KIA တပ်ရင်း ၁၂ တွင် စစ်ဆင်မှု ပိုမို ပြင်းထန်လာ

KIA တပ်ရင်း ၁၂ တွင် စစ်ဆင်မှု ပိုမို ပြင်းထန်လာ
by -
ရွှေဟင်္သာ

အစိုးရ တပ်များသည် ရှမ်းပြည် မြောက်ပိုင်း မဘိန်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့၊ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း(၁၂) တပ်ဖွဲ့ကို (၃)ရက် ဆက်တိုက် စစ်ဆင်နေရာမှ ယနေ့ နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက် (၆) နာရီအချိန်တွင် လည်း လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက် လျက်ရှိကြောင်း (KIA) တပ်ရင်း (၁၂) မှူး ဗိုလ်မှူး ဂျွန်းအောင် ကဆိုပါသည်။

“စာဂေါင်ဘက်ကို ရောက်ရှိနေတဲ့ ကျနော်တို့ (KIA) တပ်ဖွဲ့တွေကို စဃနမ်ခွန် ရွာဟောင်းမှာ ရှိတဲ့ အစိုးရတပ်ဖွဲ့ တွေက လက်နက်ကြီးနဲ့ လှမ်းပစ်နေတာက မနက် ကတည်းကဘဲ။ ပစ်နေတာ အခုဆိုရင် (၁၀) ကြိမ်ထက် မနည်းရှိသွားပြီး” ဟု ဗိုလ်မှူး ဂျွန်းအောင်က ဆိုသည်။

ရှမ်းပြည် မြောက်ပိုင်း စဃနမ်ခွန် ကျေးရွာရှိ ကချင် (KIA) တပ်မဟာ (၃) လက်အောက်ခံ တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့ နည်းဗျူဟာ (၂ နှင့်၃) တို့သည် နိုဝင်ဘာလ (၉) ရက်မှ ယနေ့(၁၁) ရက်နေ့ အထိ (၃) ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။

နိုဝင်ဘာလ (၁၀) ရက်နေ့ စဃနမ်ခွန် ကျေးရွာ ၌ ဖြစ်ပွားသော တိုက်ပွဲသည် နံနက် (၅) နာရီ (၄၅) မိနစ် မှ ညနေ (၃) နာရီခွဲအထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသည်။ ယင်းတိုက်ပွဲတွင် အစိုးရ စစ်ဗျူဟာ (၂)မှ ခမရ (၃၂၀/ ၄၃၈) တို့ မှ ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့ရာ (KIA) အရာခံ ဗိုလ်တဦးကျဆုံး သွားကြောင်း ဗိုလ်မှူး ဂျွန်းအောင်က ဆိုပါသည်။

အလားတူ နိုဝင်ဘာလ (၉) ရက်နေ့ စဃနမ်ခွန် တွင်လည်း မနက် (၅)နာရီမှ ညနေ(၆) နာရီအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲသည် (၃)ကြိမ်ဖြစ်ပွား ခဲ့ပြီး အထူးသဖြင့် အစိုးရ တပ်ဖွဲ့နည်းဗျူဟာ (၂ နှင့် ၃) ပူးပေါင်း စစ်ကြောင်းများ နှင့် ရင်ဆိုင် တိုက်ခိုက် ခဲ့ကြသည်။ ယင်းတိုက်ပွဲတွင် ကချင် (KIA) ဘက်မှ တပ်သား တစ်ဦးသည် ဘယ်ဖက် လက်မောင်းတွင် ဒဏ်ရာရရှိ သွားခဲ့ပြီး အစိုးရတပ် ဖွဲ့များဖက်မှ အထိနာခဲ့သည် ဟုဆိုပါသည်။

ထို့အပြင် (KIA) တပ်များသည် မံစီမြို့နယ်မုန်းဒိန်ပါ ကျေးရွာတွင်းရှိ စျေးဆိုင်များမှ ပစ္စည်းများကို သွားရောက် အဓမ္မလုယက်ေနေ ကြသော အစိုးရတပ်ဖွဲ့ များကို ကချင် (KIA) တပ်ရင်း (၁၂) မှ တပ်ဖွဲ့များ ကမွန်းလွဲ (၂) နာရီ အချိန်တွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ရာတွင် အစိုးရတပ်ဖွဲ့ ဘက်မှ (၁၀) ဦးခန့် ကျဆုံးဒါဏ်ရာ သွားခဲ့ကြောင်း မျက်မြင်များက ဆိုသည်ဟု ဗိုလ်မှူး ဂျွန်းအောင်က ဆိုပါသည်။

အလားတူ ကချင် (KIA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၂၇) နယ်မြေဖြစ် သောမံစီမြို့နယ် ကောင်းဂျာရွာသို့ ရောက်ရှိ နေသော အစိုးရ တပ်ဖွဲ့တို့ သည် မခေါ်ယန် ကျေးရွာသို့ ရောက်ရှိနေ ကြသော ကချင် (KIA) တပ်ရင်း (၁၂) တပ်ဖွဲ့တို့ကို နံနက် (၇) နာရီ အချိန်တွင် လာရောက် တိုက်ခိုက်ခဲ့ရာ ညနေ (၆) နာရီ အထိ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်။ ယင်းတိုက်ပွဲ၌ အစိုးရဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မခေါ်ယန်ကျေးရွာ မှ အသက် (၁၅) နှစ်အရွယ်ရှိ ကျောင်းသား တစ်ဦးသေဆုံး သွားခဲ့သည် ဟုဆိုပါသည်။

(KIA) တပ်ရင်း (၁၂) အား စစ်ဆင်နေသော အစိုးရ နည်းဗျူဟာ (၂) သည် ပြီးခဲ့သည့် အောက်တိုဘာ (၂၂) ရက်နေ့က တည်းက နယ်ကျွံ သဖြင့်စဃနမ်ခွန် ကျေးရွာဟောင်းဖက် တွင် အဝိုင်းခံထားရ သော တပ်ဖြစ်ပါသည်။ ဤ သို့အဝိုင်းခံထား သဖြင့် နည်းဗျူဟာ (၃)မှ စစ်ကူပေး ခဲ့ရပါသည်။ (KIA)သည် ယင်းစစ်ကူကို ပါ၀ိုင်းထားလိုက် သဖြင့် အစိုးရနည်း ဗျူဟာ (၁) မှ စစ်ကူပေးခဲ့ရ ပြန်သည်။ နောက်ထပ် ပေးလာသော စစ်ကူနည်းဗျူ ဟာ(၁)ကိုလည်း (KIA) မှ ဖြတ်တိုက် လိုက်ရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် အဝိုင်းခံထား ရသော တပ်ဖွဲ့များမှ လူနာသယ် ထုတ်ရန်အတွက် ဆိုပြီး လမ်းကြောင်းရှင်း ပေးပါရန် (KIA) ဌာနချုပ်အား တောင်ခံ ခဲ့ရပါသည်။

(KIA) သည် အောက်တိုဘာလ အကုန်ပိုင်းတွင် လမ်းကြောင်းဖွင့် ပေးခဲ့ရာ အစိုးရတပ်များသည် နိုဝင်ဘာ (၅) ရက်နေ့တွင် လူနာသယ်ထုတ် နိုင်ခဲ့ပါသည်။  သို့သော် နောက်ဆုတ် သွားခြင်း မရှိသေးဘဲ အဝိုင်းခံထား ရသော တပ်များအား လူ၊ စားနပ်ရိက္ခာနှင့် ကျည်ဆံများ ဖြည့်တင်းပြီး ထပ်မံစစ်ဆင်ခဲ့ ပြန်ပါသည်။ ဤသို့ကြောင့် နိုဝင်ဘာလဆန်း မှ ယခုထိ တိုက်ပွဲများ ထပ်မံ ပြင်းထန်လာခဲ့ခြင်း ဖြစ်ပါသည်။

စဃနမ်ခွန်ကျေးရွာ သို့ စစ်ဆင်နေ သောမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ် မြေရှိ ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ် ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် မှ နည်းဗျူဟာ တပ်များသည် ကကကြည်းမှ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး မှ တိုက်ရိုက် ကွပ်ကဲသော စစ်ဆင်ရေး ဖြစ်ကြောင်း အစိုးရ သုံ့ပန်းထံမှ သိရပါသည်။

Most read this week