ကချင်ပြည်နယ် မံစီမြို့နယ် နှင့် ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ် တွင်လှုပ်ရှား နေသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း (၁၂) သည် အစိုးရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)မှ တောင်းဆိုထားသည့် လမ်းကြောင်း တချို့ကို ပြီးခဲ့သည့် လကုန်ပိုင်း ကတည်းက ဖွင့်ပေးခဲ့ပြီး ဖြစ်သော်လည်း စစ်ဆင်ရေးအတွက် ထပ်မံ ပြင်ဆင်လာ နေသည်ဟု KIA တပ်ရင်း (၁၂) မှူး ဗိုလ်မှူး ဂျွမ်းအောင်က ဆိုပါသည်။
“ဖွင့်ပေးလို့ရတဲ့ လမ်းကြောင်းတော့ ဖွင့်ပေးလိုက်တယ်။လောလောဆယ် မှာတော့ ဒီဆဂနမ်ခွမ် (Saga Nam Hkum) ရွာဟောင်းက မိုးမိတ် လမ်းကြောင်း ကိုပေါ့။ ဒါပေမဲ့ သူတို့ထပ် တောင်းလာပြန်တယ်။ ကျနော်တို့ ဖွင့်ပေးလို့ မရသေးတဲ့ မံစီကတချို့ ကားလမ်းကြောင်း တွေကိုလေ။ အဲဒါကိုတော့ လောလောဆယ် ခွင့်မပြု နိုင်သေးဘူး။ စစ်ရေးအရ စောင့်ကြည့်ဖို့ လိုသေးတယ်လေ။ အဲဒါကို ဖိအားပေးတဲ့ အနေနဲ့ မနေ့က ကောင်ဂျာမှာ ရှိတဲ့တပ်က ကျနော်တို့ တပ်ဖွဲ့ကို လက် နက်ကြီး နဲ့ လှမ်းပစ် ခဲ့သေးတယ်။ ဒီတော့ကြည့်ရတာ တိုက်ပွဲကတော့ ဆက်ဖြစ်ပွားမဲ့ အလားအလာ ရှိနေတယ်။” ဟုဆို ပါသည်။
KIA တပ်ရင်း(၁၂) တပ်ဖွဲ့နှင့် ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ)နည်းဗျူဟာ (၁) တပ်ဖွဲ့များသည် မံစီမြို့နယ် ကောင်လွန် ကျေးရွာဖက်တွင် တပ်ချင်း ဆိုင်ထားလျှက် ရှိနေပြီး ယမာန်နေ့က လက်နက်ကြီး ဖြင့် အပစ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ KIAတပ်ရင်း (၁၂)သည် ဆဂနမ်ခွမ် (Saga Nam Hkum) ရွာဟောင်းတွင် အဝိုင်းခံ ထားရသော နည်းဗျူဟာ (၂)တပ်ဖွဲ့ အတွက် မိုးမိတ် လမ်းကြောင်းကို ဖွင့်ပေးခဲ့ပြီး ဖြစ်ပါသည်။
ဤသို့ကြောင့် နယ်ကျွံနေသော အစိုးရ နည်းဗျူဟာ (၂)နှင့် (၃)တို့သည် ပေါင်းစည်းမိပြီး ထွက်ပေါက်ရ သွားခဲ့ပါသည်။ သို့သော် အစိုးရ တပ်များသည် လူနာ သယ်ထုတ်ရန် အကြောင်းပြ ထားသော်လည်း လူနာများကို သယ်ထုတ်ပြီး တပ်သစ်၊ ရိက္ခာ၊ ကျည်ဆံများ ဖြည့်တင်းပြီး နောက်မဆုတ်ဘဲ ခြေကုတ်ယူထား ကြကြောင်း။ ထို့အပြင် KIA၏ မံစီမြို့နယ် ထဲမှေ နာက်ထပ် လမ်းကြောင်း သစ်များကိုပါ ရှင်းပေးရန် ထပ်မံ တောင်းဆို လာပြန်ကြောင်း။ ဤကဲ့သို့ တောင်းဆိုလာမှု ကို အကြောင်းပြပြီး ၄င်းတို့ စစ်ဆင် လာဖွယ်ရာ ရှိနေသည်ဟု KIA တပ်ရင်း (၁၂)မှူးက ဆိုပါသည်။
ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ရုံးသည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) တပ်ဖွဲ့ များနှင့် မြောက်ပိုင်းတိုင်း တပ်ဖွဲ့များကို အခြေခံပြီး နည်းဗျူဟာ (၆)ခုဖြင့် KIA တပ်မဟာ(၃) ဧရိယာတွင် ကန့်သတ် စစ်ဆင်ရေး ကိုဆင်နွွှဲလျှက်ရှိနေ ပါသည်။ ဤအထဲမှ နည်း ဗျူဟာ (၃)ခုသည် KIA တပ်ရင်း (၁၂) ဧရိယာ၌ ပိတ်မိနေခြင်း ပင်ဖြစ်ပါသည်။ သို့သော် ဤအခြေအနေမှ ရုန်းထွက် အင်အားဖြည့်ပြီး KIA ဖွင့်ပေးသော လမ်းကြောင်းမှ ပြန်လည် စစ်ဆင်လာဖွယ်ရာ ရှိနေပါသည်။ ဤသို့ကြောင့် (မပခ) ၏ လမ်းကြောင်း ရှင်းပေးရန် ထပ်မံ တောင်းဆိုမှုများကို KIA မှ ခွင့်ပြုရန် ခက်ခဲလာခဲ့သည် ဟု ဆိုပါသည်။
မံစီမြို့နယ်မှ ကောင်လွန် ကျေးရွာဖက်ရှိ အစိုးရ နည်းဗျူဟာ (၁)၏ လက်နက်ကြီး ပစ်ခတ်မှုသည် နောက်ထပ် စစ်ကူရောက် လာရန်ရှိသော နည်းဗျူဟာ (၄၊၅၊၆) တပ်များ အတွက် လမ်းကြောင်းဖွင့် ပေးခြင်းပင် ဖြစ်သည်ဟု KIA ရင်း (၁၂)မှ ယူ ဆထားပါသည်။
ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ရုံး၏ ဤကန့်သတ် စစ်ဆင်ရေးသည် အောက်တိုဘာ ဒုတိယအပါတ်မှ စတင်ခဲ့ပြီး တတိ ယအပါတ်ဖြစ် သည့် အောက်တိုဘာ (၂၂)ရက်နေ့ KIA တပ်ရင်း (၁၂)နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မဘိန်းမြို့နယ်ရှိ ဆဂနမ်ခွမ် (Saga Nam Hkum) ကျေးရွာဟောင်း ၌ တိုက်ပွဲ စတင်ဖြစ်ပွား ခဲ့ရာမှ အစိုးရတပ်များ နယ်ကျွံပြီး ပိတ်မိ သွားခဲ့ခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ စစ်ရေးအရ တိုက်ခိုက် နေကြသော်လည်း လာမည့် နိုဝင်ဘာ (၄၊၅) ရက်နေ့တွင် KIA အပါ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖွဲ့စည်းထား သည့် တိုင်းရင်းသား ပေါင်းစုံ ကိုယ်စားပြု ကော်မတီ Nation Wide Cease-Fire Coordination Team (NCCT)နှင့်ကချင်ပြည် နယ်မြစ်ကြီးမြို့ တွင် တွေ့ဆုံဆွေးနွေး ရန်ရှိနေပါသည်။
အစိုးရ တပ်များသည် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ဇွန်လမှစပြီး KIA အား စစ်ဆင်လာရာတွင် တပ်ရင်းပေါင်း (၁၅၀) ထက်မနဲ အသုံးပြုဖွယ် ရှိနေပါသည်။ ၄င်းတို့သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇန္နာဝါရီလ မှ စပြီး လေကြောင်း စစ်ဆင်ရေးဖြင့် လိုအပ်သော နေရာများကို ရယူပြီး တိုက်ပွဲကို လျှော့ချလာခဲ့ပါသည်။