အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အားလုံး၏ သဘောထား ရရှိရန် ယခု လကုန် ပိုင်းတွင် ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာ ၌ စုပေါင်း ဆုံးဖြတ်မည်ဟု ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပြောရေး ဆိုခွင့် ရှိသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာက ဆိုပါသည်။
ခွန်ဥက္ကာက “လာမယ့် အောက်တိုဘာ (၂၅) နဲ့ (၃၁) ကြားမှာ လုပ်မယ်။ အားလုံး အဖွဲ့ (၁၇) ဖွဲ့ က ထိပ်သီး တွေကိုဘဲ ဖိတ်ထားတယ်။ UNFC (၁၂) ဖွဲ့ တွေအပြင် အဖွဲ့ဝင် မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ကိုပါ ဖိတ်ထား လိုက်တာ ဖြစ်တယ်။ အချိန်တို အတွင်းမှာ ဆုံးဖြတ်ချက် ပေးနိုင်မယ်။ ဘာကြောင့်လဲ ဆိုတော့ UNFC ထိပ်သီး မှာလည်း သဘောတူ ထားပြီး သားပါ”ဟု ဆိုသည်။
အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အပေါ် UNFC အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်မဟုတ် သည့် အဖွဲ့များ လိုင်ဇာတွင် ဘုံသဘောတူညီမှု မူတရပ် ရရှိလာပါက အစိုးရအား ၄င်းမူဖြင့် ချဉ်းကပ် သွားမည်ဟု KIO နည်းပညာ အထောက်အကူပြု အလုပ်အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဆရာဒေါင်းခါးက ဆိုပါသည်။
ယင်းအစီစဉ် ဖြစ်မြောက်ရေး အတွက် KIO သည် အစိုးရ ကိုယ်စားလှယ်များအား ပြီးခဲ့သည့် အောက်တိုဘာလ (၉)ရက် နေ့၊ မြစ်ကြီးနား ဆွေးနွေးပွဲတွင် တင်ပြ တောင်းဆိုရာ သဘောတူ စာချုပ်ပါ အချက်အားဖြင့် ခွင့်ပြု ခဲ့ပါသည်။
UNFC အဖွဲ့ဝင်သစ်အဖြစ် ဒီမိုကရက်တစ်နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့(NDAA) ကိုးကန့် အဖွဲ့အား ပြီးခဲ့သည့် အောက်တိုဘာ (၁၀) ရက်နေ့၌ ကျင်းပခဲ့သည့် ဦးဆောင် ကော်မီတီ အစည်း အဝေးတွင် (၁၂) ဖွဲ့မြောက်အဖြစ် လက်ခံ ခဲ့သည်။
ထို့အတူ လိုင်ဇာ အစည်း အဝေးသို့ တက်ရောက်ရန် UNFC အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် (RCSS/SSA) ၊ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP), ဒီမို ကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့်မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) အဖွဲ့များသာ ထပ်မံ ဖိတ်ကြား ထားခြင်း ဖြစ်သည်။
အစိုးရ ဖက်ကမူ အပစ် အခတ် ရပ်စဲရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၆) ဖွဲ့ အနက် (၁၄) ဖွဲ့နှင့် အပစ်အ ခတ် ရပ်စဲပြီး ဖြစ်ကြောင်း၊ ယင်းတွင် KIO နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး (PSLF) သာ ကျန်တော့ကြောင်း ဆိုပါသည်။
အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အတွက် ယေဘူယျ မူကြမ်းကို ပြီးခဲ့သည့် အောက်တို ဘာလ (၁၀) ရက်နေ့တွင် ထိုင်းနိုင်ငံ ဇင်းမယ် မြို့၌ ကျင်းပသော UNFC ထိပ်ပိုင်း ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် အပိုင်း (၃) ပိုင်း ချမှတ်ထားကြောင်း ခွန်ဥက္ကာက ဆိုပါသည်။
ယင်းအပိုင်း(၃)ပိုင်းတွင် (က) လက်မှတ် မထိုးမှီ သဘောတူ ထားရမည့် အချက်များ (ခ)လက်မှတ် ထိုးရမည့် စာချုပ်တွင် ပါရမည့် စာချုပ်ပါ အချက် များနှင့် (ဂ) လက်မှတ် ထိုးပွဲ၌ ပါ၀င်လက်မှတ် ထိုးသူများ စာရင်းတို့ ဖြစ်ကြ ပါသည်။
အသေးစိတ် အချက်အလက် များကိုမူ လာမည့်လိုင်ဇာ၌ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ ထိပ်သီး တွေ့ဆုံ ပွဲ၌ မူချောဆွေးနွေးရန် ရှိသေးသည့် အတွက် ထုတ်ပြန်ရန် စောသေး သည်ဟု UNFC က သဘော ထားခဲ့သည်။
KIO သည် ပြီးခဲ့သည့် အောက်တို ဘာလ (၈) ရက်မှ (၁၀) ရက်နေ့အထိ သုံးရက်တာ ကချင် ပြည်နယ် မြစ်ကြီး နားမြို့မနောကွင်း၊မဂျွယ် ခန်းမ၌ အစိုးရ ကိုယ်စားလှယ် တို့နှင့် ဆွေးနွေး ခဲ့ပြီးနောက် UNFC အဖွဲ့ အပါအဝင် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ဆက်တိုက် ဆွေးနွေး ကြမည် ဖြစ်သည်။
KIO သည် အပစ်အခတ် ရပ်စဲ ရေးထက် နိုင်ငံရေး ဆွေးနွေး မှုကို လိုလားခြင်း အပြင် နိုင်ငံရေး ဆွေးနွေးမှု များကိုလည်း တိုင်းရင်းသား အားလုံး ပါ၀င် လာနိုင် ရေးကို အစဉ် ကြိုးပမ်း နေသည့် အဖွဲ့ ဖြစ်သောကြောင့် အစိုးရ၏ တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ် ထိုးပွဲ အပေါ် အပြီးသတ် သဘော ထားကို လိုင်ဇာ၌ ဆွေးနွေးမည် ဖြစ်ကြောင်း UNFC အဖွဲ့ဝင် များ၏ အဆိုပြုချက်ကို KIO မှ လက်ခံခြင်း ဖြစ်သည်ဟု ဆရာ ဒေါင်းခါးက ဆိုပါသည်။
KIO ၏ အနစ်နာ ခံမှုသည် တိုင်းရင်းသား များအပေါ် ကြီးစွာ အကျိုး သက်ရောက် စေခဲ့ဟု UNFC အဖွဲ့ဝင် များက ခံယူသည်ကို အသိအမှတ် ပြုသော အားဖြင့် လည်းကောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို KIO အား စံထားသော အားဖြင့် လည်းကောင်း ဤသမိုင်းဝင် ဘုံသဘော တူညီချက် ရရှိ ရေးကို လိုင်ဇာ၌ ဆွေးနွေး စေလိုပြီး ကြေညာ စာတမ်း မှတ်ကျောက် အဖြစ် ဂုဏ်ပြု လိုက်ခြင်းပင် ဖြစ်သည်။