မွန်ပြည်သစ် ပါတီသည် အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အပေါ် သဘော ထားနှင့် လျှော့နေသည့် တာဝန်ပိုင်းကို ဖြည့်တင်းရန် အရေးပေါ် ဗဟို ကော်မီတီ အစည်း အဝေး တစ်ရပ်ကို မွန်ပြည်နယ်၊ ရေးချောင်း ဖျားရှိ ဌာနချုပ် စခန်းတွင် နိုဝင်ဘာလ (၁၃) ရက်နေ့၌ စတင် ကျင်းပ ခဲ့သည်ဟု ဒုတိယ ဗိုလ်မှူးကြီး ဇာတာမာန်မှ ဆိုပါသည်။
“ ပေါ်လစီ အပြောင်းအလဲတော့ သိပ်မရှိ ပါဘူး။ လောလော ဆယ်တော့ တာဝန်ပိုင်း တွေကို အရင် ဆွေးနွေး ကြပါတယ်။ ကွယ်လွန် သွားတဲ့ ပါတီ ဒုဥက္ကဌ နိုင်ရော့စလို နေရာ မျိုးပေါ့လေ။ ပြီးတော့ စစ်ဖက် အရပ်ဖက်တွေ အားလုံးပေါ့။ လစ်လပ်တဲ့ နေရာ တွေကို အဆင့်ဆင့် ပြန်လည် ဖြည့်တဲ့ သဘော ပါဘဲ။ အပစ် ရပ်ရေး လက်မှတ် ထိုးပွဲ ကိစ္စ ကတော့ လောလောဆယ် မဆွေးနွေး ရသေး ပါဘူး” ဟု ဆိုပါသည်။
ရွေးချယ် မှုများ အဖြစ် ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာသည် ပါတီ ဒုတိယ ဥက္ကဌ အဖြစ် ရွေးချယ် ခဲ့ကြပြီး၊ အထွေထွေ အတွင်းရေးမှူး နေရာ ကိုမူ တွဲဖက် အတွင်း ရေးမှူး (၁) ဖြစ်သူ နိုင်အောင်မင်းအား ရွေးချယ် ခဲ့ကြ ပါသည်။ ယခင် စစ်ဦးစီးချုပ် ဖြစ်သည့် အတွင်းရေးမှူး (၂) ဖြစ်သူ ဗိုလ်ချုပ် ဇွဲယျကမူ အတွင်းရေးမှူး (၁) အဖြစ် ရာထူး ပြောင်းသွားပြီး စစ်ဦးစီးချုပ် တာဝန်မှ နှုတ်ထွက် ခဲ့ပါသည်။
ဖွဲ့စည်းပုံ အရ အတွင်းရေးမှူး (၂) နေရာတွင် လောလော ဆယ်၌ ခန့်ထားမှု မရှိ သေးဘဲ ကျင်းပရန် ရှိသေးသည့် လာမည့် ပုံမှန် ဗဟို ကော်မီတီ အစည်း အဝေးသို့ ရွှေ့ဆိုင်း ထားသည်ဟု ဆိုပါသည်။
စစ်ဖက် ဆိုင်ရာ အစားထိုး ရွှေးချယ် မှုတွင်လည်း ယခင် ဒုတိယ ဦးစီးချုပ် ဗိုလ်မှူးချုပ် လယီဂကောင်းအား ဦးစီးချုပ် အဖြစ် လည်းကောင်း၊ ယခင် စစ်ထောက်ချုပ် ဖြစ်ခဲ့သော ဗိုလ်မှူးကြီး ဗညားမဲ့စန်းအား ဒုတိယ ဦးစီးချုပ် အဖြစ် လည်းကောင်း ရွေးချယ် ခဲ့ကြ ပါသည်။ ထို့အပြင် စစ်ကော် မီတီအဖွဲ့ဝင်သစ် နှစ်ဦးအဖြစ် ဒုတိယ ဗိုလ်မှူးကြီး ဟံသာ နှင့် ဒုတိယ ဗိုလ်မှူးကြီး စန်းအေးတို့အားရွေးချယ်ခဲ့ပါသည်။
အလားတူလစ်လပ်သွားသောပါတီဗဟိုကော်မီတီဝင်နေရာများ၌လည်း အားဖြည့်ရွေးချယ်ခဲ့ပါသည်။ထိုထဲမှ မော်လမြိုင် ဖွံ့ဖြိုးရေးရုံး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးအမ်စိုက်ချမ်းအား အရန် ဗဟို ကော်မီတီဝင်မှ တင်းပြည့် အဖြစ်လည်းကောင်း မွန်ပြည်သစ် ပါတီ မော်လမြိုင် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး- ကြီးစန်းအား အရန် ကော်မီ တီဝင်မှ တင်းပြည့်ဗဟို ကော်မီတီဝင် အဖြစ် လည်းကောင်းတိုးမြှင့် ခဲ့ပါသည်။
မွန်ပြည်သစ်ပါတီသည် ဗဟို ကော်မီတီဝင် (၂၇) ဦး၊ အရန် ဗဟို ကော်မီတီဝင် (၁) ဦးတို့နှင့် ဖွဲ့စည်းထားပြီး ဗဟိုစစ် ကော်မီတီဝင် (၇) ဦးဖြင့် ဖွဲ့စည်းထားပါသည်။
ယင်းအစည်းအဝေးသို့ ဗဟိုကော်မီတီဝင် (၂၇)ဦးနှင့်အတူ အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေး ပွဲကို (၄)ရက်မျှကျင်းပမည်ဖြစ်ပြီး နက်ဖြန်တွင် အစိုးရ၏ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးအပေါ် သ ဘောထားကို ဆွေးနွေးကြမည်ဖြစ်သည်။
မွန်ပြည်သစ်ပါတီသည် ၁၉၅၈ ခုနှစ် သြဂုတ်လ (၂၀)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၅ ခုနှစ်တွင် ပထမအ ကြိမ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့်ဖွဲ့စည်းရေး ပေါ်လစီကြောင့် ပျက်ပြယ် ခဲ့ပါသည်။ သို့သော်လည်း ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြန်လည်အပစ်ရပ် ခဲ့ပြန်ပါသည်။