အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခြင်း မပြုပါက ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့နှင့် နောက်ထပ် ပြန်လည် တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အရာရှိ တဦးကပြန်ကြား ထားခဲ့သည်ဟု ပြောခွင့်ရ အတွင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော် ကဆိုပါသည်။
“ ဒီစကားကတော့ စက်တင်ဘာလ (၈) ရက်နေ့မှာ UNFC နဲ့ ဦးအောင်မင်း တို့တွေ့တုန်းက MPC က ဦးလှမောင်ရွှေ ပြောလိုက်တဲ့ စကားပါ။ လက်မှတ် မထိုးဘူး ဆိုရင် ပြန်တွေ့ဖို့ မရှိဘူးလို့ ကျနော်တို့ရဲ့ UNFC ကိုယ်စားလှယ်တွေ ကို အဲဒီလို ပြောလိုက်တာ” ဟု ဆိုသည်။
ထိုကဲ့သို့ သဘော ထားသည့် အပြင် အပစ်အခတ် ရပ်စဲရန် ယုံကြည်မှုလည်း မတည်ဆောက် ခဲ့ဟု ဆိုပါသည်။ အစိုးရ တပ်ဖွဲ့များသည် တအာင်း လွတ်မြောက်ရေး တ်ပမတော် TNLA ကို ယနေ့ အထိ စစ်ဆင်နေ သဖြင့် တိုက်ပွဲ ဖြစ်နေသမျှ ထပ်တွေ့စရာ အကြောင်း မရှိသေးဟု တာဘုန်းကျော်က ဆိုပါသည်။
သို့သော် ဦးအောင်မင်းသည် လက်နက်ကိုင် အဖွဲ့ (၁၆) ဖွဲ့အနက် (၁၄)ဖွဲ့နှင့် အပစ် ရပ်နိုင်ခဲ့ကြောင်း၊ ကျန်သည့် KIA နှင့် TNLA တို့ကိုလည်း မကြာခင်အပစ်ရပ်ရန် ဆက်လက် ဆောင်ရွက်မည်ဟု ယမန်နေ့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စင်တာ ရုံးအတွင်း၌ ကျင်းပသည့် (၅၈) ဦးကိုယ်စားလှယ်များ တက်ရောက်သည့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ ပြောကြား ခဲ့ပါသည်။
TNLA ဖက်ကမူ အကယ်၍ အစိုးရ တပ်ဖွဲ့များ ဖက်မှ တိုက်ပွဲ လျှော့ချရေးကို မဆောင်ရွက်ပါက ဆက်လက် ဆွေးနွေး ညှိ နှိုင်းမှု မပြုလုပ်နိုင်သလို အပစ်ရပ်ရေး လက်မှတ် ထိုးပွဲလည်း ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ဟု ဒုတိယ ဗိုလ်မှူးကြီးတာ ဘုန်းကျော်ကဆိုပါသည်။
ဤသို့ကြောင့် TNLA သည် ၄င်းတို့ ဒေသရှိ ရှမ်းပြည်မြောက်ပိုင်းမှ အစိုးရ လှုပ်ရှား တပ်ဖွဲ့များအား ၄င်းတို့၏ မူလတပ် တည်နေရာသို့ပြန်လည် ရုတ်သိမ်းပေးခြင်းအားဖြင့် တိုက်ပွဲလျှော့ချမှုကို ပြသရာရောက်သည်ဟု တောင်းဆိုခဲ့ပါ သည်။
TNLA နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီတို့သည် အပစ် ရပ်ရေး အတွက် ပြီးခဲ့သည့် ဇူလိုင်လ အကုန်ပိုင်းတွင် ရှမ်းပြည်နယ် မူဆယ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါ သည်။ ယင်းဆွေးနွေးပွဲတွင် နောက် တစ်ကြိမ် တွေ့ဆုံဆွေးနွေးသည့် အခါ စစ်မှန်သည့် အပစ်အခတ် ရပ်စဲရေး
လက်မှတ်ရေးထိုးနိုင်ရန် ဖြစ်ပြီး ဤ အဆင့် ရရှိရေးအတွက် နှစ်ဖက် လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲများ လျှော့ချနိုင်ရေးနှင့်နှစ် ဖက်ဆက်သွယ်ရေးများ ထားရှိရန် သဘော တူထား ခြဲ့ကပါသည်။