ရှမ်းပြည်မြောက်ပိုင်း၊ မန်စီမြို့နယ်တွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ လက်အောက်ခံ တပ်မဟာ (၃) တပ်ရင်း (၁၂) နှင့် အစိုးရတပ် တို့အကြား တိုက်ပွဲများ (၁၀) ရက်ခန့် ဖြစ်ပွား ခဲ့ပြီး ဒုက္ခသည် ၂၀၀၀ အထိ နီးစပ်ရာ ဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဗန်းမော်မြို့ အခြေစိုက် ဂရုဏာ မြန်မာ လူမှု ကူညီရေး အဖွဲ့မှ ကိုနော်ဒင်းက ပြောသည်။
ထိုအနက်မှ မိုင်းခေါင် ရွာတွင် ရှိနေသည့် စစ်ပြေး ဒုက္ခသည် (၄၀၀) ဦးခန့်နှင့် နမ့်လင်းပါ ရွာ၌ ရှိနေသည့် စစ်ပြေး ဒုက္ခသည် (၁၄၀၀) ခန့်တို့ အတွက် စားနပ်ရိက္ခာ အကူအညီ အရေး တကြီး လိုအပ်လျက် ရှိနေပါသည်။
ကောင်ဂျာရွာ၊ မုန်းဒိန်ပါရွာ၊ မခေါ်ရန် ရွာနှင့် နမ့်ဖူး ရွာတို့မှာ ရွာသားများ မကျန် သလောက် ဖြစ်သည် အထိပင် ဖြစ်နေပြီ ဖြစ်ကြောင်း ကိုနော်ဒင်းက ဆက်ပြောသည်။
ထို့ပြင် လက်ရှိ တွင်လည်း ဗန်းဗော် မြို့ပေါ်၌ နေရာ (၄) ခုတွင် ထွက်ပြေး ရောက်ရှိ လာသည့် ဒုက္ခသည် (၅၀၀) ကျော်တို့အား နေရာ ချထားပေးပြီး ဖြစ်သည်။
အောက်တိုဘာလ (၃၀) ရက်နေ့တွင် ရောက်ရှိ လာသည့် စစ်ပြေး ဒုက္ခသည် ၃၄၀ တို့အား ဖန်ခါးကုန်း နှစ်ချင်း ခရစ်ယန် ကျောင်း၌ (၁၀၀) ကျော်၊ ဆွယ်ဆန် နှစ်ခြင်း ခရစ်ယာန် ကျောင်း၌ (၁၀၀) ကျော်နှင့် အခြား ကျန်ရှိသူ မျာအား နမိုင်အောင်သာ နှစ်ချင်း ခရစ်ယာန် ကျောင်းတို့၌ အသီးသီး နေရာ ချထား ပေးခဲ့ပါသည်။
ထို့ပြင် အောက်တိုဘာလ (၃၁) ရက်နေ့တွင် ထပ်မံ ရောက်ရှိလာသည့် စစ်ပြေး ဒုက္ခသည်ပေါင်း (၁၀၀) ကျော် တို့အားလည်း မန်စီ နှစ်ခြင်း ခရစ်ယာန် ကျောင်းနှင့် နမိုင်အောင်သာ နှစ်ခြင်း ခရစ်ယာန် ကျောင်းတို့၌ ထပ်မံ နေရာ ချထား ပေးခဲ့ ပြန်ပါသည်။
ထိုစစ်ပြေး ဒုက္ခသည် များသည် ဗန်းဗော်မြို့မှ တဆင့် မုန်းဒိန်ပါ ကောင်ဂျာ ရွာသို့ တက်သွားသည့် လမ်းတလျှောက်ရှိ ရွာများမှ ဖြစ်ကာ တိုက်ပွဲကြောင့် ထွက်ပြေး လာခဲ့ခြင်း ဖြစ်သည်။
ထိုဗန်းမော် မြို့ပေါ်သို့ ရောက်ရှိ နေသည့် ဒုက္ခသည် များအား လောလောဆယ်တွင် ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP) မှ ၄င်းတို့၏ စံနှုန်းနှင့် တွက်ချက်၍ တစ်လစာ ထောက်ပံ့ ရိက္ခာများ ဝေပေး ထားပြီ ဖြစ်သော်လည်း မြို့ပေါ်နှင့် အလှမ်း ဝေးသည့် မုန်းဒိန်ပါ၊ နမ့်လင်းပါ ရွာများသို့ ရိက္ခာ အထောက်အပံ့ ပို့ဆောင်ရာတွင် အခက် အခဲများ ရှိနေကြောင်း ကိုနော်ဒင်းက ဆက်ပေါသည်။
၄င်း ဒုက္ခသည် များအား တိုးပွားလာသည့် ကိစ္စ၊ ဖမ်းဆီး ချုပ်နှောင် ထားခြင်း ကိစ္စ၊ စစ်တပ်များ ရွာထဲ၌ နေရာယူ တပ်စွဲ ထားသည့် ကိစ္စ များကိုလည်း မြောက်ပိုင်းတိုင်း တိုင်းမှူး ထံသို့ တင်ပြ ထားပြီး တိုင်းမှူးမှ အောက်ခြေ တပ်များ ထိုသို့ လုပ်ဆောင်ရန် ညွှန်ကြားချက် ပေးထားခဲ့ခြင်း မရှိကြောင်းလည်း အောက်တိုဘာလ (၂၅) ရက်နေ့တွင် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် ခေါ်ယူ တွေ့ဆုံ ခဲ့သည့် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးလမိုင်ခွန်ဂျာက ပြောသည်။
“တိုက်ပွဲတွေ ဖြစ်တာ စစ်ရေး အရတော့ ကျနော်တို့ ဘာမှ မပြောလို ပါဘူး၊ ဒါပေမယ့် စစ်ပွဲကြောင့် ပြည်သူလူထုတွေ ဒုက္ခ ရောက်နေရတယ်၊ ကျနော် တို့ဆီကို တင်ပြလာတယ်၊ မုန်းဒိန်ပါမှာ ဆိုရင် အသက် (၇၀) ကျော် အဖွားကြီး တစ်ယောက်လည်း ဆုံးသွား ခဲ့ရတယ် ဆိုတာ ကျနော်တို့ တင်ပြတော့ တိုင်းမှူးက အောက်ခြေ တပ်တွေကို ပြည်သူ တွေကို အဲလို ပြုမူ ဆက်ဆံဖို့ ညွှန်ကြား ထားတာ မရှိပါဘူး ဆိုပြီး ဖြေကြား ခဲ့တယ်” ဟု ဦးလမိုင်ခွန်ဂျာက ပြောသည်။
ထို့အပြင် သေဆုံး သွားသည့် အသက် (ရ၈) နှစ် အရွယ်ရှိ အဘွား ဒေါ်ဖော်လူအေ အား သဂြိုလ်ရန် အတွက် အလှူငွေ (၂) သောင်း ပေးအပ် ခဲ့ကြောင်းလည်း ဦးလမိုင်ခွန်ဂျာက ဆက်ပြောသည်။
နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားသည့် အကြောင်းရင်းနှင့် ပတ်သက်၍မူ နယ်မြေခံ လူထုနှင့် ထိတွေ့ဆက်ဆံ နိုင်ရန် စည်းရုံးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊ သစ်ခိုး ထုတ်သည့် မှောင်ခို အဖွဲ့မျာအား လိုက်လံ ရှင်းလင်းခြင်း၊ မြန်မာ့ တပ်မတော် တပ်ဖွဲ့ များအား လေ့ကျင့်ရေး စသည့် ကိစ္စ များကြောင့် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။
ထိုသို့ တိုင်းမှူးအား သွားရောက် တင်ပြ ခဲ့ပြီးနောက် ၂၅ ရက်နေ့ ညနေတွင် အစိုးရ တပ်များ မုန်းဒိန်ပါ ကျေးရွာမှ ထွက်သွား ခဲ့သော်လည်း မခေါ်ရန်၊ နမ့်ဖူး ရွာ၌ ပြန်လည် ဝင်ရောက် ခဲ့ပြီး ထိုရွာတွင် အမျိုးသမီး များအား သပ်သပ် တနေရာ၊ အမျိုးသမီး များအား သပ်သပ် တနေရာ စုဝေးထားကာ မုန်းဒိန်ပါတွင် ရွာသားများ ဘုရားရှိခိုး ကျောင်းတွင် စုဝေး စေသည့် နည်းအတိုင်းပင် ပြုလုပ် ခဲ့သေးကြောင်း ဦးလမိုင်ခွန်ဂျာက ဆိုပါသည်။
ထိုကဲ့သို့ နှစ်ဖက် KIA နှင့် အစိုးရ တပ်တို့ အကြား တိုက်ခိုက်မှုများ ပိုမို ဖြစ်ပွား လာပြီးနောက် အစိုးရ တပ်များမှ လူ့အခွင့်အရေး ချိုးဖောက် မှုများ ပြုမူ ဆောင်ရွက် လာခဲ့ကြောင်း အောက်တိုဘာလ (၃၁) ရက်နေ့၌ Undermining the peace process: Burmese Army atrocities against civilians in Putao, northern Kachin State အမည်ဖြင့် အချင် အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံမှ ထုတ်ဝေသည့် အစီရင်ခံစာ တစ်ရပ်၌ ဖော်ပြ ထားပါသည်။
ပူတာအိုမြို့ အနီး၊ နခါဂါရွာမှ ရွာသား ၁၀ ဦးကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA) အား ထောက်ပံ့သည် ဟူသည့် သံသယဖြင့် အစိုးရ စစ်တပ်ကဖမ်းဆီး နှိပ်စက် ညှဉ်းပန်းမှု လုပ်ခဲ့ပြီး ထိန်းသိမ်းခံ ရွာသား ၁ ဦး သေဆုံးခြင်း အပါအဝင် အိမ်ထောင်သည် အမျိုးသမီးငယ် တဦးအား အစိုးရစစ်တပ် အရာရှိ တဦးက အဓမ္မ ပြုကျင့် ခဲ့သည်ဟု ၄င်း အစီရင် ခံစာ၌ ဖော်ပြ ထားပါသည်။