လိုင်ဇာ ဘုံ သဘောတူညီ ချက်ကို RCSS အရေးပေါ် အလုပ်အမှုဆောင် အစည်းအဝေးမှ ထောက်ခံ

လိုင်ဇာ ဘုံ သဘောတူညီ ချက်ကို RCSS အရေးပေါ် အလုပ်အမှုဆောင် အစည်းအဝေးမှ ထောက်ခံ
by -
ရွှေဟင်္သာ

လိုင်ဇာဆွေးနွေးပွဲ မှ တိုင်းရင်းသား လက်နက်ကိုင်များ ၏ ဘုံ သဘောတူညီချက် အားပြီးခဲ့သည့် နိုဝင်ဘာ (၉) ရက်နေ့၌ ကျင်းပသော ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၏  အရေးပေါ် ဗဟို အလုပ်အမှုဆောင် ကော်မီတီ အစည်းအဝေး ကလည်း ထပ်လောင်း ထောက်ခံကြောင်း၊ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

“လက်မှတ်ထိုးခြင်း မထိုးခြင်းထက် အချက် အလက်တွေကို ထပ်မံ ထောက်ခံကြောင်း အလုပ်အမှုဆောင် ကော်မီတီက ဆုံးဖြတ်ကြတယ်။ (RCSS) ကတော့ ငြိမ်းချမ်းရေး ရရှိရေးနဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးတွေကို တိုင်းရင်းသား အဖွဲ့တွေ နဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်သလို အစိုးရနဲ့ လည်း ပူးပေါင်း အဖြေရှာ သွားမှာပါ” ဟုဆိုပါသည်။

union peace making work committee and ethnic armed organizations

လိုင်ဇာဘုံ သဘောတူညီချက် သည် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)ဌာနချုပ် လိုင်ဇာတွင် (၃)ရက်တာ ကျင်းပပြီး ပြီးခဲ့သည့် နိုဝင်ဘာ (၂)ရက်နေ့ တွင် ပြီးဆုံး ခဲ့ပါသည်။ ယင်း အစည်းအဝေးသို့ (RCSS) လည်း တက်ရောက် ခဲ့သော်လည်း ဘုံ သဘောတူညီချက် အား မူအားဖြင့် ထောက်ခံခဲ့ပြီး လက်မှတ် ရေးထိုး ခဲ့ခြင်း မပြုခဲ့ပေ။

ဤသို့ဖြင့် ယင်း သဘောတူညီချက် ကို အရေးပေါ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးခေါ် ဆိုပြီး ကြားနာခဲ့ရာမှ ထပ်မံထောက်ခံခြင်း ဖြစ်ပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာထိပ်သီး ညီလာခံသည် အစိုးရနှင့် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ် ရေးထိုးခြင်း ကိစ္စနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး မူဘောင်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲ ဖြစ်ပါသည်။ အရေးပါလှသော ယင်းညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၈) ဖွဲ့ တက်ရောက် ခဲ့ကြပြီး ရရှိခဲ့သော ဘုံ သဘောတူညီချက် ကို (RCSS/SSA) အဖွဲ့မှတပါး ကျန်အဖွဲ့များက သဘောတူ လက်မှတ် ထိုးခဲ့ကြပါသည်။

(RCSS) ကိုယ်စားလှယ် များကမူ ရရှိခဲ့သော ဘုံ သဘောတူညီချက် များအား လက်မှတ်မထိုး ခဲ့သော်လည်း ထောက်ခံကြောင်း အတိအလင်း ကြေညာခဲ့ပါသည်။ ယင်း ဘုံ သဘောတူညီချက် (၁၁)ချက်များမှာ- အခြေခံမူ၊ ရည်ရွယ်ချက်၊ နှစ်ဖက်လက်ခံ နိုင်သော နိုင်ငံရေးလမ်းပြ မြေပုံရေးဆွဲခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးတွင် ပါဝင်ရမည့် အချက်များ ၊ ၄င်းတို့အား အကောင်အထည် ဖော်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်း ဆိုင်ရာဆောင်ရွက် ရ မည့်အချက်၊ မတရားအသင်း ပယ်ပျက် ပေးရေး၊ ဆွေးနွေးရေး ကာလ အစီအစဉ်၊ လက်မှတ် ရေးထိုးခြင်း၊ အတည်ပြုခြင်းနှင့် အထွေထွေ စသည့် ခေါင်းစဉ်ကြီး (၁၁) ချက် ပါဝင်ပါသည်။

အထူးသဖြင့် အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲသို့ အဖွဲ့အားလုံး သဘောတူညီမှု ရမှသာ လက်မှတ်ထိုး မည်ဖြစ်ပြီး တဖွဲ့ဖွဲ့မှ သဘောမတူပါက တူသည်အထိ ညှိနှိုင်းပြီးမှ လက်မှတ် ထိုးမည်ဟု ခံယူကြပါသည်။  အစိုးရသည် တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးပြီးမှ နိုင်ငံရေး မူဘောင်ကို ဆက်ဆွေးနွေး မည်ဖြစ်သလို မူဘောင် သဘောတူပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲကို စတင်နိုင်မည်ဟု ထုတ်ဖေါ်ပြောကြား ထားပါသည်။

အစိုးရသည် တိုင်းရင်းသား အဖွဲ့များ အခြေခံစဉ်းစား နိုင်ရန် ၄င်းတို့၏ သဘောထားကို အခန်း(၁၄)ခန်း ဖွဲ့ပြီး လိုင်ဇာတိုင်း ရင်းသား ညီလာခံသို့ တင်ပြခဲ့ပါသည်။ ထိုကဲ့သို့ တင်ပြထား သော်လည်း တိုင်းရင်းသား လက်နက်ကိုင် ကော်မီတီ နှင့် အစိုးရ ကိုယ်စားလှယ်တို ့နိုဝင်ဘာ (၄)ရက်နေ့ မြစ်ကြီးနား တွေ့ဆုံပွဲတွင်မူ ယခင် တင်ပြသော အခြေခံမူ မဟုတ်တော့ဘဲ ပေါ်လစီသစ် တရပ်တင်ပြ လာပြန်ပါသည်။

ဤကဲ့သို့ တကြိမ်နှင့် တကြိမ် မတူညီသော အစိုးရ သဘောထားကြောင့် မြစ်ကြီးနား တွေ့ဆုံ ဆွေးနွေးပွဲသည် မရေမရာ ဖြစ်သွားခဲ့ရ သေးသည်ဟု (KIA) အကြီးတန်း အရာရှိတဦးက ဆိုပါသည်။ သို့သော် ဤ အခြေအနေကို ထိမ်းသိမ်းနိုင်ရန် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးရန်အတွက် လာမည့် ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ဖါးအံမြို ့၌ တွေ့ဆုံရန်ထပ်မံ ချိန်းဆို လိုက်ကြပါသည်။

ယင်းဆွေးနွေးပွဲ မတိုင်မီ တိုင်းရင်းသား ကိုယ်စားလှယ်များ သည် ကရင်အမျိုးသား အစည်းအရုံး KNU အခြေခံဒေသတွင် လာမည့် ဒီဇင်ဘာ ဒုတိယအပါတ် တွင် တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း လိုင်ဇာ ဘုံ သဘောတူညီချက် ညှိနှိုင်းရေး ကော်မီတီ တာဝန်ခံ နိုင်ဟံသာက ဆိုပါသည်။

အစိုးရသည် ငြိမ်းချမ်းရေး တည်ဆောက်ရန် နှင့် အပစ်အခတ် ရပ်စဲရန် သဘောထား အမျိုးမျိုးပြောင်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေး ခဲ့ကြပါသည်။ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် များနှင့်၊ ပြည်ထောင်စု အဆင့် သဘောတူညီချက် များကို ကျောခိုင်းပြီး တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ပြောင်းလဲခဲ့ပါသည် ။ ထိုမှတဆင့် တပ်မတော်မူ (၆)ချက်ကို ထုတ်ပြောပြီး တိုက်ပွဲများ ဖန်တီးပြန်ပါသည်။ ထိုမှတဆင့် လိုင်ဇာ တိုင်းရင်းသား ညီလာခံသို့ မူတရပ် တင်ပြပြီး မြစ်ကြီးနား ဆွေးနွေးပွဲတွင် တမျိုးပြောင်းလဲ ခဲ့ပြန်ပါသည်။