ရှမ်းပြည်မြောက်ပိုင်းရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မိုးမိတ်အခြေစိုက် အစိုးရတပ်ဖွဲ့ ခမရ (၃၄၈) နှင့် ခမရ (၄၃၇) စစ်ကြောင်းများနှင့် KIA တပ်ရင်း (၁၂) တို့ မဘိန်းမြို့နယ် စကနမ်ခုန်ရွာဟောင်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲသည် သစ်ခိုးထုတ်သည့်ကိစ္စကြောင့်မဟုတ်ကြောင်း KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီး ဂျွမ်းအောင်က ဆိုပါသည်။
ဒုတိယဗိုလ်မှူးကြီး ဂျွမ်းအောင်က “သစ်ခိုးထုတ်တာကို လိုက်စစ်ဆေးရင်း တိုက်ပွဲ ဖြစ်တယ်လို့ အကြောင်းပြတယ်ဆိုလို့ရှိရင် ကွင်းဆင်းစစ်ဆေးကြည့်ရင် ပိုကောင်းပါလိမ့်မယ်။ ဒါမှ လက်တွေ့ ပိုကျ မယ်ပေါ့။ ဟုတ်မှ မဟုတ်တဲ့ ကိစ္စကို နည်းပရိယာယ်တွေ သိပ်မသုံးသင့်တော့ဘူး။ အဲဒီ နေရာမှာ ဘာသစ် ခိုးထုတ် မှုမှ မရှိဘူး” ဟု ဆိုပါသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ (၄)နာရီတွင် ပြီးဆုံးခဲ့သော (၆) နာရီကြာဖြစ်ပေါ်ခဲ့သော တိုက်ပွဲတွင် KIA ဖက်မှ (၃) ဦး ဒါဏ်ရာရရှိ၍ အစိုးရတပ်ဖက်မှ (၁၀) ဦးထက်မနည်း ကျဆုံးဒါဏ်ရာရခဲ့ပြီး လောလောဆယ်တွင် နှစ်ဖက်တပ်များ ရင်ဆိုင်လျှက်ရှိကြရာ အစိုးရတပ်များ၏ လှုပ်ရှားမှုအပေါ် မူတည်ပြီး တိုက်ပွဲ ဖြစ်ပေါ်လာနိုင်ဖွယ်ရာ ရှိကြောင်း ဆိုပါသည်။
အစိုးရ တပ်ဖွဲ့ များ၏ စစ်ဆင်ရေး ပုံစံသည် သတင်း ပေါက်ကြားမှု မရှိသည့် လှုပ်ရှားမှုဖြင့် တပ်ရင်း (၁၂) ၏ လမ်းပမ်း ဆက်သွယ်ရေး ဧရိယာရှိ ကျေးရွာ များအား ရွာဝင် ရွာထွက် ကိစ္စများကို ထိမ်းချုပ်ခြင်း၊ ကျေးရွာရှိ တယ်လီဖုန်းများအား ပိတ်ခိုင်းခဲ့ခြင်းဖြင့် နောက်ဆုံးတွင် KIA တပ်ရင်း (၁၂) ၏ တပ်ဖွဲ့ရှိရာကို တောလမ်းအတိုင်း လှို့ဝှက် ထိုးစစ် ဆင်လာ ခဲ့ရာမှ တပ်ရင်း (၁၂) ၏ တပ်ရေး အဖွဲ့နှင့် တိုးပြီး မမျှော်လင့်ဘဲ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ထို့အပြင် ယခု စစ်ဆင် နေသည့် ဧရိယာ တွင်လည်း မည်သည့် သစ်လုပ်ငန်းမှ ထုတ်လုပ်ခြင်း မရှိသည့် အတွက် သစ်ခိုးထုတ် မှုကို အကြောင်းပြ ခြင်းသည် နည်းပရိယာယ်သာ ဖြစ်လိမ့်မည်ဟု တပ်ရင်း (၁၂) မှူးက ယူဆ ခဲ့ပါသည်။
အမည်မဖေါ် လိုသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက် ဆိုင်ရာ လုံခြုံရေး ဌာန အရာရှိ တဦး ကလည်း ယခုကဲ့သို့ တိုက်ပွဲဖြစ် ပွားခဲ့ ခြင်းသည် အစိုးရ တပ်များက သစ်ခိုးထုတ် သူများကို လိုက်လံ စစ်ဆေးရင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အလဲဗင်းမီဒီယာသို့ ထုတ်ဖေ ါ်ပြောဆို ခဲ့ပါသည်။
KIA တပ်ရင်း (၁၂) တပ်ရင်းမှူးအနေဖြင့် အစိုးရတပ်ဖွဲ့၏ ယခုစစ်ဆင်ရေးသည် နယ်မြေစိုးမိုးရေးအတွက် KIA ၏ လမ်းပမ်း ဆက်သွယ်ရေးကို ဖြတ်တောက်ပြီး လူထုနှင့်ကင်းကွာစေရန် ဆောင်ရွက်သည့် စစ်ဆင်ရေးဟု နားလည် ထားကြောင်း ဆိုပါသည်။
အစိုးရ တပ်ဖွဲ့ များ၏ KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဧရိယာ စစ်ဆင်ရေး တိုက်ပွဲကြောင့် KIA နည်းပညာ အထောက် အကူပြု အဖွဲ့သည်ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း အားလည်းကောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် သို့လည်းကောင်း ဖြေရှင်း ပေးပါရန် ယမန် နေ့က တောင်းဆို လိုက်ပါသည်။
ဤသို့ ကြောင့် ယင်းကိစ္စနှင့် ပါတ်သက်ပြီး သမ္မတသည် ယမာန်နေ့ ညတွင် ၀န်ကြီး ဦးအောင်မင်းအား ခေါ်ယူ တွေ့ဆုံ ခဲ့သည်ဟု အစိုးရ ငြိမ်းချမ်းရေး စင်တာ MPC မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောကြောင်း KIA နည်းပညာ အထောက် အကူပြု အဖွဲ့မှ ဆရာဒေါင်းခါးက ဆိုပါသည်။
အစိုးရ တပ်ဖွဲ့ များ၏ KIA တပ်မဟာ (၃) နယ်မြေ စိုးမိုးရေး စစ်ဆင်ရေးသည် လာမည့် အောက်တိုဘာ လကုန်တွင် ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေး ပွဲကို ထိခိုက် နိုင်လိမ့်မည် မဟုတ်ဟု တိုင်းရင်းသား ခေါင်းဆောင်များ သုံးသပ်နေသည့်အကြောင်းမှာ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲသည် မြန်မာအစိုးရ အပါအဝင် တရုတ် တို့၏ နားလည်မှုဖြင့် ကျင်းပသောကြောင့် ဖြစ်ပါသည်။