UNFC နှင့် ပြည်တွင်း နိုင်ငံရေး ပါတီများ အပြန်အလှန် ဆွေးနွေး

UNFC နှင့် ပြည်တွင်း နိုင်ငံရေး ပါတီများ အပြန်အလှန် ဆွေးနွေး
by -
ရွှေဟင်္သာ

အစိုးရ ငြိမ်းချမ်းရေး စင်တာ (MPC) မှ စီစဉ်သော ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ယနေ့နံက်(၉) နာရီတွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ဥက္ကဌ အေဘယ်လ်ဒွိက ဆိုပါသည်။

UNFC နှင့် ပြည်တွင်းနိုင်ငံရေး ပါတီများ

“ချုပ်ပြီး ပြောရရင်တော့ ကျနော်တို့ UNFC ဖက်ကတော့ တိုင်းရင်းသား တွေရဲ့ တပ်ပေါင်းစု ဖြစ်ပေါ်လာပုံ ကို အသေးစိပ် ကိုတင်ပြရှင်း လင်းခဲ့တယ်။ ပြီးတော့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောထား ဖြစ်တဲ့ လိုင်ဇာဘုံ သဘော တူညီချက် တွေကို ရှင်းလင်း တင်ပြ ခဲ့တယ်လေ” ဟုဆိုပါသည်။

ထိုတင်ပြချက် များအပေါ် အပြန်အလှန် အမြင်ချင်း ဖလှယ်ကြ သည်ဟု ဆိုပါသည်။ ထိုတင်ပြချက် ထဲတွင် ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး ကိစ္စကို တချို့က ထောက်ခံကြ သလို၊ တချို့က အပြုသဘော ဝေဖန် ထောက်ပြ ခဲ့ပါသည်။ အ ထူးသဖြင့် ဖက်ဒရယ် တပ်မတော် ကိစ္စ ဖွဲ့စည်းရေး သည် အစိုးရ စစ်တပ်က လက်ခံ လိမ့်မည် မဟုတ်ကြောင်း ထောက်ပြကြခြင်း ဖြစ်ပါသည်။

ပြည်တွင်း တိုင်းရင်းသား ပါတီများ ဖက်ကမူ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အပစ်အခတ် ရပ်စဲရေး နှင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ ကိစ္စရပ်များ အပေါ် လက်နက်ကိုင် တိုင်းရင်းသားများ ၏ သဘောထားနှင့် ရင်းနှီးမှုကို ရရှိရန် တင်ပြဆွေးနွေး ခဲ့ကြသည်ဟု ဆိုပါသည်။

အထူးသဖြင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေးကိစ္စကို အသားပေး ဆွေးနွေးခဲ့ ကြပါသည်။ အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးခြင်း အပေါ် တိုင်းရင်းသား တို့၏ သဘောထား အမြင်များကို မေးမြန်းခဲ့ပါသည်။

အစိုးရသည် အားလုံး ပါ၀င်သည့် ငြိမ်းချမ်းရေး ညီလာခံကြီး တစ်ရပ် ကျင်းပရန် သမ္မတတွင် အစီစဉ် ရှိကြောင်း၊ ဤကဲ့သို့ ကျင်းပရန် ရှိသည့် ကျယ်ပြန့်သော ငြိမ်းချမ်းရေး ညီလာခံအတွက် ပြည်တွင်း နိုင်ငံရေး အဖွဲ့အစည်းများ သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ သဘောထား များကို သိရှိ ထားစေရန် နှင့် ရင်းနှီးမှုများ ရှိစေရန် ရည်ရွယ်ပြီး စီစဉ်ခြင်း ဖြစ်သည်ဟု မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဦးညိုအုန်းမြင့်က ဆိုပါသည်။

ယခု အမြင်ဖလှယ်ပွဲသို့  ပြည်တွင်း နိုင်ငံရေးပါတီ (၁၁)ဖွဲ့မှ တက်ရောက်ခဲ့ ပါသည်။ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ဒီမိုကရေ စီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကရင် ပြည်သူ့ပါတီ၊ ချင်း တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီများမှ ကိုယ်စားလှယ် (၁၁)ဦး တက်ရောက် ခဲ့ပါသည်။ ထိုထဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေး ပါတီသည် မူလက လာရောက် ရန် စာရင်းပေး ထားသော်လည်း နောက်ပိုင်းတွင် လာရောက်ခြင်း မရှိဟု (UNFC) ဖက်က ဆိုပါသည်။

တက်ရောက်ခဲ့သော (UNFC) ကိုယ်စားလှယ်များ မှာ နိုင်ဟံသာ၊ အေဘယ်လ်ဒွိ၊ စောဒေးဗစ် သာကပေါ၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်ချုပ် ဂွန်မော်၊ ခိုင်စိုး နိုင်အောင်၊ ဗိုလ်မှူးကြီး ဖိန်ဖ၊ ဆော်လမွန် ၊ကိုထွန်းဇော်၊ တာအိုက်ဖုန်း ၊ ဒေါက်တာလဂျာ ၊ဗိုလ်မှူးကြီး ဂျဲလ်နက် ၊ SSPP နိုင်ငံခြားရေး ဌာနမှ ကိုယ်စားလှယ် တစ်ဦးတို့ တက်ရောက်ခဲ့ပါ သည်။

ဤသည် UNFC နှင့် ပြည်တွင်း နိုင်ငံရေး အဖွဲ့အစည်းတို့  ပြည်ပတွင် ပထမဆုံး အကြိမ် တရားဝင် တွေ့ဆုံခွင့် ရရှိခဲ့ခြင်း ဖြစ် ပါသည်။ ပြည်တွင်း နိုင်ငံရေး ပါတီများ ၏ ဤခရီးစဉ် သည် နို၀င်ဘာ (၂၁) ရက်မှ(၂၄) ရက်နေ့အထိ ကြာမြင့် မည်ဖြစ်ပြီး အဆိုပါ ပြည်တွင်း နိုင်ငံရေးပါတီ (၁၁) ဖွဲ့သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ နှင့် ယနေ့ညနေ (၃) နာရီတွင်၄င်း တဆက်တည်းတွင် အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ)နှင့် လည်း တွေ့ဆုံ ခဲ့သည်ဟု ဦးညိုအုန်း မြင့်က ဆိုပါသည်။