တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ၏ (၃) ရက်တာ ဆွေးနွေးပွဲသည် အစိုးရ တင်ပြသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ်မူကြမ်းအား လက်ခံနိုင်ရန် အခက်အခဲ ရှိကြောင်း ယနေ့ ပြီးဆုံး ခဲ့သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ပြောခွင့်ရသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာက ဆိုပါသည်။
ခွန်ဥက္ကာက “ ဆွေးနွေးပွဲကိုတော့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့က (Win Place Hotel) မှာ (၃)ရက်တာ ကျင်းပခဲ့ပါတယ်။ ပြီးတော့ လိုင်ဇာ ဆွေးနွေးပွဲရဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးတယ်။ ပြီးတော့ တခြားအဖွဲ ့တွေနဲ့လည်း ဆက်လက်တင်ပြဖို့ အစီစဉ်ကိစ္စနဲ့ မြစ်ကြီးနား ဆုံးဖြတ်ချက်အရ ကရင်အမျိုးသား အစည်း အရုံး (KNU) နယ်ထဲမှာ ကျင်းပဖို့ရှိတဲ့ ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ ပွဲပါဘဲ။” ဟုဆိုပါသည်။
အဓိကအားဖြင့် အပိုင်း(၃)ပိုင်း ဆွေးနွေး ကြသည်ဟု ဆိုပါသည်။ အစိုးရ၏ သဘောတူညီချက် မူကြမ်းကို ဆွေးနွေးရာတွင် သုံးနှုန်းထားသော ဝေါဟာရများသည် လက်ခံနိုင်စရာ မရှိဟု ဆိုပါသည်။ ထို့အပြင် မပြီးပြတ် သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ သဘောတူညီချက် (၁၁)ချက် ကိုလည်း ဆက်လက် ဆွေးနွေးပြီး ဖြည့်စွက်ခဲ့ပြီး အစိုးရနှင့်ဆွေးနွေးရမည့် နိုင်ငံရေး မူဘောင်ချမှတ်ရေး ကိစ္စများကို ညှိနှိုင်းခဲ့ကြ သည်ဟုဆိုပါသည်။
(NCCT) သည် (KNU) နယ်မြေထဲတွင် ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံသို့ တင်ပြနိုင်ရန် ကျန်ရှိနေသေးသော တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်လည်း တွေ့ဆုံရန် ရှိပါသည်။ အထူးသဖြင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ၀ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးကြရန် ရှိပါသည်။
(NCCT) ၏ ယနေ့့ ပြီးဆုံး သွားသော ဆွေးနွေးပွဲသည် (UNFC) အဖွဲ့ဝင်များနှင့် အဖွဲ့ဝင် မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား တင်ပြ ညှိနှိုင်းခဲ့ပြီး ဆွေးနွေးပွဲသို့ ကိုယ်းစားလှယ် (၂၀)ကျော် တက်ရောက် ခဲ့ပါသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) သည် ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)မှ နိုဝင်ဘာလ (၂)ရက် အထိ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့တွင် ပထမဆုံး အကြိမ် ကျင်းပသော လက်နက်ကိုင် တိုင်းရင်းသားများ ညီလာခံမှ ဖွဲ့စည်းပေးခဲ့သော အဖွဲ့ဖြစ်ပါသည်။
ဤအဖွဲ့သည် နိုဝင်ဘာ (၄)ရက်နေ့တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့လုပ်ငန်း ကော်မီတီနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အပါ၀င် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
အစိုးရ တင်ပြသော အချက် အပေါ် ဆက်လက် ညှိနှိုင်းရန် ရှိနေသေးသည့် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံကို (KNU) နယ်မြေထဲတွင် ကျင်းပရန် ဆုံးဖြတ် ခဲ့ပါသည်။ ယင်းညီလာခံမှ ချမျတ်သော ဆုံးဖြတ်ချက်ဖြင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကရင်ပြည်နယ် ဖါးအံမြို့တွင် တွေ့ဆုံရန် သဘောထား ခဲ့ပါသည်။
ဤကဲ့သို့ ဆွေးနွေးနိုင်ရေး အတွက် (NCCT) သည် (UNFC) အပါ၀င် အဖွဲ့ဝင် မဟုတ်သော တိုင်းရင်း လက်နက်ကိုင် များနှင့် လိုက်လံ တင်ပြ ဆွေးနွေးနေခြင်း ဖြစ်ပါသည်။ ဤကြားထဲတွင် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့မှ ၀န်ကြီး ဦးအောင်မင်း၏ ဖိတ်ကြားချက် အရ (NCCT) ခေါင်းဆောင်တချို့ သည် ရန်ကုန်မြို့သို့ အလွတ်သဘော သွားရောက် လည်ပတ်ခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါသည်။