အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း အပေါ် KNPP

အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း အပေါ် KNPP
by -
ရွှေဟင်္သာ

အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း အပေါ် အချက်အလက် အများစုသည် လက်ခံ နိုင်ဖွယ်ရာ မရှိဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၏ နိုဝင်ဘာ (၂၀) ရက်နေ့က ပြီးဆုံး သွားသော (၃) ရက်တာ ကျင်း ပသည့် ဗဟို ကော်မီတီ အစည်း အဝေးမှ သုံးသပ် ခဲ့သည်ဟု ဒုတိယ ဥက္ကဌ ခူဦးရယ်က ဆိုပါသည်။

“ဘာတွေလဲ ဆိုတော့ အကျဉ်းချုပ် ပြောရရင် လက်နက်ကိုင် လမ်းစဉ် စွန့်လွတ် ရမယ့် ကိစ္စ၊ ဒို့တာဝန် အရေး သုံးပါး ကိစ္စ၊ ပြင်ဆင်ရေး ဥပဒေ ကိစ္စ၊ အခြေခံ ဥပဒေ ကိစ္စ၊ စောင့်စည်း လိုက်နာ ရမယ့် ကိစ္စ၊ မြန်မာ ရဲတပ်ဖွဲ့ တွေက အပစ်ရပ် နယ်မြေ တွေမှာတရား ဥပဒေ စိုးမိုးရေး ဆောင်ရွက်မယ့် ကိစ္စ၊ ပြည်သူ့ လွှတ်တော်မှာ တင်မယ့် ကိစ္စ၊ တပ်ဖွဲ့ဝင် တချို့ ကိစ္စ တွေပေါ့ အဲဒါ တွေမှာ လက်ခံရ ခက်ခဲ နေပါတယ်” ဟု၄င်းမှ ဆိုပါသည်။

ကရင်နီ အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့့ဝင် များအား တွေ့ရစဉ်

KNPP သည် အာမခံချက် ရှိသည့် အပြင် အပြုသဘော ဆောင်ပြီး နှစ်ဦး နှစ်ဖက် လက်ခံ နိုင်သော အခြေအနေ ဖြစ်လာရန် ဆွေးနွေး သင့်ကြောင်း၊ဤအခြေ အနေမျိုး ရရှိရန် နှစ်ဖက် စလုံးမှ အလျော့အတင်း ပြုလုပ် ရမည် ဖြစ်သည်ဟု KNPP က ခံယူကြောင်း ဆိုပါသည်။

KNPP ၏ ထိုသုံးသပ် ချက်ကို နိုဝင်ဘာ (၂၀) ရက်နေ့ နောက်ဆုံး ထားပြီး လိုင်ဇာ ညီလာခံ၌ ဖွဲ့စည်း ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များစုပေါင်း ဖွဲ့ထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (NCCT) သို့ တင်ပြ ပေးပို့ ရမည် ဖြစ်သည်။

သို့သော်လည်း KNPP သည် သုံးသပ်ချက် များကို အချောသပ် နေသဖြင့် ၂၁ ရက် နေ့မှပင် ပေးပို့နိုင်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း အပေါ် အဖွဲ့ဝင် များမှ ပေးပို့သော သုံးသပ်ချက် များကို စုပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC သည် ပြည်တွင်း နိုင်ငံရေး ပါတီများ အပါ၀င် (UNFC) အဖွဲ့ဝင် မဟုတ်သော အဖွဲ့ များ၏ သဘောထား ရယူရန် လာမည့် ဒီဇင်ဘာ လဆန်း ၌ ကရင်အမျိုးသား အစည်း အရုံး (KNU) နယ်မြေတွင် ကျင်းပရန် လျာထားသည့် ဒုတိယ အကြိမ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ညီလာ ခံသို့ တင်ပြပြီး အဆုံးအဖြတ် ယူမည်ဖြစ် သည်ဟု ဆိုပါသည်။

KNPP သည်မြန်မာ နိုင်ငံ၏အနာဂတ် အရေးကိုဆွေးနွေး နိုင်ရန်အတွက်အစိုးရ အစီစဉ်ဖြင့် ရောက်လာ သောပြည်တွင်း နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီ များအား ကြိုဆိုကြောင်း၊ ယင်းအဖွဲ့ များနှင့် ယနေ့ နိုဝင်ဘာလ(၂၂) ရက်နေ့တွင် ဆွေးနွေးရန် ရှိပြီး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လိုအပ်သည့် ပြင်ဆင်မှု မျိုးအတွက် လာရောက် တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက် ကြမည်ဟု ယူဆကြောင်းဆိုပါသည်။

အကယ်၍ ပြည်တွင်း နိုင်ငံရေး ပါတီ များမှ အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး သင့်သည်ဟု အကြံပြု လာသည့် အခါ ၄င်း အကြံပြု ချက်၏ အတိမ် အနက်ကို လက်ခံ စဉ်းစားမည် ဖြစ်သည်။

တဖက်၌ လည်း ပြည်တွင်း ပါတီ များအား အခြေအနေ မှန်များကို တင်ပြခွင့် ရသည့် အတွက် လက်မှတ် ထိုးသင့်၊ မထိုးသင့် ဆိုသည့် အကောင်းဆုံး အဖြေမှန်ကို  မှန်မှန် ကန်ကန် သုံးသပ် နိုင်မည် ဖြစ်သည် သုံးသပ် ထားပါသည်။

KNPP သည် အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် စာချုပ် မူကြမ်းအား သုံးသပ် ရာတွင်အခြား UNFC အဖွဲ့ များ၏ သုံးသပ်ချက် အမြင် များနှင့် တူညီမှု ရှိကြောင်း ဆိုပါသည်။