဒရှိ သူများအား အခမဲ့ အစီအစဉ်ဖြင့် ပို့လည် ပို့ဆောင်ပေး နေပါသည်။ အထူးသဖြင့် (MAI) လေကြောင်း လိုင်းနှင့် ကမ္ဘောဇဘဏ် တို့ ပူးပေါင်းပြီး ပို့ဆောင် ပေးနေခဲ့ပါသည်။

ဤအစီစဉ်ဖြင့် ထိုင်းနိုင်ငံ နယ်စပ်၌ ရောက်ရှိ နေသော မြန်မာ ဒုက္ခသည်များမှ နေရပ် ပြန်လိုသော သူများအား ခေါ်ထုတ်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အလားတူ အစီစဉ်မျိုးအစိုးရဖက်မှ ကမ်းလှမ်း ခဲ့ဘူးပါသည်။ ဒုက္ခသည် များအား နေရာပြန်လည် ချထားရန်အတွက် မိသားစု ( ၅၀) ခန့် အစမ်းပို့ရန် ကမ်းလှမ်းထား ပါသည်။ ဤသို့သော တောင်းဆိုမှုကြောင့် ဒုက္ခသည်များသည် ၄င်းတို့ ၏ ဆန္ဒကို ထုတ်ဖေါ် ကြေညာခဲ့ပါသည်။

(၁) ပြည်တွင်းစစ် ချုပ်ငြိမ်းရမည်။
(၂) ပြည်တွင်း နိုင်ငံရေး ပြဿနာများကို ဖြေရှင်းပြီး စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ရမည်။
(၃) နိုင်ငံတကာ လူ့အခွင့် အရေးများကို အသိအမှတ် ပြုကျင့် သုံးသွား ရမည်။
(၄) ပြည်လည် နေရာချထားရေး ဒေသများ လုံခြံုမှု ရှိရမည့် အပြင် မိုင်းများနှင့် ကင်းလွတ်သည့် နေရာများ ဖြစ်ရမည်။
(၅) အိမ်ထောင်စု များအတွက် လယ်ယာမြေများ၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ လုံလောက်စွာ လုပ်ဆောင်နိုင်သည့် ဒေသဖြစ်ရမည်။
(၆) ဒုက္ခသည် စခန်း အတွင်းရှိ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေး ၀မ်းကြောင်း အတွက် ထောက်ခံသည့် စာရွက် စာတမ်းများ၊ မှတ်တမ်းများကို အသိအမှတ် ပြုရမည်။
(၇) အတင်းအဓ္ဓမ ပြန်လည် ပို့ဆောင်ရေးကို ကန့်ကွက်သည်၊ မိမိ ဆန္ဒဖြင့်သာ ပြန်လည် ပို့ဆောင်ရေးကို ကောက်ခံသည်။
(၈) ပြင်ဆင်မှု အတွက် လုံလောက်သော အချိန်ကာလ ရှိရမည်။
(၉) ပြန်လည်နေရာ ချထားရေး ကော်မတီ များအား နေရာ ဒေသ ကြည့်ရှု စီစစ်ရေး၊ ကိုယ်တိုင် သတင်း အချက်အလက် ရယူရေးကို ခွင့်ပြု အားပေး ရမည်။

(၁၀) ကရင် ဒုက္ခသည် ကော်မတီ ( KRC ), UNHCR, ထိုင်းအစိုးရ၊ မြန်မာ အစိုးရ၊ နိုင်ငံတကာ လူ့မှု အဖွဲ့အစည်း (INGOs ) ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGOs ) ၊ အခြေခံ လူမှုရေး အဖွဲ့အစည်း (CBOs ) ၊ အခြေခံ ဒေသ လူမှုအဖွဲ့ အစည်းများမှ မြန်မာနိုင်ငံတွင် အခြေအနေ ကောင်းမွန်ပြီး ဖြစ်ကြောင်း အသိအမှတ် ပြုသည့် အချိန်မှစပြီး ပြန်လည်နေရာ ချထားရေး အစီအစဉ်ကို စတင်ရမည် ဖြစ်သည်ဟု ပြီးခဲ့သည့် ဇွန်လတွင် ထုတ်ပြန်ထား ခဲ့ပါ သည်။

သို့သော် နိုင်ငံရေး ပြသနာကြောင့် ဒုက္ခသည် စခန်းသို့ ရောက်ရှိနေသော သူများအဖို့ နေရပ်ပြန်ရန် အခက်အခဲဖြစ် နေပါသည်။ အဆိုပါ ပုဂ္ဂိုလ် မျိုးများသည် တတိယ နိုင်ငံသို့ ထွက်ခွာရန် အခြေအနေ မပေးတော့သဖြင့် နေရပ်ပြန်လိုကြ ဟန်ရှိပါသည်။ ဤကဲ့သို့သော လူမျိုးများသည် သီတဂူ ဆရာတော် ဘုရားကြီး၏ အစီအစဉ်ဖြင့် နေရပ်ပြန်ပါက ဘေးကင်းလုံခြုံ မည်ဖြစ်ပေသည်။

ထိုင်းနိုင်ငံတွင် ဒုက္ခသည် စခန်း(၉)ခု ရှိသဖြင့် လူဦးရေ တစ်သိန်းကျော် ရှိနေပါသည်။ ထိုအထဲတွင် နေရပ်ပြန်လိုသူ ရာဂဏန်းမျှရှိ နိုင်သည်ဟု စခန်း ကော်မီတီများက ခန့်မှန်း ကြပါသည်။

Most read this week