ရှမ်းပြည်မြောက်ပိုင်း၌ တိုင်းရင်းသားနှင့် အစိုးရတပ်များ အပြန်အလှန် တိုက်ခိုက်နေ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် ရပ်ရွာအတွင်း မူးယစ်ဆေးဝါး ဖြန့်နေသော ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ကျေးရွာ အုပ်စုမှ ရဲတပ်ဖွဲ့ဝင်များ၏ စခန်းကို ယနေ့ မနက်ပိုင်း တနာရီ ခန့်က ၀င်ရောက် တိုက်ခိုက် လိုက်သည်ဟု TNLA ပြောခွင့်ရသူ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ဆိုပါသည်။
“သူတို့က တရွာဝင် တရွာ ထွက်ပြီး တအာင်း လူငယ်တွေကို မူးယစ်ဆေးဝါးတွေ လိုက်ရောင်း လိုက်ဖြန့် နေတာလေ။ သူတို့က မူးယစ်ဆေးဝါးကို ပေါ်လစီ တရပ် အဖြစ်နဲ့ အစိုးရလူတွေက တကယ် လုပ်နေတာ။ အဲတာကြောင့် သွားရှင်း လိုက်တယ်” ဟုဆိုသည်။
TNLA တပ်ရင်း (၁၁၂) မှ တပ်ခွဲ တစ်ခွဲသည် ယနေ့ မနက်ပိုင်း တနာရီတွင် ကွတ်ခိုင် မြို့နယ် နမ့်ဖတ်ကာ ရဲစခန်းကို သွားရောက် ရှင်းလင်းရာတွင် ရဲများထွက် ပြေးခဲ့ရာ အနီးရှိ ခလရ ၁၂၃ တပ်ဖွဲ့တို့နှင့် မိနစ်၂၀ ခန့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု ဆိုပါသည်။ နှစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိမှုများ အခြေအနေ အသေးစိပ်ကိုမူ မသိရှိရသေးကြောင်း ဒု- ဗိုလ်မှူးကြီး တာ့ဘုန်းကျော်ကဆိုသည်။
အလားတူ ရှမ်းပြည် မြောက်ပိုင်းရှိ အမည် မသိ ရသေးသည့် အစိုးရ တပ်ဖွဲ့တဖွဲ့သည် နမ္မတူမြို့နယ် နားဆိုင်း ဒေသရှိ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့အား စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ အထိ လာရောက် တိုက်ခိုက် ခဲ့ပါသည်။ ဤတပ်ဖွဲ့များသည် ရှမ်းပြည် မြောက်ပိုင်းရှိ RCSS တပ်ဖွဲ့ များအား ပြီးခဲ့သည့် စက်တင်ဘာလ (၁၆) ရက်နေ့ကတည်းက လိုက်လံပြီး စစ်ဆင် တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။
ထို့အပြင် အစိုးရ တပ်များသည် RCSS တပ်ဖွဲ့များ ရှိရာ ရှမ်းပြည် တောင်ပိုင်း နှင့် ရှမ်းပြည် အရှေ့ပိုင်း၌လည်း လိုက်လံ တိုက်ခိုက် နေသည်ဟု ဒု ဗိုလ်မှူးကြီး စိုင်းဆိုင်မိဏ်းက ဆိုပါသည်။
“ ယခုတလောမှာ ဆိုရင် ကျနော်တို့တပ်တွေရှိတဲ့ နေရာမှာ လိုက်တိုက်နေတဲ့ သဘောပါတယ်။ ဘာကြောင့် ရယ်တော့ မသိဘူးလေ။ တကယ်တော့ ဒီအချိန်မျိုးမှာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။” ဟုဆိုပါသည်။
စက်တင်ဘာလ၂၁ ရက်နေ့မှာပင် ရှမ်းပြည် မြောက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၇) ထိန်းချုပ် နယ်မြေ ဖြစ်သော မန်ကန်ကျေးရွာသို့ရောက်ရှိ လာသော အစိုးရ တပ်ဖွဲ့ ခလရ (၂၄၁) တပ်ဖွဲ့ကို KIA တပ်ခွဲ (၂) တို့က ခြုံခို တိုက်ခိုက်ခဲ့သည်။
တနေ့ထဲ၌ပင် မူဆယ် ခရိုင်ရှိ KIA တပ်ရင်း (၃၆) တို့က ယိမ်းဆိုင်း ကျေးရွာ အနီးသို့ ရောက်ရှိ နေသည့် အစိုးရ တပ်ဖွဲ့ ခမရ (၅၆၇)တပ်ဖွဲ့တို့အား တိုက်ခိုက်ခဲ့ပါသည်။
KIA နည်းတူ ရှမ်းပြည် တိုးတက်ရေး တပ်မတော် SSPP/SSA တပ်ဖွဲ့တို့ကလည်း ရှမ်းမြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းအနီးတွင် အစိုးရတပ်ဖွဲ့နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး ပိန်ဖ က ဆိုပါသည်။
အစိုးရ တပ်များသည် အပစ်အခတ် ရပ်စဲ ထားပါလျှက်နှင့် ရှမ်းပြည် မြောက်ပိုင်းရှိ TNLA၊ KIA၊ RCSS နှင့် SSPP တပ်ဖွဲ့ များအား လိုက်လံ တိုက်ခိုက် နေသဖြင့် စက်တင်ဘာလလည် ပိုင်းမှ စပြီး အပြန်အလှန် တိုက်ခိုက် လာခဲ့ခြင်း ဖြစ်ပါသည်။