စိတ်ကြွှဆေး ၁၂၀၀၀ ကျော် ဖမ်းဆီး ရမိမှုနှင့် ဆက်စပ်သည့် အခြား လူနှစ်ဦး လွတ်မြောက် နေဆဲ

စိတ်ကြွှဆေး ၁၂၀၀၀ ကျော် ဖမ်းဆီး ရမိမှုနှင့် ဆက်စပ်သည့် အခြား လူနှစ်ဦး လွတ်မြောက် နေဆဲ
by -
ရွှေဟင်္သာ

မွန်ပြည်သစ် ပါတီမှ ကြာအင်း ဆိပ်ကြီး မြို့နယ်၊ ဘုရား သုံးဆူ မြို့နယ်ခွဲ နယ်စပ်၌ ပမဏာ အများဆုံး ဖမ်းဆီး ရမိ ခဲ့သည့် မူးယစ် ဆေးဝါး များနှင့် ဆက်စပ်သည့် သံယသ ဖြစ်ဖွယ် လူနှစ်ဦး လွတ်မြောက် နေသေးပြီး ၄င်းတို့အား ဖမ်းဆီး ရမိ နိုင်ရေး အတွက် ကြိုးပမ်းလျက် ရှိကြောင်း မွန်ပြည်သစ် ပါတီ စံခလပူရီ ဆက်ဆံရေး ရုံးမှ အကြီးတန်း တာဝန် ရှိသူ တဦးက ဆိုပါသည်။

“အဲဒီ နှစ်ယောက် ကတော့ အခု ဖမ်းဆီး ရမိတဲ့ တရားခံ နိုင်ဗလိုင်မွန်နဲ့ အတူ တွဲလုပ် နေတဲ့ လူတွေပါ၊ နိုင်ဗလိုင်မွန်ကို ဖမ်းဆီး ရမိပြီး နောက်မှာတော့ သူတို့ နှစ်ယောက်က လွတ်မြောက် နေသေးတယ်၊ ပစ္စည်း (မူးယစ်ဆေးဝါး) တွေလည်း ပါသွား တယ်လို့ သတင်းရရှိ ထားပါတယ်” ဟု ၄င်းက ဆိုပါသည်။

ထိုလွတ်မြောက် နေသူ နှစ်ဦးတွင် တစ်ဦးမှာ “ပင” ရွာသား ဖြစ်ကာ ၊ နောက်တစ်ဦးမှာ “ခေါဇာ” ရွာသားပင် ဖြစ်ပြီး ၄င်းတို့အား အမြန်ဆုံး ဖမ်းဆီး ရမိ နိုင်ရေး အတွက် ကြိုးပမ်းလျက် ရှိနေကြောင်း ဆိုပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်နေ့ ညနေပိုင်းတွင် ဘုရား သုံးဆူ မြို့နယ်ခွဲ အတွင်းရှိ မွန်ပြည်သစ် ပါတီ ထိန်းချုပ် နယ်မြေ ကြံတော ကျေးရွာ၌ တရားခံ နိုင်ဗလိုင် မွန်အား စိတ်ကြွှ ဆေးပြား ၁၂,၀၀၄ လုံး နှင့် ခရစ်စတယ်ခဲ (ယာအိုက်) ၂ ဂရမ် တို့နှင့် အတူ လက်ပူး လက်ကြပ် ဖမ်းမိ ခဲ့သည်။

ဖမ်းဆီး ရမိ ခဲ့စဉ် တရားခံ ဖြစ်သူ ထွက်ဆိုချက် အရ ၄င်း မူးယစ် ဆေးဝါး များကို ဘုရား သုံးဆူ မြို့မှပင် အဆက် အသွယ် တစ်ဦး ထံမှ ရယူ ထားကာ ၄င်းမှ တဆင့် ထိုင်းနိုင်ငံ မဟာချိုင်သို့ သယ်ဆောင် သွားမည် ဖြစ်သည်။

ထိုနေရာ၌ လက်ခံသူ တစ်ဦး ထံသို့ ပေးပို့ ပြီးလျှင် မိမိ တာဝန် ပြီးဆုံးမည် ဖြစ်သည်။ ၄င်းအား သယ်ယူ ပို့ဆောင် ပေးနိုင်ရန် အတွက် မလေးရှား နိုင်ငံနေ သူငယ်ချင်း တဦးမှ ဖုန်းဖြင့် မှာကြား ခဲ့ပြီး ယခု ကဲသို့ သယ်ဆောင် ပေးရန် သဘောတူ ထားခြင်း ဖြစ်ကြောင်း ထွက်ဆို ထားပါသည်။

၄င်းပမာဏသည် မွန်ပြည်သစ် ပါတီ ဂျပန်ရေတွင်း အခြေစိုက် မူးယစ် တိုက်ဖျက်ရေး အဖွဲ့မှ ဖမ်းဆီး ရမိသည့် ပမာဏ များအနက် အများဆုံး ဖြစ်ကာ ဒုတိယ အများဆုံးမှာ စိတ်ကြွှ ဆေးပြား (၈၀၀၀) လုံး မှာ ဒုတိယ အများဆုံး ဖြစ်သည်။

ထိုသို့ နိုင်ဗလိုင်မွန်အား ဖမ်းဆီး ရမိ ခဲ့ပြီးနောက် တရားခံအား ချက်ခြင်း မွန်ပြည်သစ် ပါတီ ဗဟို ဌာနချုပ် စခန်းသို့ ပို့ဆောင် ပေးရန် ဗဟိုမှ ညွှန်ကြားချက် ထုတ်ပြန် ခဲ့ပြီး လမ်းခရီး အခြေအနေ မပေး သဖြင့် နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက် မှပင် ဗဟို ဌာနချုပ်သို့ ပို့ဆောင် ခဲ့ကာ ဆက်လက် ထိန်းသိမ်း ထားခဲ့သည်။

၄င်းတရားခံ နိုင်ဗလိုင်မွန်ကို မကြာမီ အတွင်း အမှုဖွင့် စစ်ဆေး သွားမည် ဖြစ်ကာ ထိုသို့ မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု လက်သည်ကြီး တရားခံ မှာမူ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ် ဝန်းကျင် ကျခံ နိုင်ကြောင်း မွန်ပြည်သစ် ပါတီ စံခလ ပူရီ ဆက်ဆံရေးရုံးမှ အကြီးတန်း အရာရှိက ဆက်လက် ပြောကြားသည်။

ကြာအင်း ဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူ မြို့နယ်ခွဲသည် မြို့ပေါ် ၌ပင် မူးယစ် ဆေးဝါးများ အထူးသဖြင့် စိတ်ကြွှ ဆေးဝါးများ အလွယ် တကူ ဝယ်ယူ ရရှိ နိုင်သည့် နေရာ အဖြစ် ဒေသခံ နေထိုင်သူ များနှင့် မွန်ပြည်သစ် ပါတီနှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ တဆင့် သိရှိ ရသော်လည်း ၄င်းအား မြန်မာ အစိုးရ အာဏာပိုင် များမှ ထိရောက်စွာ အရေးမယူ နိုင်သေးပေ။

အထူး သဖြင့်မူ ဘုရားသုံးဆူ မြို့ပေါ်ရှိ တောင်ဝိုင်း ရပ်ကွက်၊ ဥဒေါင်းကန် ပတ်ဝန်းကျင်နှင့် ရပ်ကွက် (၄) တို့သည် စိတ်ကြွှ ဆေးဝါးများ အလွယ် တကူ ဝယ်ယူ ရရှိ နိုင်သည့် နေရာ တစ်ခု ဖြစ်ကြောင်း အမည်မဖော် လိုသည့် ဘုရားသုံးဆူ မြို့နေ ဒေသခံ တစ်ဦးမှ ပြောသည်။

“ဘယ် လက်နက်ကိုင် အဖွဲ့က လုပ်နေသလဲ ဆိုတာတော့ ကျနော် ထုတ်မပြော ရစေနဲ့ ၊ အပေါ်က ပြောထားတဲ့ နေရာ တွေမှာတော့ လက်လီ ဝယ်ဝယ်၊ လက်ကား ဝယ်ဝယ် ၊ ဝယ်လို့ ရတယ်၊ နေ့ည ကြိုက်တဲ့ အချိန် ဝယ်လို့ ရတယ်၊ အခုတော့ နည်းနည်း အဆက် အသွယ် ရှိမှ ဝယ်လို့ ရမှာပေါ့၊ အရင်က ပေါ်တင်ပဲ ရောင်းတယ်” ဟု အမည် မဖော်လိုသည့် ဘုရားသုံးဆူ မြို့ခံ တစ်ဦးမှ ပြောသည်။

မိမိတို့ ထိန်းချုပ် နယ်မြေ အတွင်း မူးယစ် ဆေးဝါး စိမ့်ဝင် လာမှုကို တိုက်ဖျက် နိုင်ရေး အတွက် မွန်ပြည်သစ် ပါတီမှ ပေါ်လစီ တင်းကျပ်စွာ ချမှတ် ခဲ့ပြီးနောက် စုံစမ်း ထောက်လှမ်းခြင်း၊ သတင်း ခိုင်မာချက် ရပါက ဝင်ရောက် ဖမ်းဆီးခြင်း၊ သုံးစွဲ သည်ဟု သင်္ကာမကင်း ဖြစ်ရ သူများကို ဆီးစစ်ခြင်း တို့ကို လုပ်ဆောင်လျက် ရှိပါသည်။

ဤပမာဏ မတိုင်ခင် စိတ်ကြွှ ဆေးဝါး သုံးစွဲရန် အတွက် (၁၀) လုံးအောက် လက်ဝယ် တွေ့ရှိသည့် တရားခံ များကိုသာ ဖမ်းဆီး ရမိခဲ့ပြီး လက်သည်ကြီးများ ဝင်ရောက် လာမှု လျော့နည်း သွားခဲ့ကြောင်း ဂျပန် ရေတွင်း အခြေစိုက် မွန်ပြည်သစ် ပါတီ မူးယစ် တိုက်ဖျက်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ် ဂျနူးရောဒ့်မာန်မှ ဆိုပါသည်။

လက်ရှိ ၌လည်း မူးယစ် ဆေးဝါး သုံးစွဲမှုနှင့် ဆက်စပ်၍ တရားခံ (၄) ဦးအား ဂျပန် ရေတွင်း အခြေစိုက် တပ်စခန်း၌ ထိန်းထိမ်း ထားလျက် ရှိပါသည်။