ကရင် ပြည်နယ်အစိုးရ၏ ကမ်းလှမ်းချက်အရ လာမည့် စာသင်နှစ်တွင် အစိုးရ စာသင်ကျောင်း၌ ကရင်စာပေသင်ကြား ရေးအတွက် လိုအပ်သော ကျောင်းဆရာများ ရရှိရေး ဆွေးနွေးပွဲ တစ်ရပ်ကို ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA) ဌာနချုပ် ဖြစ်သည့် မြဝတီခရိုင်၊ ဆုံဆည်းမြိုင် ကျေးရွာတွင် ကျင်းပရာ ယနေ့ပြီးဆုံး သွားခဲ့ကြောင်း ပြောခွင့် ရသူ ဗိုလ်မှူးချုပ် မိုရှေးက ဆိုပါသည်။
“ကရင်စာ တတ်တဲ့ ဆရာ ဆရာမ တွေကို ရှာခိုင်း တာပါ။ ပထမ နှစ်မှာ သူငယ်တန်း ကနေ စသင်မယ်။ တဖြည်းဖြည်းနဲ့ တိုးသွားတဲ့ သဘောပေါ့။ အစိုးရက လစာ ပေးမယ်။ ပိုးကရင် များတဲ့ နေရာမှာ ပိုးကရင် စာသင် မှာပေါ့၊ စကော ကရင် များရင် စကော ကရင်စာ သင်မှာပေါ့။ တစ်ပြည်နယ်လုံး သင်ကြမယ်” ဟု ဆိုပါသည်။
အဆိုပါ ဆွေးနွေး ပွဲသို့ DKBA ဗိုလ်မှူးချုပ် စောမိုရှေး ၊ လူမှု အခြေပြု အဖွဲ့မှ ကိုမြင့်သန်း ၊ ကရင် အမျိုးသား အစည်းအရုံး KNU ကော့ကရိတ် မြို့နယ် ဥက္ကဌ စောမောထူး၊ ဝေါလေ မြို့နယ် ကျောင်းဆရာ (၂) ဦး အပါ အဝင် ကရင် ပညာရေး ဖွံ့ဖြိုးမှု KED မှ တာဝန် ရှိသူ များနှင့် ဒေသခံ ပြည်သူ လူထုများ တက်ရောက် ကြသည်။
ကျောင်းဆရာများ ရရှိရေးတွင် အခြေခံ မူလတန်း အဆင့် သင်ကြားရေး ကိုသာ ဦးတည် မနေသင့်ဘဲ အလယ်တန်းမှ အထက်တန်း အထိ သင်ကြား သွားနိုင် ရေးကို ဦးတည် သင့်ကြောင်း၊ ထို့အပြင် ကရင် စာနှင့်အတူ သင့်တော်သော နေရာတွင် စာသင်ကျောင်း ရှိလာရန် လိုအပ် သဖြင့်သေ့ဘောဘို ကျေးရွာ၌ အခြေခံ အလယ်တန်း ကျောင်းဆောင်သစ် တစ်ဆောင် တည်ဆောက် သွားရန် ဆုံးဖြတ် ခဲ့ကြ ပါသည်။
ကရင် စာကို အစိုးရ စာသင်ကျောင်း များတွင် အသက်ဝင် လာရန်နှင့် သင်ကြားသော ဆရာ ဆရာမ များအား အစိုးရ ဘတ်ချက်ဖြင့် ထောက်ပ့ံမှု ပေးရန် လိုလားလျှက် ရှိပါသည်။ ယခင် ကမူ ကိုယ်ထူ ကိုယ်ထ ကျောင်းနှင့် ကရင် ပညာရေး ဖွံံ့ဖြိုးမှု အဖွဲ့ (KED) ကျောင်းမှ ဆရာ ဆရာမ များကို တနှစ်လျှင် ထိုင်းဘတ်ငွေ (၄၅၀၀) ပေးပြီး ကျန်သည့် လိုအပ်ချက် များကို ကျေးရွာ များမှ ထောက်ပ့့ံ ခဲ့ပါသည်။
KED ကျောင်းနှင့် ကိုယ်ထူ ကိုယ်ထ ကျောင်းများတွင်KED ၏ ပညာရေး သင်ရိုး ညွန်းတန်းဖြင့် သင်ကြား ခဲ့ပါသည်။ အချို့ မူလတန်း များတွင်အစိုးရ ထုတ်သည့် သင်ရိုး ညွန်းတန်းကို အသုံးပြု သည်လည်း ရှိပါသည်။ အစိုးရ ကျောင်းတွင် ကရင် စာပေ များကို ကျောင်းချိန် တွင်း၌ ဘာသာရပ် တစ်ခု အဖြစ် နောင်နှစ် များတွင် စတင် သွားနိုင် မည်ဟု ယုံကြည် ကြပါသည်။
ထို့အပြင် DKBA သည် ပညာရေး ရံပုံငွေ ရရှိရန် မြန်မာ့ ငြိမ်းချမ်းရေး အကူအညီ ပေးရေး အဖွဲ့၊ MPSI ထံ အကူအညီ တောင်းခံ ထားပါသည်။ ထိုအဖွဲ့သည် ပထမ အဆင့် အဖြစ် ဆုံစည်းမြိုင် ဒေသမှ စာသင်ကျောင်း (၃၀) အား အကူအညီ ပေးမည် ဖြစ်သည်။
ကရင် ကျောင်းဆရာ လိုအပ်ချက်သည်၊ စီမံချက် တရပ် အနေဖြင့် သင်တန်းများ ပို့ချရန် လိုအပ် လာပါသည်။ သို့သော် ကရင်ပြည်နယ် အစိုးရမှ အရေအတွက် မည်မျှ လိုအပ်သည်၊ အရည် အချင်းနှင့် ပံ့ပိုးမှု အနေ အထားများကို မသိရှိရ သေးဖြင့် ဆက်လက် မေးမြန်း သွားမည် ဖြစ်သည်။ တရားမဝင် အဆင့်မှ တရားဝင် ဖြစ်လာသည့် အတွက် ဒေသခံများသည် တက်တက်ကြွကြွ ပူးပေါင်း ပါ၀င် လာကြ သည်ဟု ဆိုပါသည်။