အစိုးရသည် UNFC နှင့်မတွေ့တော့ - တဖွဲ့ချင်းသာတွေ့မည်ဟု MPC ပြော

အစိုးရသည် UNFC နှင့်မတွေ့တော့ - တဖွဲ့ချင်းသာတွေ့မည်ဟု MPC ပြော
by -
ရွှေဟင်္သာ

ရှေ့ဆက် ဆွေးနွေး မှုများတွင် တဖွဲ့ချင်းသာ ခေါ်ယူတွေ့ဆုံတော့  မည်ဟု  စက်တင်ဘာ (၂၈) ရက် မွန်ပြည်နယ် မော်လမြိုင်မြို့ တွင် တွေ့ဆုံ ခဲ့သော လက်နက်ကိုင် အဖွဲ့အစည်း (၄) ဖွဲ့၏ တွေ့ဆုံပွဲ၌ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ က ဆိုကြောင်း ယင်းအစည်းအဝေး တက်ရောက် ခဲ့သည့် ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုုးသား တပ်မတော် (DKBA) ၏ ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။

“ သူတို့ ဖိတ်လို့ သွားတွေ့တာပါ။ (၄) ဖွဲ့တွေ့တယ်။ အဲဒီ ဆွေးနွေးပွဲမှာဘဲ ဦးအောင်မင်းက ပြောပါတယ်။ နောက်တခါ တွေ့ရင် တဖွဲ့ချင်းဘဲ တွေ့တော့မယ်။ UNFC နဲ့တွေ့တော့မှာ မဟုတ်တော့ဘူးလို့ ထည့်ပြောသွား တာ ဖြစ်ပါတယ်။ မွန်ပြည်သစ် ကိုယ်စားလှယ် ကလည်း ပြောပါတယ်။ လက်မှတ် ထိုးခဲ့ပြီးပြီး အခု ထပ်ထိုးရ မယ်ဆိုတော့ ဒီကိစ္စ ဗဟိုကိုပြန် လည်တင်ပြပေးမယ်လို့” ဆိုသွားခဲ့ပါသည်။

ထို့အပြင် ထပ်မံ လက်မှတ် ထိုးရေးတွင် နိုင်ငံရေးဆွေးနွေးပွဲ ရက်သတ်မှတ်ပေးနိုင်မလား ဆိုသည့်မေးခွန်းနှင့် တိုင်းရင်းသား ဒေသ၌ ရှိနေသော  အစိုးရရှေ့တန်းတပ်ဖွဲ့များ နေရပ်ရင်း တပ်ဌာနချုပ်သို့ ပြန်သင့်ကြောင်း အဆိုကိုပါ တင်ပြခဲ့ပါသည်။ အစိုးရ ကိုယ်စားလှယ်များသည် ဤမေးခွန်းများအား ပြန်လည်ဖြေကြားခြင်း မရှိဘဲ ၄င်းတို့၏ တပြည်လုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လုပ်မည် ဖြစ်သည်ဟု သာ ဆွေးနွေး ခဲ့ပါသည်။

ဆွေးနွေးပွဲသည် နေ့လည် (၁၂) နာရီခွဲမှ ညနေ (၃) နာရီ အထိ ကျင်းပခဲ့ပါသည်။ အပစ်အခတ် ရပ်စဲရေး သည် အပြန်အလှန် ယုံကြည်မှု အပေါ်၌ မူတည်ကြောင်း၊ ဤသို့ကြောင့် တိုင်းရင်းသား အဖွဲ့များသည် ၄င်းတို့ဒေသ၌ ရှိသော အစိုးရ တပ်ဖွဲ့များ ဆုတ်ခွာပေးရန် တညီတညွတ်တည်း တောင်းဆိုခဲ့ကြခြင်း ဖြစ်သည် ဟု UNFC မှအကြီးအကဲများကပြောပါသည်။

သို့သော် အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် တွေ့ဆုံခြင်း မပြုတော့ ဟုပြောဆိုနေခြင်းမှာ နားလည်မှုလွှဲမှားခြင်းဖြစ်ကြောင်း UNFC အား ဦးအောင်မင်းက အကြောင်းကြား ခဲ့သည်ဟု အတွင်းရေးမှူး  ၂  ခွန်ဥက္ကာမှဆိုပါသည်။

“ UNFC နဲ့မတွေ့တော့ဘူးလို့ ပြောတာမဟုတ်ဘူးတဲ့ အဓိပ္ပါယ် အကောက်လွှဲတာ ဖြစ်မယ်တဲ့။ တဖွဲ့ချင်းနဲ့ဘဲတွေ့ မယ်။ UNFC ကိုတော့ လေ့လာသူအဖြစ်နဲ့ဘဲ ဖိတ်တော့မယ်လို့ ပြောတာဖြစ်တဲ့ အကြောင်း  ဦးအောင်မင်းတို့က UNFC ကို အ ကြောင်းကြားပါတယ်။ ”

အစိုးရသည် လာမည့် အောက်တိုဘာလ ပထမပတ် အတွင်း နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲကျင်းပနိုင် ရေးကို အပူတပြင်း ကြိုးပမ်းနေသည်ဟု ၀ါရင့် နိုင်ငံရေး ခေါင်းဆောင်များက ဆိုပါသည်။