ကချင်ပြည်နယ် တိုက်ပွဲများ ချက်ချင်း ရပ်တန့်ရန် ကုလသမဂ္ဂ တောင်းဆို

ကချင်ပြည်နယ် တိုက်ပွဲများ ချက်ချင်း ရပ်တန့်ရန် ကုလသမဂ္ဂ တောင်းဆို
by -
ရွှေဟင်္သာ

နှစ်ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန် နေသော ရှမ်းပြည် မြောက်ပိုင်း နှင့် ကချင် ပြည်နယ် တောင်ပိုင်း အစပ် KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ထိန်းချုပ် နယ်မြေတွင် ယနေ့ ပစ်ဆတ်မှု မရှိ သေးကြောင်း တပ်ရင်းမှူး ဗိုလ်မှူး ဂျွှန်းအောင်မှ ဆိုပါသည်။

“ကျနော်တို့က  နန်းလင်းပါ ကျေးရွာရဲ့ အပေါ် ဘက်ပိုင်းမှာ နေရာ ယူထားတယ်၊ကျောင်းတွေ ဘာတွေ ရှိတဲ့ ရွာရဲ့ အောက်ပိုင်းမှာ ကျတော့ သူတို့ (အစိုးရ) တပ်တွေ နေရာ ယူထားတယ်၊ တစ်ယောက် တစ်ဝက် ဆီပေါ့၊ ဒီနေ့တော့ တိုက်ပွဲ မဖြစ်သေး ပါဘူး၊ ဒါပေ မယ့် နီးနီး ကပ်ကပ် ရှိနေ ကြတယ် ဆိုတော့ လှုပ်ရှား ရင်တော့ ဖြစ်မှာပဲ” ဟု ဗိုလ်မှူး ဂျွှမ်းအောင်က ဆိုပါသည်။

အထူး သဖြင့် နိုဝင်ဘာလ (၁၇) ရက်နှင့် (၁၈) ရက်နေ့ တွင် တိုက်ပွဲ ပြင်းထန် ခဲ့ပြီး ယမာန်နေ့ နိုဝင်ဘာ (၁၈) ရက်နေ့တွင် တိုက်ပွဲ (၅) ကြိမ်ထက် မနည်း ဖြစ်ပွား ခဲ့ပြီး နမ့်လမ်းပါ ကျေးရွာ ကိုမူ ယခုအထိ တပ်စွဲ ထားဆဲ ဖြစ်ကြောင်း ဆိုပါသည်။

အလားတူနိုဝင်ဘာလ (၁၈) ရက်နေ့၌ ရန်ကုန်မြို့သို့ ရောက်ရှိ နေသော KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကလည်း အစိုးရ တပ်နှင့်  နှစ်ရက်တာ တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေကြောင်း ဗဟန်းမြို့နယ်၊ Business Alliance Hotel သတင်းစာ ရှင်းလင်း ပွဲ၌ သတင်း ထောက် များအား ပြောကြား ခဲ့ပါသည်။

“အခု ကျနော်တို့ ဘက်မှာက တပ်တွေ နီးနီး ကပ်ကပ် ရှိနေ ပါတယ်၊ အဲဒီတော့ တပ်တွေ နီးတဲ့ အခါကျတော့ တပ်တွေ နည်းနည်း လှုပ်ရှား လိုက်တာနဲ့ ထိတွေ့ မှုတွေ ဖြစ်လေ့ ရှိပါတယ်။ ကျနော်တို့ ဘက်ကလည်း အင်အား အတော် အသင့် ရှိတယ်၊ အစိုးရ ဘက် ကလည်း အင်အား တော်တော် များပါတယ်၊ အဲဒီတော့ နည်းနည်း လှုပ်ရှား လိုက်တာနဲ့ ချက်ခြင်း ထိတွေ့ မှုက ဖြစ်တယ်၊ ပြောရမယ် ဆိုရင်တော့ တပ်တွေ နီးကပ် လွန်းလို့ ဖြစ်ပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာ များအား ထုတ်ဖေါ် ပြောကြား ခဲ့ပါသည်။

တိုက်ပွဲတွင် အစိုးရ တပ်များ သည် လက်နက်ကြီးများ အဆက်မပြတ် ပတ်ခတ် ခဲ့သော ကြောင့် နန်းလင်းပါ ကျေးရွာ မီးလောင် ပျက်ဆီး သွားခဲ့ ရပြီး ဒေသခံ ရွာသားများ ၂၀၀၀ ဝန်းကျင်ကျော် စစ်ပြေး ဒုက္ခသည် အဖြစ် ထွက်ပြေး တိမ်းရှောင် ခဲ့ရ ပါသည်။ လက်နက်ကြီး များထဲတွင် (၁၀၅) မမ များလည်း အသုံးပြု ခဲ့သည်ဟုဆိုပါသည်။

အလားတူ ကောင်ဂျာ ကျေးရွာ ၌လည်း ယမာန် နေ့က တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး တိုက်ပွဲ များသည် နိုဝင်ဘာ လဆန်းမှ ယခုထိ အကြိမ် (၂၀) ကျော် ဖြစ်ပွား ခဲ့ကြောင်းနှင့် ယခု စစ်ဆင် ရေးတွင် အစိုးရ တပ်မှ နည်းဗျူဟာ (၅) ခု အထိ ပါ၀င် စစ်ဆင် နေကြောင်း ဗိုလ်မှူးဂျွှန်းအောင် က ဆိုပါသည်။

အဆိုပါ တိုက်ပွဲကြောင့် ထွက်ပြေး နေသည့် နမ့်လင်းပါမှ စစ်ပြေး ဒုက္ခသည် အချို့ကို မန့်ဝိန်းကြီး ကျေးရွာ ဘက်၌ ပြန်လည်နေရာ ချထား ပေးကြောင်း KIO အရပ်ဘက် အရာရှိ တစ်ဦးမှ ဆိုပါသည်။

အလားတူ ကုလသမဂ္ဂ ကလည်း ကချင်ပြည်နယ် မန်စီ ဒေသ၌ နောက်ဆုံး ဖြစ်ပွား ခဲ့သည့်တိုက်ပွဲ များကြောင့် ပြည်သူ အနည်းဆုံး (၂၃၀၀) နီးပါး ပိတ်မိ နေကြပြီး အစားအစာနှင့် နေထိုင်ရေး အတွက် ဒုက္ခရောက် နေကြရ သည်ဟု ၄င်းတို့၏ အစီရင်ခံစာ ထဲတွင် ထုတ်ပြန် ထားပါသည်။

ဤသို့ကြောင့် ကချင် ဒေသ၌ ဖြစ်ပွား နေသော ကချင် လွတ်မြောက်ရေး တပ်မတော် KIA နှင့် မြန်မာ အစိုးရ အကြား တိုက်ပွဲ များကို ချက်ချင်း ရပ်တန့်ရန် ကုလ သမဂ္ဂမှ တိုက်တွန်း ထားကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပါသည်။

အလားတူ ရန်ကုန် အခြေစိုက် အမေရိကန် သံရုံး မှလည်း ကချင် ဒေသမှ စစ်ရှောင် ဒုက္ခသည် များ၏ အစားအစာ၊ ကျန်းမာရေး စောင့်ရှောက် မှုနှင့် နေထိုင်ရေး အပါ အဝင် မြန်မာ နိုင်ငံ တဝန်း၌ ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များကြောင့် ဒုက္ခ ရောက်ရ သူများအား အမေရိကန်  ဒေါ်လာ ၂၅ သန်း ကူညီ သွားရန် ရှိကြောင်း ကြေငြာ ထားပါသည်။

မည်သို့ပင် ဆိုစေ အစိုးရ တပ်များသည် KIA အား ဖြတ်လေးဖြတ်  တိုက်ပွဲ များဖြင့် စစ်ဆင် နေကြောင်း၊ ကချင် ပြည်သူ များနှင့် အဆက် ဖြတ်ရန် ကျေးရွာ များမှ လူထုအား တိုက်ပွဲ ဖေါ်သည့် နည်းဖြင့် အဆက်မပြတ် မောင်းထုတ် နေကြောင်း၊  ဤသို့ကြောင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားရန် ရှိနေသည်ဟု ဗိုလ်မှူး ဂျွှန်းအောင်က ဆိုပါသည်။