ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင် မြို့နယ်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ (၁၁၂) တပ်ရင်းသည် အစိုးရတပ်များနှင့် နှစ်ဖက် အပြင်းအထန် တိုက်ခိုက် ခဲ့ကြ ပြီးနောက် ဟိုမော် ကျေးရွာအနီး တောင်ထိပ်မှ ဆုတ်ခွာ ပေးလိုက် ရပြီ ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ပြောသည်။
“အစိုးရ တပ်ဖွဲ့ ဘက်က လက်နက် ကြီးနဲ့ တရစပ် ပစ်ခတ်နေပြီး စစ်အင်အား (၃၀၀) လောက်နဲ့ ပိုက်စိပ်တိုက် တက်လာတဲ့ အတွက် ကျနော်တို့ ဘက်က တပ်သားတွေ အဆုံး မခံ တော့ဘဲ ထပ်ဆုတ် ပေးလိုက် ရတယ်၊ နယ်မြေ အတွက်နဲ့ ကျနော့် တပ်သားတွေ အစတေး မခံ နိုင်ဘူး” ဟု တားဘုန်းကျော်က ဆိုပါသည်။
ထို ဟိုမော် ကျေးရွာ တောင်ထိပ် ပေါ်ရှိ တအာင်း TNLA တပ်ရင်း (၁၁၂) ကို နိုဝင်ဘာလ (၇) ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်တွင် အစိုးရ၏ စုပေါင်း တပ်ဖွဲ့များ ဖြစ်ကြသော ခလရ ၁၂၃၊ ခလရ ၄၅၊ ခလရ ၁၄၃ နှင့် ခလရ ၁၄၅ တပ်ဖွဲ့ များတို့က လက်နက်ကြီး ပစ်ကူပြီး စစ်အင်အား (၃၀၀) ခန့် တို့ဖြင့် လာရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။
ထို တိုက်ပွဲသည် နှစ်ဖက် အကြား (၄) နာရီကြာ အပြင်းအထန် ဖြစ်ပွား ခဲ့ပြီး ညနေ (၆) နာရီ အချိန်တွင် တအာင်း TNLA တပ်ဖွဲ့ တို့က အခြား တစ်နေရာကို ဆုတ်ခွာ ပေးခဲ့ ရခြင်း ဖြစ်ကာ မည်သည့် နေရာ၌ ဆုတ်ခွာ သွားခဲ့ သည်ကိုမူ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ဖြေကြား ပေးရန် ငြင်းဆို ခဲ့ပါသည်။
အထူး သဖြင့် တအာင်း တပ်ရင်း ၁၁၂ သည် အစောပိုင်း ကာလတွင် ကွတ်ခိုင် မြို့နယ် တွင်းရှိ စရမ်း၊ ငေါ့ငါး၊ ဂျုံနန်း နှင့် လုမ်ကမ် အစ ရှိသည့် ကျေးရွာနီး ဝန်းကျင်တွင် လှုပ်ရှား နေခဲ့ ပါသည်။
တအာင်း တပ်ရင်း ၁၁၂ အား အစိုးရ တပ်က နိုဝင်ဘာလ (၅) ရက်နေ့ ကတည်း ကပင် စတင် ထိုးစစ်ဆင် တိုက်ခိုက် နေခြင်း ဖြစ်ကာ ထိုနေ့တွင် ဂျံုနန်း ရွာမှ တအာင်းတပ် ဆုတ်ခွာ လာကာ ဟိုမော် ကျေးရွာ တောင်ထိပ်၌ ဆက်လက် နေရာယူ ထားခဲ့ခြင်း ဖြစ်သည်။
ထိုအောက်တိုဘာ (၅) ရက်နေ့ ဂျံုးနန်းရွာ အနီးတွင် နှစ်ဖက် အကြား နှစ်နာရီကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြပြီး ပလောင် အဖွဲ့မှ ထောင်ထားသည့် မိုင်းနင်းမိ၍ အစိုးရ တပ်ဘက်မှ ထိခိုက် ဒဏ်ရာ ရရှိ ခဲ့မှု ရှိခဲ့သည်။ ထို့အတူလည်း အစိုးရ ဘက်မှ ပစ်လိုက်သည့် လက်နက် ကြီးကြောင့် ပလောင် တပ်ဖွဲ့မှ နှစ်ဦး ဒဏ်ရာ ရရှိ ခဲ့ပါသည်။
အစိုးရတပ်များသည် တအာင်း တပ်များအား၂၀၁၃ ခုနှစ် နှစ်ဆန်း ကတည်းက စစ်ရေး အရ တိုးမြှင့်ပြီးထိုးစစ်ဆင် တိုက်ခိုက် လာခဲ့ပါ သည်။ တိုက်ခိုက်မှုများ သည်လည်း မူလရှိရင်းစွဲ ဒေသခံ တပ်ရင်း (၁၀) ရင်းမှ တပ်ရင်း ပေါင်း (၃၀) ကျော် အထိ တိုးမြှင့်စစ်ဆင် လာခဲ့ခြင်း ဖြစ်ပါသည်။
အထူး သဖြင့် ပလောင် တပ်ဖွဲ့များ လှုပ်ရှားလျက် ရှိသည့် ကွတ်ခိုင်၊ နမ့်ခမ်း နဲ့ နမ္မတူ မြို့နယ် များသို့ ပိုမို ထိုးစစ်ဆင် တိုက်ခိုက် လာနေခြင်း ဖြစ်ပါသည်။
တအာင်း TNLA သည်၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့နှင့် ထိုင်းနိုင်ငံ၌ အလွတ်သဘော တွေ့ဆုံ ခဲ့သည်။ ထို့ပြင် ၂၀၁၃ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့တွင် တရားဝင် တွေ့ဆုံ ခဲ့ကြသည်။
ထိုသို့ မူဆယ် မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး နောက်ပိုင်းတွင် နှစ်ဖက် အကြား တိုက်ပွဲ (၁၂) ကြိမ် ဖြစ်ပွား ခဲ့ကြပြီး ဖြစ်သည်။ ယခုလ အတွင်း တွင်လည်း ထပ်မံ တွေ့ဆုံ နိုင်ကြရန် ချိန်းဆို ထားပြီး ဖြစ်ကာ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးကို ပြုလုပ် နိုင်ရန် အဓိကထား ဆွေးနွေးဖွယ် ရှိနေ ပါသည်။
သို့သော်လည်း ပလောင် အဖွဲ့ကမူ တိုင်းရင်းသား အားလုံး စည်းဝေး ဆုံးဖြတ် ထားသည့် တိုင်းရင်းသား လက်နက်ကိုင် များ၏ “လိုင်ဇာ” ဘုံသဘော တူညီချက်ကို စွဲကိုင်ကာ ဆွေးနွေး ရန် ရှိကြောင်း ထုတ်ဖော် ပြောကြား ထားပါသည်။
ပလောင်နှင့် အစိုးရ တပ်တို့ အကြား အပစ် အခတ် ရပ်စဲ နိုင်ရေး အတွက် ပလောင် လွှတ်တော် ကိုယ်စားလှယ် များနှင့် အခြား ပလောင် ခေါင်းဆောင်များ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်လယ် ခန့်မှ စ၍ စေ့စပ် ညှိနှိုင်း ပေးနေ ခဲ့ပါသည်။ သို့သော်လည်း ယခု အချိန်အထိ အပစ်အခတ် ရပ်စဲ နိုင်သည့် အဆင့်အထိ သဘော တူညီချက် မရရှိ သေးပေ။
ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးဟု ခေါ်ဆိုသော PSLF သည်၁၉၉၁ ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဖွဲ့ (PSLA) နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းမှ ပေါ်ပေါက် လာသော အဖွဲ့ ဖြစ်ပါသည်။
PSLF ခေါင်းဆောင် များသည် PSLA အပစ် အခတ် ရပ်စဲ ခြင်းကို လက်မခံ ကြသဖြင့် ၁၉၉၃ ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) ကို ပြန်လည် ထူထောင် ခဲ့ကြခြင်း ဖြစ်ပါသည်။
ထို့အတူ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) ကိုလည်း ၂၀၀၅ ခုနှစ်တွင် PSLA တို့က အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ခဲ့ကြရာက ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်း ခဲ့ကြပါသည်။
ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး (PSLF) ၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) တို့သည် စစ်ရေး မဟာမိတ်များ ဖြစ်ကြသည်။