ထားဝယ်စီမံကိန်းမှ အီတာလျံ-ထိုင်း နုတ်ထွက်မည့် သတင်းများထွက်ပေါ်

ထားဝယ်စီမံကိန်းမှ အီတာလျံ-ထိုင်း နုတ်ထွက်မည့် သတင်းများထွက်ပေါ်
by -
ရွှေဟင်္သာ

မြန်မာနိုင်ငံ ၏ အရေးကြီး သော ရေနက်ဆိပ်ကမ်း နှင့် အထူး စီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်း တစ်ခုဖြစ်သည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ကနဦး လုပ်ကိုင်ခွင့်ရ အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီ စီမံကိန်းမှ နုတ်ထွက်မည် ဆိုသည့် သတင်းများ ယခုရက်ပိုင်း အတွင်း ထွက်ပေါ်လျက် ရှိကြောင်း ထားဝယ် ဒေသခံအချို့နှင့် အဆိုပါ စီမံကိန်းတွင် လုပ်ကိုင် နေသူများက ပြောကြားသည်။

ထားဝယ် စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်နေ သည့် အီတာလျံ-ထိုင်းကုမ္ပဏီ (ITD) သည် နိုဝင်ဘာလ ၂၀ ရက်နေ့မှစပြီး နဘုလယ် ရှိ မြေပြင် လုပ်ငန်းခွင်မှ စတင် ထွက်ခွာတော့မည် ဖြစ်ကြောင်း ကုမ္ပဏီ ဝန်ထမ်းများနှင့် နဘုလယ် ဒေသခံများ အကြား၌ သတင်း ထွက်ပေါ်လျက် ရှိသည်။

ITD ၏ လုပ်ငန်းခွင် တချို ွှ(Photo- The Voice)

“ထိုင်းနိုင်ငံသား ဝန်ထမ်းတွေက ၂၁ ရက်နေ့မှာ ပြန်ရတော့မယ်လို့ ပြောတယ်။ ၂၀ ရက်နေ့မှာ (ITD) ထွက်တော့ မယ်လို့တော့ ကြားနေရတယ်။ တရားဝင်တော့ အသိ မပေးသေးဘူး” ဟု (ITD) ရုံး၌ တာဝန် ထမ်းဆောင် နေသည့် ထိန်ကြီး ကျေးရွာမှ ဝန်ထမ်း တစ်ဦးက ဆိုသည်။

၂၀၀၈ ခုနစ်တွင် မြန်မာနိုင်ငံ အစိုးရနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီးနောက် လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သော (ITD) ကုမ္ပဏီသည် ထားဝယ် - ကန်ချနပူရီ လမ်းအူကြောင်း ဖောက် လုပ်ခြင်း၊ ရွှေ့ပြောင်း နေရာချ ထားပေးမည့် ဒေသခံများ နေထိုင်ရာ အတွက် ဘဝမြို့သစ် စီမံကိန်း တည်ဆောက်ခြင်း၊ တလိုင်းသတ် တောင် ကျောက်ထုတ်လုပ်ရေး စခန်း တည်ဆောက်ခြင်း၊ ဆိပ်ကမ်းငယ် တည်ဆောက်ခြင်း စသော လုပ်ကွက်များကို လုပ်ဆောင် နေသည်။

“ကုမ္ပဏီက ထွက်တော့မယ် လို့တော့ ကြားနေရတယ်။ လုပ်ကွက် ထဲမှာတော့ ဘာမှအသံ မကြားရဘူး” ဟု ကျောက် ထုတ်လုပ်ရေး စခန်း လုပ်ကွက်မှ ဝန်ထမ်း တစ်ဦးက ဆိုသည်။

ယင်းသို့ ထားဝယ် စီမံကိန်းမှ (ITD) ကုမ္ပဏီမှ ထွက်ခွာမည်ဟု သတင်း ထွက်ပေါ်နေ၍ အတည်ပြုချက် ရယူရန် (ITD) ကုမ္ပဏီရုံး သို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အစိုးရချင်း အကောင်အထည်ဖော် သည့် စီမံကိန်း ဖြစ်နေသောကြောင့် အထောက် အကူပြုရုံး ကို မေးမြန်း ပါဟု ပြန်လည် ဖြေကြား ခဲ့သည်။

အထောက် အကူပြုရုံးမှ တာဝန်ရှိသူ တစ်ဦးကို ဆက်လက်၍ မေးမြန်းရာ (ITD) ဘက်မှ တရားဝင် အကြောင်းကြား လာခြင်း မရှိသေး၍ (ITD) ကိုသာ မေးမြန်း ပါဟု ပြန်လည်  ဖြေကြားခဲ့သည်။

ထိုင်းနှင့် မြန်မာ အစိုးရချင်း လုပ်ဆောင်သော စီမံကိန်းအဖြစ် အသွင်ပြောင်း ပြီးနောက် ကနဦး လုပ်ကိုင်ခွင့်ရ (ITD) မှာထားဝယ် စီမံကိန်းမှ နောက်ဆုတ်မည် ဖြစ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးက ယခုနှစ် လယ်ပိုင်းက ပြောဆိုထားသည်။

(ITD) ၏ ထားဝယ် စီမံကိန်း လုပ်ကိုင်ခွင့်များ ကို မြန်မာ အစိုးရက ရုပ်သိမ်း တော့မည်ဟု ထိုင်း စွမ်းအင် ဝန်ကြီးက မှတ်ချက်ပြု ပြောဆိုမှုနှင့် ပတ်သက်၍ (ITD) က အံ့အားသင့် ရကြောင်း ပြောဆိုခဲ့ပြီး မြန်မာ အစိုးရ၏ တိုက်ရိုက် ပြောဆိုချက် တစ်စုံတစ်ရာ မရသေးကြောင်း ဆိုခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ခုခံ ရင်ဆိုင်သွားရန် အသင့်ရှိကြောင်း (ITD) ၏ ပြောဆိုချက်ကို ဘန်ကောက်ပို့စ် သတင်းစာ၏ နိုဝင်ဘာ (၁၇) ရက် အွန်လိုင်း သတင်း တွင် ဖော်ပြထားသည်။

“(ITD) ကုမ္ပဏီ ထွက်တော့မယ် ဆိုရင် ဒီလို ထွက်သွား ခိုင်းလို့တော့ မရဘူး။ သူတို့ကြောင့် ထိခိုက် နစ်နာမှု ရှိတာကိုတော့ တာဝန်ယူ ခိုင်းရမယ်” ဟု ပရဒတ် ကျေးရွာမှ ဥယျာဉ်ခြံ ပိုင်ရှင် ဦးထိန်ဝင်းက ပြောသည်။

စီမံကိန်း ဧရိယာအတွင်း ပရဒတ် ကျေးရွာ နယ်နိမိတ်ရှိ တလိုင်းသတ်တောင် ကျောက်ထုတ်ရေး စခန်းကြောင့် ထိခိုက်မှု ရှိသော လယ်ယာ ဥယျာဉ် ခြံမြေ လုပ်ကိုင်သူ (၁၀) ဦးကလည်း လျှော်ကြေး ရရှိရေးအတွက် တောင်းဆို ထားသည်ဟု ယင်း လယ်သမားများ ထံမှ သိရသည်။

ကျောက်ထုတ်ရေး စခန်း အပါအဝင် အခြားလုပ်ကွက် တစ်ခုကို ထားရစ်ခဲ့ကာ စီမံကိန်းမှ ဆုတ်ခွာမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသား အားလုံး ပြန်ရမည် ဖြစ်ပြီး မြန်မာ ဝန်ထမ်းများသာ ကျန်ခဲ့မည်ဟု သိထား ကြောင်း ITD ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။