ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားများနှင့် ထပ်မံဝင်ရောက် လာသည့် အလုပ်သမားသစ်များအား နိုင်ငံကူး လက်မှတ် (ပတ်စပို့) သစ်များကို ၂၀၁၄ မတ်လတွင် တစ်ပုံစံတည်းထုတ်ပေးသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်က ပြောသည်။
“မြန်မာအားလုံးကို ပတ်စပို့တစ်ပုံစံတည်း ထုတ်ပေးသွားဖို့ မူတော့ ရှိနေတယ်၊ အဲဒါကို ၂၀၁၄ အမှီ လုပ်ဖို့ ရှိတယ်၊ ယာယီ ပတ်စပို့ ကိုင်ထားတဲ့လူတွေကိုလည်း တဖြည်းဖြည်း ပြောင်းပေးသွားမယ်” ဟု ဦးကျော်ကျော်လွင် က ပြောသည်။
၄င်းတို့ကို One Stop Service များဖြင့် တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ထီးခီး၊ ကော့သောင်း-ရနောင်း နယ်စပ် ဂိတ်(၄) နေရာတွင် ယခုလ ၂၁ ရက်နေ့မှ စတင်ထုတ်ပေး သွားမည် ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၂) ရက်နေ့တွင် မြန်မာနိုင်ငံ၌ ထိုင်းအလုပ်ရှင်များနှင့် မြန်မာအစိုးရကိုယ်စား လှယ်များ ဆွေးနွေး ခဲ့ကြစဉ် နှစ်ဖက် ကိုယ်စားလှယ်များ ယင်းကဲ့သို့သဘောတူ ထားကြသည်။
ကနဦး၌ မြန်မာ နိုင်ငံမှ ထိုင်းနိုင်ငံသို့ MOU စာချုပ်ဖြင့် ဝင်ရောက် လာကြသည့် မြန်မာ အလုပ်သမားများကို ၄င်း နိုင်ငံကူး လက်မှတ် အနီ (ပတ်စပိုစ့် အကြီးဟု အလုပ်သမားများ အခေါ်) အား စတင် ထုတ်ပေး သွားမည် ဖြစ်သည်။
ထို့အပြင် ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ကိုင်ဆောင် ထားသည့် ယာယီ နိုင်ငံကူး လက်မှတ် အနီနှင့် ခရမ်းရောင် ပတ်စပိုစ့် များကိုလည်း ၄င်းတို့၏ စာအုပ် သက်တမ်း ကုန်သွားပြီးနောက် စာအုပ်များ ပြန်လဲလှယ်သည့်အခါ ပုံမှန်နိုင်ငံကူးလက်မှတ် ထုတ်ပေးသွားရန် မြန်မာအာဏာပိုင် များမှ စီစဉ် ထားကြောင်းလည်း ဦးကျော်ကျော်လွင်က ပြောသည်။
ယင်းနိုင်ငံကူးလက်မှတ်အား မြန်မာအလုပ်သမားများ ကိုယ်တိုင်လာရောက်ပြုလုပ်ပါက ကုန်ကျစရိတ်များစွာ သက်သာမည်ဖြစ်ကာ အကယ်၍ ပွဲစားမှ တဆင့် ပြုလုပ်မည်ဆိုပါက အခြား မလိုလား အပ်သည့် ပြသနာများနှင့် ခေါင်းပုံ ဖြတ်မှုများ ကြံုတွေ့ဖွယ်ရှိကြောင်း ဦးကျော်ကျော်လွင်က ထောက်ပြပြောဆို ထားပါသည်။
ထို အစီအစဉ်ကို လာမည့် ၂၀၁၅ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖော်ဆောင်နေမှု အမှီ အပြီး လုပ်ဆောင် နေခြင်းလည်း ဖြစ်ကြောင်း မြန်မာသံရုံးအဆင့်မြင့် သံအရာရှိ တစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသား အလုပ်သမား အများဆုံး လာရောက် အလုပ် လုပ်ကိုင် နေကြသည့် အိမ်နီးချင်း နိုင်ငံ တစ်ခုလည်း ဖြစ်ကာ အလုပ်သမား ၄ သန်း နီးပါးရှိကြောင်း NGO များက ခန့်မှန်း ထားပါသည်။
သို့သော်လည်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၌ ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ တရားဝင် အလုပ်သမား ၁.၃ သန်း သာ ရှိပြီး ၄င်းထဲတွင် မြန်မာ အလုပ်သမား ၈၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား အလုပ်သမား ၉.၅ ရာခိုင်နှုန်းနှင့် လာအိုအလုပ်သမား ၈.၄ ရာခိုင်နှုန်း ရှိသည်ဟု ဖော်ပြ ထားသည်။
ထို့ကြောင့် တရားမဝင် မြန်မာ အလုပ်သမား တိုးပွားလာခြင်းကို လျော့ချ နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၇ ခုနှစ် ခန့်က စပြီး ထိုင်းအစိုးရမှ နိုင်ငံသား စိစစ်မှု ပြုလုပ်ကာ အလုပ်လုပ်ခွင့် လက်မှတ် (ထော်ရော် ၃၈) ထုတ်ပေး ခဲ့သည်။ ၄င်းနောက် အလုပ်လုပ်ခွင့် လက်မှတ်အား အခြေခံကာ ယာယီ နိုင်ငံကူး လက်မှတ် အဆင့်တို့ နှစ်နိုင်ငံ သဘောတူညီ ချက်ဖြင့် တိုးမြှင့် ထုတ်ပေး ခဲ့သည်။
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် လိုသည့် မြန်မာ နိုင်ငံသား အလုပ်သမားများ အနေဖြင့် တရားဝင် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ကာ MOU စာချုပ်ဖြင့် တရားဝင် ဝင်ရောက် အလုပ် လုပ်ကိုင် နိုင်ကြပြီ ဖြစ်သော်လည်း တရားဝင် ဝင်ရောက်သည့် အလုပ်သမား အရေအတွက် နည်းပါး နေသေးသည်။