မွန်ပြည်နယ်ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ပြဿနာတချို့ရင်ဆိုင်နေရ

မွန်ပြည်နယ်ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ပြဿနာတချို့ရင်ဆိုင်နေရ
by -
ရွှေဟင်္သာ

မွန်ပြည်နယ်ခရီးသွား လုပ်ငန်းများကို အဆင့် မြှင့်ရာတွင် လိုအပ်သော တည်းခိုခန်းများ တည်ဆောက်ရာ၌ မြေယာ ပိုင်ဆိုင်မှု ကိစ္စ များနှင့် လုပ်ငန်းခွင်စီမံခန့်ခွဲမှု အားနည်း နေသေး သည်ဟု မွန်ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ဆိုပါသည်။

ဒေါက်တာ တိုးတိုးအောင်က “အထူးသဖြင့် ရေးမြို့နယ် အစင်း ဇီဖြူသောင် ကျေးရွာက ပင်လယ် ကမ်းခြေက မြေကွက်တွေ ဆိုရင် ဒေသခံ တွေရဲ့ မြေလား အဲဒီလို စစ်ဆေး ရဦးမယ်။ တကယ်လို့ ဒေသခံ တွေရဲ့မြေ ဖြစ်နေမယ် ဆိုရင် လျှော်ကြေးပေး ၀ယ်ယူ ရလိမ့်မယ်။ ဒါကြောင့် အချိန်ယူပြီး စီစစ် ဦးမှာပါ” ဟု ဆိုခဲ့ ပါသည်။

tourism mon state

အဆိုပါ နေရာသည် ဒေသခံများ၏ ကွမ်းသီးခြံများဖြင့် ၀ိုင်းရံလျှက်ရှိရာ အများစုသည် မြေဂရမ် မရှိကြဟု သိထားသောကြောင့် အစိုးရဖက်မှ မြေလွတ် မြေရိုင်း အဖြစ် စာရင်း သွင်းပြီး အလကား သိမ်းယူကာ ကုမ္ပဏီ များအား ပြန်လည် ရောင်းချ လိမ့်မည်ဟု  စိုးရိမ် နေကြကြောင်း ဒေသခံ တစ်ဦးက ဆိုပါသည်။

အလားတူ သံဖြူဇရပ် မြို့နယ်၏ ခရီးသွား လုပ်ငန်း အတွက် အဆင့် မြှင့်ရာ တွင်လည်း စက်စဲ ကမ်းခြေ၌ ဟိုတယ် တည်းခိုခန်းများ တည်ဆောက်ခွင့် ပေးရာတွင် ဆောက်လုပ်ရေး အတွက် လိုအပ်သော သဲများ တူးယူခွင့်ကို ပိတ်ပင် လိုက်သဖြင့် လုပ်ငန်းများ ရပ်ဆိုင်း ထားရသည်။

မွန်ပြည်နယ်အစိုးရသည် ပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေး အတွက် ရေးမြို့နယ် ကမ်းခြေနှင့် စက်စဲ ကမ်းခြေ နှစ်ခုကိုအဆင့်မြှင့်တင်သည့် အနေဖြင့် အပန်းဖြေ စခန်းများ တိုးချဲ့ တည်ဆောက် သွားမည်ဟု ဝန်ကြီးဒေါက်တာတိုးတိုးအောင်က ဆိုပါသည်။

စက်စဲ ကမ်းခြေတွင်မူ 21 Paradise ဟိုတယ် အပါ၀င်တည်းခိုခန်း တချို့ ဆောက်လုပ် ပြီးစီးခဲ့ပြီး တခြား အဆောက် အဦးများ ဆောက်လုပ် နေဆဲ ဖြစ်သည့်အပြင် ဇီးဖြူသောင် ကမ်းခြေ၌ လုပ်ငန်း စတင် နိုင်ရန် စတင်စစ်ဆေးနေပြီးအချိန် အားဖြင့် နှစ်လမျှ အချိန်ယူ ရလိမ့်မည်ဟု ၀န်ကြီးက ဆိုပါသည်။

၀န်ကြီးသည် အရှည် တစ်မိုင်ကျော် ရှိသည့် ဇီးဖြူသောင် ကမ်းခြေအား တည်ခိုခန်းများ တည်ဆောက်ရန် ပြီးခဲ့သည့်အောက်တိုဘာလ (၁၃) ရက်နေ့က သွားရောက် ကြည့်ရှုခဲ့ရာတွင် ၄င်းမြေသည် ဒေသခံ များ၏ ဦးပိုင်မြေ ဖြစ်ပါက လျှော်ကြေးပေးပြီး တည်ဆောက် သွားရန် ဖြစ်ပါသည်။

အကယ်၍ မြေလွတ် မြေရိုင်း ဖြစ်ပါကဆောက်လုပ်ရေးလုပ်ငန်းရှင် များအား တင်ဒါ၊ လေလံ စသည့် စနစ်များဖြင့် လုပ်ပိုင်ခွင့် ခေါ်ယူ သွားမည် ဖြစ်ကြောင်း ဒေါက်တာ တိုးတိုးအောင်က ဆိုပါသည်။

တင်ဒါခေါ်သည့် အခါ ရင်းနှီး မြုပ်နှံမှု ပမာဏကိုပါ စီမံချက် ရေးသား တင်ပြ ပေးရန် ရင်းနှီး မြှုပ်နှံသူ များအား အသိပေး ထားပြီး ဖြစ်ကြောင်း သံဖြူဇရပ် မြို့နယ် အရပ်ဖက် စည်ပင်သာယာရေး ကော်မီတီ ဥက္ကဋ္ဌ ကိုမင်းမင်းလတ်မှ ဆိုပါသည်။

မွန်ပြည်နယ်၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးကို ဒေသ (၄) ခု ၌ အဆင့် မြှင့်ရန် ပြည်နယ် အစိုးရမှ လျာထားသည့်နေရာများမှာ ကျိုက်ထို၊ မော်လမြိုင်၊ စက်စဲ၊ ရေး (ပင်လယ်ဝ) တို့ ဖြစ်သည်ဟု ကိုမင်းလတ်မှ ဆိုပါသည်။

မော်လမြိုင် မြို့သည် မြို့ဧရိယာကျဉ်းသဖြင့် ဟိုတယ်၊ တည်းခို ခန်းများ ဆောက်လုပ် နိုင်မည့် မြေနေရာများ နည်းပါးပြီး မော်လမြိုင် တဖက်ကမ်းရှိ မုတ္တမ မြို့ဘက်၌ ပိုမို တည်ဆောက်ခွင့် ပြုမည် ဖြစ်သည်။

မွန်ပြည်နယ်သည် ခရီးသွားများ စိတ်ဝင်စား နိုင်သည့် ကျိုက်ထီးရိုး စေတီတော်၊ မော်လမြိုင်မြို့ပေါ်၊ ကျိုက္ခမီ ဘုရား၊ စက်စဲ ကမ်းခြေ၊ သေမင်း တမန်ရထားလမ်းနှင့် သံဖြူဇရပ် စစ်သချိုင်းတို့ တည်ရှိရာ နေရာလည်း ဖြစ်သည်။