ရှမ်းပြည် မြေက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA ) တပ်မဟာ (၄) ဧရိယာတွင် ရက်ဆက် တိုက်ပွဲ ဖြစ်နေခြင်းသည် အစိုးရမှ တင်ပြသော ပြည်နယ် အပစ်ရပ်ရေးမူကို KIA ဖက်က လက်မခံ၍ ဖြစ်ပွား နေရခြင်းသာ ဖြစ်ကြောင်း အစိုးရ ငြိမ်းချမ်းရေး စင်တာ (MPC) မှ အကြီးတန်း အရာရှိ တဦးဖြစ်သူ ဦးလှမောင်ရွှေက ဆိုပါသည်။
“ ဒီလိုမဖြစ်အောင် ကျနော်တို့ ဖက်က မူ (၅) ချက် တင်ပြနေတာဘဲ။ KIA ဖက်ကမှ လက်မခံတာလေ။ ပြောရတာ တော်တော် ခက်ပါတယ်” ဟု ဆိုပါသည်။
KIA တပ်မဟာ (၄) ဧရိယာတွင် ယခုသြဂုတ်လ ဆန်းမှ ယနေ့ အထိ တိုက်ပွဲပေါင်း (၆) ကြိမ် ဖြစ်ပွား ခဲ့ပြီး ဖြစ်သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး နော်ဘိုက ဆိုပါသည်။
“ရက်ဆက် ဖြစ်လာတယ်။ ပြီးခဲ့တဲ့ (၅) ရက်နေ့ ကဆို တနေ့ကို (၃) ပွဲ အထိ ဖြစ်ခဲ့ပါတယ်။ ယမာန်နေ့ ကဆို ကျနော်တို့ တပ်ရင်း (၃၆) နဲ့ (၃၄)မှာ နှစ်ပွဲ ထပ်ဖြစ်ပြန်တယ်။ ပြီးခဲ့တဲ့ လကလည်း ဖြစ်ခဲ့တာဘဲ” ဟု ဆိုပါသည်။
ယမန်နေ့က ဖြစ်ခဲ့သော ပထမ တိုက်ပွဲတွင် အင်အား (၅၀) ကျော် ရှိသော အစိုးရ ခလရ (၁၂၅) တပ်ဖွဲ့သည် မူဆယ် ခရိုင် မုန်ဂိုးဒေသ KIA တပ်ရင်း (၃၆)မှ တပ် ခွဲ(၂) အခြေစိုက် ထားသည့် သံယောင်ဂျိုင်း ကျေးရွာသို့ ထိုးစစ်ဆင်လာ သည့်အတွက် ယမာန်နေ့ မနက် (၇)နာရီမှ (၈) နာရီ အထိ တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။ ထိခိုက် ဒါဏ်ရာ ရရှိမှု အခြေအနေ မသိရသေးပေ။
အလားတူ ယမန်နေ့ မနက် (၁၀) နာရီတွင်လည်း အင်အား (၇၀) ခန့်ရှိသည့် အစိုးရ ခလရ (၁၁၅) နှင့် ခမရ (၅၀၃) ပူးပေါင်း စစ်ကြောင်းသည် တပ်မဟာ(၄) ဧရိယာရှိ ကျောက်မဲမြို့နယ် အင်ဗုံခရက် ကျေးရွာသို့ စစ်ဆင် လာသဖြင့် KIA တပ် ရင်း (၃၄) တပ်ဖွဲ့နှင့် နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြန်ပါသည်။
ဤသို့ကြောင့် အစိုးရ စစ်ဆင်မှု များကြောင့် တပ်မဟာ (၄) ဧရိယာတွင် လဆန်းပိုင်းမှ စပြီး ယနေ့ အထိ တိုက်ပွဲ (၆) ကြိမ် ဖြစ်ပွား ခဲ့ရကြောင်းဆိုပါသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် အဆင့် နှစ်ဆင့်ဖြင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရာတွင် ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်နှင့် ပြည်ထောင်စု အဆင့် နိုင်ငံရေး ဆွေးနွေးခြင်းတို့ဖြစ်ပါသည်။
အစိုးရ၏ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး မူ ၅ ချက်မှာ (က) နှစ်ဦး နှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရေး၊ (ခ) နှစ်ဖက် သဘော တူညီမှု ညှိနှိုင်း ရရှိထားသည့် သတ်မှတ် နေရာများတွင် နေထိုင်ရေး၊ (ဂ) သတ်မှတ် နေရာမှ အပ အခြား ဒေသသို့ လက်နက်ဖြင့် သွားလာခြင်း မပြုရေး၊ (ဃ) ဆက်ဆံရေး စခန်းကို နှစ်ဖက် သဘောတူ သော သင့်လျော်သည့် နေရာ၌ လက်နက် မပါ ထားရှိရေး၊ (င) ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ နှင့် ဆွေးနွေးရန် အတွက် ကိုယ်စားလှယ် အဖွဲ့ တရားဝင် ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့် အချိန် နေရာတို့ကို ညှိနှိုင်း ရေးစသည့် အချက်များ ဖြစ်ပါသည်။
KIA ဖက်ကမူ ၄င်းတို့ (၁၉၉၄) ခုနှစ်တွင် အပစ်အခတ် ရပ်စဲ ခဲ့ဘူးပါသည်။ ၂၀၁၁ခုနှစ် ဇွန်လတွင် အစိုးရဖက်မှ ၄င်းတို့ ဖွဲ့လိုသော နယ်ခြား စောင့်တပ်ကို KIA ဖက်မှ လက်မခံဟု အကြောင်းပြကာ တဖက်သတ် စတင် တိုက်ခိုက် ခဲ့ပါသည်။ ဤကဲ့သို့သော အခြေအနေကြောင့် KIA သည် အစိုးရမှ ကမ်းလှမ်း ထားသည့် ပြည်နယ်မူကို လက်မခံသေးဘဲ၊ နှစ် ဖက်ယုံကြည်မှုကို တည်ဆောက်သည့် အနေဖြင့် တိုက်ပွဲများလျှော့ချရန် ဦးစွာဆောင်ရွက်ရင်း နိုင်ငံရေး ဆွေးနွေးပွဲ များကို ဆက်လက် ကျင်းပရန် လိုလား ခဲ့ကြောင်း ခေါင်းဆောင်များကပြောပါသည်။
ဤသို့ကြောင့် ပြီးခဲ့သည့် မေလ (၃၁) ရက်နေ့တွင် တိုက်ပွဲ လျှော့ချရန် သဘောတူ ခဲ့ရာမှ ကချင် ပြည်နယ်တွင် တဖြည်းဖြည်း တိုက်ပွဲ လျှော့ကျ လာခဲ့ပါသည်။ သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) တွင်မူ ယနေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါးနေပါသေးသည်။