MPC ၏ အစီစဉ် သစ်သည် ဖါးအံ ဆွေးနွေးပွဲ အပေါ် မသက်ရောက်နိုင်

MPC ၏ အစီစဉ် သစ်သည် ဖါးအံ ဆွေးနွေးပွဲ အပေါ် မသက်ရောက်နိုင်
by -
ရွှေဟင်္သာ

အစိုးရ နည်းပညာ အထောက် အကူပြုအဖွဲ့ (MPC) အဖွဲ့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အပါ၀င် ထိုင်းနိုင်ငံ အခြေစိုက် လူမှု အဖွဲ့အစည်းများနှင့် လာမညိ့ နိုဝင်ဘာ (၂၂) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းထားသည်ဟု UNFC အတွင်းရေးမှူး (၂)ဖြစ်သူ ခွန်ဥက္ကာက ဆိုပါသည်။

“ဒီဆွေးနွေးပွဲ ကတော့ ကရင်ပြည်နယ် မှာပြုလုပ်မဲ့ ညီလာခံနဲ့တော့ တိုက်ရိုက် သက်ဆိုင်မှာ မဟုတ်ပါဘူး ဒါပေမဲ့ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးတဲ့ အခါမှာတော့ ပါတီတွေက အကျံုးဝင် လာမှာပါ။ ပါတီတွေက တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးက သူတို့နဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် အမြင်ချင်းတော့ ဖလှယ်လို့ ရပါတယ်။ နိုင်ငံရေး ပါတီအ နေနဲ့ အကျံုးဝင်တဲ့ ကဏ္ဍကတော့ ဒုတိယ အဆင့်မှာ ဖြစ်ပါတယ်။” ဟုဆိုပါသည်။

MPC နည်းပညာ အထောက် အကူပြုအဖွဲနှင့် UNFC ကိုယ်စားလှယ်တို့ ယခင် တွေ့ဆုံစဉ်

အစိုးရ (MPC) အဖွဲ့သည် ပြည်တွင်း တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် အတူ လာမည့် နိုဝင်ဘာ (၂၂)ရက်နေ့မှ (၂၄) ရက်နေ့အတွင်း ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ အဖွဲ့အစည်း များနှင့် တွေ့ဆုံကြရန် ကမ်းလှမ်း ထားသည်ဟု ဆိုပါသည်။ UNFC အပြင် အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB၊ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ပါ၀င်သည့်  WGEC အဖွဲ့နှင့် လည်း တွေ့ဆုံကြ မည်ဖြစ်ပါသည်။

UNFC အဖွဲ့ကမူ ဤအစီစဉ်သည် MPC အစီစဉ် ဖြစ်သည့်အတွက် မည့်သည့် ပါတီများက မည်သို ့ဆွေးနွေး ကြမည်ကို အသေးစိပ် အကြောင်းပြန်ပေး ရန် တောင်းဆိုထား သော်လည်း နိုဝင်ဘာ (၁၅) ရက်နေ့ အထိ ပြန်စာ မရသေးဟု ဆိုပါသည်။ UNFC သည် ပြည်တွင်း တိုင်းရင်းသား နိုင်ငံရေး ပါတီများမှ ခေါင်းဆောင် များနှင့် အမြင်ဖလှယ် ခွင့်ရသည့် အတွက် ကြိုဆိုကြောင်း ဆိုပါသည်။

MPC အဖွဲ့မှ ဦးညိုအုန်း မြင့်ကမူ ၄င်းတို့လည်း ပြည်တွင်း နိုင်ငံရေး ပါတီအင် အားစုများနှင့်  တိုင်းရင်းသား လက်နက် ကိုင်များအကြား ဆွေးနွေးမည့် အစီစဉ်များကို မညှိနှိုင်းရသေး သဖြင့် အကြောင်းပြန်ကြား နိုင်ခြင်းမရှိသေးဟု ဆိုပါ သည်။ သို့သော် လက်ရှိဖြစ် ပေါ်နေသည့် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး ၌ အနာဂတ် မြန်မာနိုင်ငံကို မည်သို့ပြုပြင် ပြောင်းလဲသွား ကြမလဲ ဆိုသည့် အမြင် သဘောထားများ ဖလှယ်ကြခြင်းသာ ဖြစ်ဖွယ်ရှိ သည်ဟု ဆိုပါသည်။

“ဘယ်လိုဘဲ ဖြစ်ဖြစ် ဆွေးနွေးပွဲမှာ (၃) ချက်ပဲ သတ်မှတ်ထား ပါတယ်။ (၁) တပြည်လုံး အတိုင်းတာ အပစ်အခတ် ရပ်စဲရေးရယ်။ (၂) နိုင်ငံရေး မူဘောင်ကိစ္စနဲ့  (၃) နိုင်ငံရေး ဆွေးနွေးပွဲကို ဘယ်လိုတက် လှမ်းမလဲ ဆိုတဲ့အချက်တွေ အပေါ်မှာဘဲ အခြေခံပြီး ဆွေးနွေး သွားမှာပါ” ဟု ဦးညိုအုန်းမြင့် ကဆိုပါသည်။

ထို့အပြင် ပြည်တွင်း တိုင်းရင်းသား ပါတီ (၉)ဖွဲ့ထက် မနည်းလာရောက် ဆွေးနွေးနိုင်ကြောင်း၊ MPC မှဦးညိုအုန်းမြင့်၊ ဦးဘိုဘိုကျော်ငြိမ်း နှင့် MPC မှအကြီးတန်း အရာရှိတစ်ဦး လည်း တက်ရောက် မည်ဖြစ်သည်။

UNFC အဖွဲ့ကမူ နိုဝင်ဘာ (၂၂) ရက်နေ့  မနက် (၉) နာရီမှ (၁၂) နာရီအထိ MPC မှ ခေါ် လာသော တိုင်းရင်းသား ပါတီများမှ ခေါင်းဆောင် များနှင့် တွေ့ဆုံ ဆွေးနွေး ကြမည် ဖြစ် ပါသည်။ ဤဆွေးနွေးပွဲ အတွက် UNFC သည် ၄င်းတို့ ခေါင်းဆောင်များ အားလာမည့် နိုဝင်ဘာ (၂၀) ရက်နေ့တွင် အစည်းအဝေး ကျင်းပရန် ရှိသည်ဟု ဆိုပါသည်။

UNFC သည်  ပြည်တွင်းရှိ တိုင်းရင်းသား ခေါင်းဆောင်းညီ အကိုများနှင့် တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ခွင့်ရရှိခြင်းက ကောင်းသော လက္ခဏာ ဖြစ်ခြင်းကြောင့် ဤအစီစဉ်ကို ကြိုဆိုလက်ခံခြင်း ဖြစ်သည်ဟု ဆိုပါသည်။

MPC ကမူ ဤအစီစဉ် သည် နိုင်ငံ ပြုပြင်ပြောင်းလဲ ရာတွင် သမ္မတ၏  အားလုံး ပါ၀င်နိုင်ရေး အခြေခံပေါ်တွင် မူတည်ပြီး တိုင်းရင်းသား နိုင်ငံရေးပါတီ များနှင့် လက်နက်ကိုင် အင်အားစု တွေကြား ပွင့်ပွင့်လင်းလင်းဖြင့်  အနာဂတ် မြန်မာနိုင်ငံ အတွက် မည်သို့ ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးစေလို သည့်အတွက် စီစဉ်ပေးခြင်း ဖြစ်သည်ဟု ဦးညိုအုန်းမြင့်က ဆိုပါသည်။

အစိုးရ MPC အဖွဲ့သည် လာမည့် ဒီဇင်ဘာလတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရေး ကိစ္စ တွေ့ဆုံ ဆွေးနွေးရန် အစီစဉ် ရှိနေသည့်အတွက် ထိုဆွေးနွေးပွဲ မတိုင်မှီ  ဤအစီစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဤ အစီစဉ်အပေါ် အပြုသဘော မြင်သော တချို့တိုင်း ရင်းသား နိုင်ငံရေးသမား များက အစိုးရသည် မတူသည့် အခြေခံအမြင် အပေါ်တွင် ပေါင်းစည်း ပေးရန် ဖြစ်သည်ဟု ဆိုကြပါသည်။

သို့သော် အစိုးရ၏ လုပ်ရပ်ကို သတိထားနေ သူများကမူ အစိုးရသည် အတွေးအခေါ် အမြင်မတူညီ ကြသည့် တိုင်းရင်းသား ခေါင်းဆောင်များ အချင်းချင်း တွေ့ဆုံဆွေးနွေး စေပြီး မူလ လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ သဘောတူချက် များ လမ်းကြောင်း ပြောင်းသွားစေရန် ရည်ရွယ် ဖန်တီးနေ ခြင်းသာ ဖြစ်သည်ဟု UNFC အဖွဲ့ဝင် တချို့ကဆိုပါသည်။