လက်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတို့ တိုက်ပွဲ ဖြစ်နေဆဲ အခြေအနေ များကြောင့် KIO လုပ်ငန်း အထောက် အကူပြု အဖွဲ့ ဖွဲ့ခြင်းသည် အဓိပ္ပါယ် မဲ့နေကြောင်း KIO အဖွဲ့ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။
“Technical Team ရုံးဖွင့်တဲ့ နေ့မှာ ပဲကို တိုက်ပွဲ ဖြစ်လို့ ဦးအောင်မင်းကို ဒီကိစ္စ ဖြေရှင်း ပေးဖို့ တင်ပြ ထားပါတယ်။ ဒီလို ဆက်မဖြစ်အောင် သမ္မတကို တင်ပြ ပေးဖို့ပါ။ အဲဒီလို တိုက်ပွဲတွေ ဆက်ဖြစ် နေမှတော့ Technical Team က အဓိပ္ပါယ် မဲ့လာ သလို ဖြစ်နေတယ်” ဟု ဆရာ ဆွမ်လွတ်ဂမ် က ဆိုပါသည်။
စစ်ရှိန် လျော့ချ နိုင်ရန် နှစ်ဖက် သဘောတူညီချက် အရ လုပ်ငန်းအထောက်အကူပြု အဖွဲ့ ပေါ်လာခြင်း ဖြစ်ပါသည်။ သို့သော်လည်း တိုက်ပွဲများ နေ့စဉ် နှင့်အမျှ ဖြစ်လာ ရာမှ တဖြည်းဖြည်း များလာသည့် အတွက် ဆရာ ဆွမ်လွတ်ဂမ်က ယခု ကဲ့သို့ ထုတ်ဖော် ပြောကြား လိုက်ခြင်း ဖြစ်သည်။
ဤတိုက်ပွဲ ပြသနာကို ဖြေရှင်းရန် KIO သည် ဇူလိုင်လ(၂၃) ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် လုပ်ငန်း အထောက် အကူပြု အလုပ်အဖွဲ့ ရုံးကို စတင် ဖွင့်လှစ် ခဲ့ပါသည်။ သို့သော်လည်း ထိုနေ့၌ပင် ရှမ်းပြည် မြောက်ပိုင်းရှိ ကချင် KIA တပ်မဟာ (၄) တပ်ရင်း(၈) နယ်မြေတွင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။
လုပ်ငန်း အထောက်အကူပြု အဖွဲ့ ဖွဲ့စည်းရေး သဘော တူညီချက်သည် ပြီးခဲ့သည့် မေလ ကုန်တွင် မြစ်ကြီးနား တွေ့ဆုံ ပွဲ၏ သဘော တူညီချက် (၇) ချက်အနက် (၆) ချက်မြောက် သဘော တူညီချက် ဖြစ်ပါသည်။
လက်ရှိ KIO ဆက်ဆံရေး ရုံးဟောင်း၌ ဖွင့်ထားသည့် လုပ်ငန်းအထောက်အကူပြု အဖွဲ့တွင် KIO အမြဲတမ်း ကိုယ်စားလှယ် (၁၂) ဦး ရှိပါသည်။ ဤအဖွဲ့မှ KIO လျာထားသည့် ပြည်သူလူထု၊ ပြည်တွင်း ပညာရှင်များနှင့် နိုင်ငံတကာ ပညာရှင်များ ကိုယ်စားလှယ် (၁၅) ဦး ပါဝင်သည့် လုပ်ငန်း အထောက် အကူပြု အဖွဲ့ကို ဖွဲ့စည်း နိုင်ရန် ကြိုးပမ်း နေပါသည်။
“အကောင်ဆုံး ဖြစ်အောင်ကျွန်တော်တို့ KIO ဘက်က (Technical Team) အဖွဲ့ ဖွဲ့နိုင်ဖို့ အချိန်ယူ ကြိုးစား ခဲ့တာဘဲ။အခု အောင်မြင်မှု ရရှိ ခါနီးပြီ ဖြစ်တယ်။ သြဂုတ် လဆန်း ပိုင်းလောက်မှာ ကိုယ်စားလှယ် အားလုံး ပါဝင်နိုင်တဲ့ နည်းပညာ အထောက် အကူပြု အဖွဲ့ကို ဖွဲ့စည်း နိုင်ဖို့ မှန်းထားတယ်” ဟု ဆရာ ဆွမ်လွတ်ဂမ် က ဆိုပါသည်။
KIO ဘက်က အားလုံး ပါဝင်သည့် (Technical Team) အဖွဲ့ ဖွဲ့စည်း နိုင်ရေးမှာ သတ်မှတ်ထားသော အရည်အချင်းများ အပြည့် အဝ ရရှိရေး အတွက် ဆောင်ရွက် နေရ၍ အချိန် ကြန့်ကြာ နေသည်ဟု ၄င်းမှ ရှင်းပြသည်။
ထိုသို့ ဖွဲ့စည်း နိုင်ရေး အတွက် နည်းပညာ အထောက်အကူပြု ရုံးဖွင့်ပြီး နောက်ပိုင်း ကချင် ပြည်သူများနှင့်၂ ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ ခဲ့ပြီး ဖြစ်သော်လည်း ယနေ့တိုင် ဖွဲ့စည်း နိုင်သေးခြင်း မရှိသေးပေ။
KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွား နေသော တိုက်ပွဲများ လျှော့ချရေး အတွက် တရားဝင် (၉) ကြိမ်နှင့် အလွတ်သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း တိုက်ပွဲ များသည် ယနေ့ အထိ ရှိနေ ဆဲပင် ဖြစ်ပါသည်။
KIO/KIA သည် ၁၉၉၄ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူ ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြသည်။