ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ တို့အကြား ပြည်ထောင်စု အဆင့်အား ပထမဆုံး တွေ့ဆုံ ဆွေးနွေး နိုင်ရေး အကြို ညှိနှိုင်း ဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ နိုဝင်ဘာလ (၈) ရက်နေ့တွင် ရန်ကုန် မြို့ရှိ မြန်မာ့ ငြိမ်းချမ်ရေး စင်တာ MPC ၌ ပြုလုပ် ခဲ့ကြောင်း ALP အတွင်းရေးမှူး ခိုင်သုခ က ပြောသည်။
“မနက်ဖြန် ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့ဖို့ အဲဒီ မတွေ့ ခင်မှာ MPC က နည်းပညာ အထောက် အကူပြု အဖွဲ့ တွေနဲ့ ကျနော်တို့ ဘာတွေ တင်ပြ ကြမလဲ ဆိုတာ ညှိနှိုင်း ဆွေးနွေး တာပါ၊ ဒီနေ့က ရလဒ်တွေ ဆုံးဖြတ် ချက်တွေ ဘာမှ မရသေးဘူး။ မနက်ဖြန် ကျမှ အဖြေ တစ်စုံ တခု ထွက်လာ မှာပါ” ဟု ခိုင်သုခ က ဆိုသည်။
ALP အဖွဲ့သည် ၂၀၁၂ ခုနှစ် ဧပြီ လဆန်း၌ အစိုးရနှင့် ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ် နိုင်ခဲ့ပြီး နောက်တွင် ပြည်ထောင်စု အဆင့် မတွေ့ဆုံ ဆွေးနွေး ရသေးသည့် အဖွဲ့ ဖြစ်သည်။
ထို့ပြင် နှစ်ဖက် အပစ် အခတ် ရပ်စဲစဉ် သဘောတူညီ ထားသည့် အကောင်အထည် ဖော်ရမည့် အချက်များ သည်လည်း ရခိုင်ဒေသတွင် ဖြစ်ပွား နေသည့် ပဋိပက္ခ များကြောင့် နှောင့်နှေး နေကာ အကောင်အထည် ဖော်နိုင်ခြင်း မရှိ သေးပေ။
နိုဝင်ဘာ ၈ ရက်နေ့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ နည်းပညာ အထောက် အကူပြု အဖွဲ့ များနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို ALP ဘက်မှ အထွေထွေ အတွင်း ရေးမှူး ခိုင်သုခ ဦးဆောင်၍ အဖွဲ့ဝင် (၄) ဦးနှင့် MPC မှ နည်းပညာ အထောက် အကူပြု အဖွဲ့အား ဦးလှမောင်ရွှေ ဦးဆောင်ပြီး (၆) ဦးတို့ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
နံနက် (၈) နာရီမှ (၁၀) နာရီခွဲ အထိ (ALP) နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့တို့အကြား ပြည်ထောင်စု အဆင့် ဆွေးနွေးရေး ကိစ္စနှင့် ဒေသ ဖွံ့ဖြိုးရေး ကိစ္စ တို့ကို ညှိနှိုင်း ဆွေးနွေး ခဲ့ကြသည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ လိုင်ဇာ ဌာနချုပ်တွင် ကျင်းပခဲ့ပြီး ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီး ခေါင်းဆောင်များ ညီအာခံအား (ALP) အနေဖြင့် အားရ ကျေနပ်မှု ရှိကာ တပြည်လုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲ ရေးကို ဆက်လက်ပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆွေးနွေး ပွဲပါဝင် တက်ရောက် ခဲ့သူ ဦးညိုအုန်းမြင့် က ပြောသည်။
ထို့အပြင် ALP နှင့် တွေ့ဆုံ ပြီးနောက် အစိုးရ နည်းပညာ အထောက် အကူပြု အဖွဲ့ တို့သည် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF နှင့် ဆက်လက် တွေ့ဆုံ ခဲ့ပါသည်။
ABSDF သည် လိုင်ဇာတွင် လက်နက်ကိုင် အင်အားစု တိုင်းရင်းသား ညီလာခံဆွေးနွေး ခဲ့သည့် ကိစ္စနှင့် အစိုးရ ဘက်မှ ကမ်းလှမ်း ထားသည့် ပြည်ထောင်စု ထပ်မံ တွေ့ဆုံ ဆွေးနွေးရေး ကိစ္စ တို့အား တင်ပြ ထားသလို ABSDF ၏ နိုင်ငံရေး ပါ၀င် အခန်းကဏ္ဍ ကိုလည်း ဆွေးနွေး တင်ပြ ထားကြောင်း ဦးညိုအုန်းမြင့်က ဆက်ပြောသည်။
အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့တို့နှင့် အကြို တွေ့ဆုံ ညှိနှိုင်း ခဲ့ကြသည့် ALP နှင့် ABSDF တို့သည် နိုဝင်ဘာလ (၉) ရက်နေ့၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် သီးခြားစီ ဆက်လက် တွေ့ဆုံ သွားမည် ဖြစ်သည်။