အထက်အမိန့် မရသေး သဖြင့် အစိုးရတပ်၏ တောင်းဆို မှုကို မလိုက်လျှော နိုင်သေး

အထက်အမိန့် မရသေး သဖြင့် အစိုးရတပ်၏ တောင်းဆို မှုကို မလိုက်လျှော နိုင်သေး
by -
ရွှေဟင်္သာ

လူနာ သယ်ထုတ်ရန် အတွက် လမ်းကြောင်း ရှင်းပေး ပါရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ တောင်းဆို မှုကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း (၁၂) မှ အထက် အမိန့် မရသေး သဖြင့် ဖွင့်ပေးမည် မဟုတ်သေးဟု တပ်ရင်း (၁၂) မှူး ဗိုလ်မှူး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) က ဆိုပါသည်။

သူက “ကျနော်တို့ ကတော့ အထက် အမိန့် မရ သေးဘူး။ သူတို့ ကတော့ တောင်းတာကို မပေးဘူး ဆိုရင် ဖောက်ထွက် မှာပေါ့လို့ ခြိမ်းခြောက် နေတယ်။ တကယ်လို့ သူတို့ ဖေါက်ထွက်ရင် တိုက်ပွဲ ကတော့ ဆက်ဖြစ်မယ်။ မဟုတ်ဘဲ နဲ့တောကြို တောင်ကြား ရှောင်သွား ရင်တော့ မပြောတတ်ဘူး။ ကျနော်တို့ ကတော့ အလိမ်ခံ ထားရတာ များတော့ သိပ်မယုံ ဘူးဗျ” ဟုဆို ပါသည်။

မြောက်ပိုင်း တိုင်းက တောင်းဆို နေသော လမ်းကြောင်းသည်အောက်တိုဘာလ (၂၂) ရက်နေ့ ကတည်းက အထူး နည်းဗျူဟာ (၂) နှင့် တိုက်ပွဲ ဖြစ်ခဲ့သော ရှမ်းပြည်နယ် မြောက်ပိုင်း မဘိန်း မြို့နယ် ဆဂနမ်ခွမ် (Saga Nam Hkum) ရွာဟောင်း တိုက်ပွဲ ဂွင်မှ မန်စီ မြို့နယ် ကောင်ဂျာ ကျေးရွာ ဖက်သို့ လူနာ သယ်ရန် KIA အား လမ်းကြောင်း ရှင်းပေးရန် တောင်းဆို ခဲ့ခြင်း ဖြစ်ပါသည်။

ယင်းနေရာ၌ တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့သောအောက်တိုဘာ (၂၂) ရက်နေ့မှ ယနေ့အထိ အဝိုင်းခံ နေရသည့် နေပြည်တော်မှ အထူး ကွပ်ကဲလျှက် ရှိသည့် အထူး နည်းဗျူဟာ (၂) တပ်ဖွဲ့ များနှင့် အဝိုင်းခံ နေရသည့် တပ်ဖွဲ့အား လာရောက် စစ်ကူ ပေးသော အထူး နည်းဗျူဟာ (၃) တပ်များပါ ဖြတ်တိုက် ခံရပြီး ထိခိုက် ဒါဏ်ရာ များစွာဖြင့် ထပ်မံ အဝိုင်းခံ ထားရ သည်ဟု တပ်ရင်း (၁၂) မှူးက ဆိုပါသည်။  ဤသို့ကြောင့်လူနာ သယ်ထုတ်ရန် လမ်းကြောင်း ရှင်းပေး ပါရန် မြောက်ပိုင်း တိုင်းမှ KIA ဌာနချုပ်အား တောင်းဆို လိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။

ဤကဲ့သို့ စစ်ဗျူဟာ (၂) ခုလုံး အဝိုင်းခံ ထားရသဖြင့် မုန်းဒိန်ပါ ဒုက္ခသည် စခန်းကို ၀င်စီး ခဲ့သော အထူး နည်းဗျူဟာ (၁) သည် ပြီးခဲ့သည့် အောက်တိုဘာ (၂၅) ရက်နေ့တွင် စစ်ကူ ပေးရန် ချီတက် လာရာမှ အောက်တိုဘာ (၃၀) ရက်နေ့ ညနေပိုင်း ကောင်ဂျာ ကျေးရွာ အရောက်၌ KIA တပ်ရင်း (၁၂) တပ်ဖွဲ့ များက ဖြတ်တိုက် ခဲ့ပြီး တပ်ချင်း ဆိုင်ထား ခဲ့သဖြင့် ရှေ့တိုး မရဘဲ ဖြစ်နေ သည်ဟု တပ်ရင်း ၁၂ မှူးက ဆိုပါသည်။

ဤအခြေအနေ များကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာန၏ လူနာများ သယ်ထုတ်ရန် လမ်းရှင်း ပေးပါရန် KIA ဌာနချုပ် အား တောင်းဆို ခဲ့ခြင်း ဖြစ်ပါသည်။

အထူး နည်းဗျူဟာ (၂) နှင့် (၃) တို့သည် ဖေါက်ထွက်ရန် ခြိမ်းခြောက် နေသော်လည်း ၄င်းတို့တွင် ရိက္ခာ ပြသနာ၊ ကျည်ဆံ ပြသနာနှင့် အရေးကြီး လူနာ ပြသနာ များကြောင့် အခက်အခဲ ဖြစ်နေ ရကြောင်း ဆိုပါသည်။ KIA တပ်ရင်း (၁၂) ကမူ အထက် အမိန့် မရမချင်း ဆုတ်ပေးမည် မဟုတ်သလို လမ်းရှင်း ပေးမည် မဟုတ်ကြောင်း ဆိုပါသည်။

“ကျနော်တို့ အလိမ်ခံ ရပေါင်း များပြီဗျ။ မရဘူးဗျ။ အခုလည်း တပ်တွေ နယ်ကျွှံ့ နေလို့ သူတို့ မတတ်နိုင် တာပါ။ ပြီးတော့ ကျနော်တို့ ကလည်း ကြိုပြင် ထားလို့ပါ။ မဟုတ်ဘူး ဆိုရင် ဘယ်လွယ် မလဲ။ ပြီးတော့ ကျနော် တို့က အရင် ကလို ပစ်မှတ် စခန်း မထား တော့ဘူးလေ” ဟု တပ်ရင်းမှူးက ဆိုပါသည်။

တိုက်ပွဲ များသည် ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားရန် ရှိသည်ဟုဆိုသော်လည်း အစိုးရ၏ ကန့်သတ် စစ်ဆင် ရေးသည် မည်သို့ စစ်ဆင် ဦးမည်ကို KIA မှ သတိထား စောင့်ကြည့် နေပါသည်။

ဤကဲ့သို့ နေ့စဉ် ရက်ဆက် တိုက်ပွဲ ဖြစ်နေသည့် အပြင် အစိုးရ တပ်များ၏ လုပ်ရပ်ကြောင့် ဗန်းမော် ခရိုင်ရှိ ကျေးရွာ များမှ ကချင် စစ်ပြေး ဒုက္ခသည် (၂) ထောင်ခန့်သည်ဗန်းမော် မြို့ပေါ်နှင့် အခြား နီးစပ်ရာ များသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ပါသည်။