ကရင် နိုင်ငံရေး ပါတီ (၄) ပါတီ၏ နှစ်ရက်တာ ကျင်းပသည့် အစည်းအဝေးကို သဘော တူညီချက် (၆) ချက်ဖြင့် ယခုလ ၁၅ ရက်နေ့က ပြီးဆုံး သွားသည်ဟု ပြောရေး ဆိုခွင့်ရှိ သူ ဖလုံ-စဝေါ ဒီမိုကရက်တစ် ပါတီမှ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဆိုပါ သည်။
“ ဆွေးနွေးပွဲကို ဖါးအံ မြို့ပေါ်က ဇွဲကပင်ဂါဒင်း နေရာမှာ ကျင်းပပါတယ်။ လူပေါင်း (၅၀) လောက်တက်ပါတယ်။ အကျိုးတော်ဆောင်တွေနဲ့ ပါတီ မီဒီယာတွေလည်း ပါတာပေါ့။ အဓိက ကိုယ်စားလှယ်တွေ ကတော့ တပါတီကို ဗဟို ကော်မီတီ အဆင့်ထဲက ကိုယ်စားလှယ် (၁၀) ဦးစီ အတိအကျ တက်ကြပါတယ်” ဟု ဆိုပါသည်။
ယင်းဆွေးနွေးပွဲတွင် သဘော တူညီချက် (၆) ချက်နှင့် အချက်ငယ် (၁၀) ချက် သဘော တူညီ ခဲ့သည်ဟု ဆိုပါသည်။
(က) ကရင်နိုင်ငံရေး ပါတီများ တပါတီဖြစ်ရေး
(ခ) ကရင်နိုင်ငံရေး ပါတီများ အနေဖြင့် အမျိုးသားရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး။
(ဂ)၂၀၁၅ ရွေးကောက်ပွဲ အတွက် ကရင်နိုင်ငံရေး ပါတီများ ညှိနှိုင်း ဆောင်ရွက်ရေး။
(ဃ) ၂၀၁၀ ရွေး ကောက်ပွဲ၌ မဲပေးခွင့် မရခဲ့သော နေရာများ ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရေး။
(င) အသက်(၁၈)နှစ်ပြည့်သူ ကရင် လူမျိုးတိုင်း၊ မှတ်ပုံတင် ရရေးနှင့် မဲပေးခွင့်ရရေး။
(စ) ကရင်ပြည်နယ်တွင်းရှိ မူးယစ်ဆေးဝါး နှင့် လောင်းကစား မှုများ တိုက်ဖျက်ရေး စသည့် သဘော တူညီချက်များ ရရှိခဲ့ကြပါသည်။
၂၀၁၀ ရွေးကောက်ပွဲ ၀င်သည့် ကရင်နိုင်ငံရေး ပါတီ များသည် အပစ်အခတ် ရပ်စဲ ထားသည့် လက်နက်ကိုင် ကရင်နိုင်ငံရေး ပါတီများနှင့် လောလောဆယ်တွင် တွေ့ဆုံဆွေးနွေးရန် အစီစဉ် မရှိသေးကြောင်း ဆိုပါသည်။ ၄င်းတို့၏ အပစ်အခတ် ရပ်စဲရေး အခြေအနေသည် အတိုင်းအတာ တခုထိ စောင့်ကြည့်ရန် လိုနေသေးသည်ဟု ဆိုပါသည်။
စက်တင်ဘာ (၁၄) ရက်နှင့် (၁၅) ရက် အတွင်း ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော ကရင် နိုင်ငံရေး ပါတီ များမှာ
- (၁) ဖလုံ- စဝေါ ဒီမိုကရက်တစ် ပါတီ၊ (၂) ကရင် ပြည်သူ့ပါတီ၊ (၃) ကရင်ပြည်နယ် ဒီမို ကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊
(၄) ကရင် ဒီမိုကရက်တစ် ပါတီ တို့ ဖြစ်ပါသည်။
၄င်းပါတီ များသည် ပြီးခဲ့သည့် စက်တင်ဘာ (၁၀) ရက်နေ့တွင်လည်း ဆွေးနွေးပွဲ ကျင်းပရန် အစီအစဉ်များ ရေးဆွဲပြီး ဖြစ်မြောက်ရေး အတွက် တွေ့ဆုံခဲ့ကြပါသည်ဟု ကရင်ရေးရာ ကော်မီတီ အထွေထွေ အတွင်းရေးမှူး ကိုကျော်စွာ က ဆိုပါသည်။
နိုင်ငံရေးအရ ကရင်လေးပါတီ အဖွဲ့ တွေ့ဆုံနိုင်ရန် ကရင် ရေးရာ ကော်မီတီက တိုက်တွန်းနှိုးဆော် ခဲ့ပြီး ဤအကြိမ် ဆွေးနွေး မှုသည် ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေး ဖြစ်ကြောင်း ဆိုပါသည်။